backup og meta

အိပ်ရေးဝရင် ပိုလှတယ်တဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးဝရင် ပိုလှတယ်တဲ့

    တကယ်လို့များ သင်က အလှအပကို စိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုပါစို့။ အိပ်စက်ခြင်းဟာ သင့်ရဲ့ အလှတရားကို အထောက်အကူပြုစေမယ့် အကောင်းဆုံးလက်နက်ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ်။ အိပ်ရေးဝရင် ပိုလှတယ်တဲ့ ဆိုတာ အလကားမှမဟုတ်တာ။

    လူတစ်ယောက်ဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီ ပတ်ဝန်းကျင်လောက် ပုံမှန် အိပ်စက်ပေးမယ်ဆိုရင် အသားအရေ လှပနုပျိုမှုကို အများကြီး အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ပုံမှန်အိပ်စက်ပေးမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်အတွင်း မိမိရဲ့ရုပ်ရည်ဟာ ပိုမိုကြည့်ကောင်းလာနိုင်တယ်လို့ သိပ္ပံဆိုင်ရာ လေ့လာချက်တွေက ဆိုထားကြပါတယ်။

    လူ့ခန္ဓာကိုယ်ဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ်မှာ ရုပ်ခန္ဓာကြီးရဲ့ ယိုယွင်းနေမှုတွေကို ပြန်လည်ပြင်ဆင်ပေးနေမှာဖြစ်တာကြောင့်ပါ။ တစ်နေ့ကို အိပ်ချိန် ပျမ်းမျှ ၆ နာရီထက် နည်းပါးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။

    အိပ်ရေးဝရင် ပိုလှတယ်တဲ့

    လုံလောက်စွာ အိပ်စက်ရင် သင့်ရဲ့ အလှအပကို ပံ့ပိုးနိုင်တယ်ဆိုတော့ ဘာတွေ ဘယ်လို အကျိုးရှိစေမှာလဲဆိုတာကို ကြည့်ရအောင်။

  • အရေးကြောင်းတွေကို လျှော့ချနိုင်မယ်
  • အရေပြားဟာ အိပ်စက်နေချိန်မှာ ကော်လာဂျင်အသစ်တွေကို ဖန်တီးပေးလေ့ရှိပါတယ်။ ဒါကြောင့် အိပ်စက်ချိန် လုံလုံလောက်လောက်ရှိမယ်ဆိုရင် သင့်ရဲ့ မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာတာနည်းပါးအောင် တားဆီးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့တာလည်း နည်းသွားမှာပါ။

  • အသားအရေ ကြည်လင်တောက်ပလာမယ်
  • အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်အတွင်းကနေ အရေပြားဆီကို သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန် တည်ငြိမ်နေမှာဖြစ်တာမို့ သင်နိုးထလာချိန်မှာ ကိုယ်ခန္ဓာသာမက အရေပြားဟာလည်း ကျန်းမာလန်းဆန်းနေမှာဖြစ်ပါတယ်။

    ဒါကြောင့် သင့်ရဲ့ အသားအရေဟာ ကြည်လင်တောက်ပနေမှာဖြစ်ပြီးတော့ မွဲခြောက်တာမျိုး၊ ဖြူဖတ်ဖြူရော်ဖြစ်တာမျိုးနဲ့ အိုမင်းရင့်ရော်နေတာမျိုးတွေ ကင်းစင်နေမှာဖြစ်ပါတယ်။

    • မျက်ကွင်းမညိုဘူး၊ မျက်လုံးလည်း တင်းဖောင်းမနေဘူး

    အိပ်ရေးမဝတဲ့အခါ လူတွေဟာ မျက်ကွင်းညိုတာတွေ မျက်လုံးနီရဲနေတာတွေနဲ့ မျက်လုံးတင်းဖောင်းနေတာတွေဖြစ်တတ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ထားသူတစ်ယောက်မှာ ဒီလိုဖြစ်ဖို့ အလားအလာမရှိပါဘူး။

    • ကျန်းမာ သန်စွမ်းတဲ့ ဆံကေသာမျိုးပိုင်ဆိုင်မယ်

    ဆံပင်အကျွတ်များတာ၊ မသန်တာ၊ ပျက်စီးလွယ်တာနဲ့ ကျဲပါးတာတွေဟာ အိပ်ရေးပျက်ခြင်းနဲ့ သက်ဆိုင်မှုရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဦးရေပြားပေါ်က မွေးညှင်းပေါက်တွေဟာ အရေပြားပေါ် သွေးလည်ပတ်စီးဆင်းမှုကနေတဆင့် အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေနဲ့ ဗီတာမင်ဓာတ်တွေက ရရှိတာဖြစ်ပါတယ်။

    လူတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုများနေချိန်တွေ၊ ကောင်းမွန်စွာ အနားယူ အိပ်စက်ရခြင်းမရှိတာမျိုးတွေရှိနေရင် ဦးခေါင်းထက်က ဦးရေပြားဆီကို အဆိုပါ ဓာတ်တွေရောက်တဲ့ ပမာဏနည်းပါးမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပေးမှ ဆံကေသာလည်း လှပမှာဖြစ်ပါတယ်။

    အနားယူ အိပ်စက်နေချိန်တွေမှာ လူ့အရေပြားဟာ တစ်နေကုန်ရင်ဆိုင်လာရတဲ့ မကောင်းတဲ့ ဓာတ်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းလေ့ရှိပါတယ်။ နေရောင်ကြောင့် ကပ်ငြိလာတဲ့ ခရမ်းလွန်ရောင်ခြည်မျိုးနဲ့ ပတ်ဝန်းကျင်က ကပ်ညိလာတဲ့ မကောင်းတဲ့ မော်လီကျူးတွေကို ဖယ်ရှားတာဖြစ်ပါတယ်။

    ဒီအချိန်မှာ သွေးလည်ပတ်စီးဆင်းမှုကလည်း တည်ငြိမ်ကောင်းမွန်နေတာမို့ အဆိုပါဓာတ်တွေကို ဖယ်ရှားရာမှာ အထောက်အကူဖြစ်ပါတယ်။ လူတွေဟာ အိပ်စက်နေချိန်မှာ ရေဓာတ်ပိုမိုဆုံးရှုံးနိုင်တာမို့ မအိပ်ခင်မှာ ရေများများသောက်ပေးတာမျိုး၊ Moisturizer လိမ်းပေးတာရင် အသားအရေလှပဖို့ ပိုမိုအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    အသားအရေလှဖို့ ကောင်းမွန်စွာ အိပ်စက်တာက အထူးကို အရေးပါလှကြောင်း အထက်မှာပြောခဲ့သလို အကျိုးကျေးဇူးတွေကိုလည်း ပြောခဲ့ပါတယ်။ ကောင်းပြီ ဘယ်လိုကောင်းမွန်စွာ အိပ်စက်မလဲ။ ဒါကလည်း အရေးကြီးပါတယ်။ အေးအေးချမ်းချမ်း ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်မှ လှလာမှာမဟုတ်လား။

    ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်စေဖို့

  • ဗိုက်အင့်နေရင် အိပ်မပျော်နိုင်တာမို့လို့ အရမ်းနောက်ကျနေချိန်မျိုးမှာ အစားမစားပါနဲ့။ အထူးသဖြင့် အိပ်ရာ ဝင်ခါနီးမှာပေါ့။
  • ရေကို ပမာဏ မျှမျှတတနဲ့ တစ်နေကုန်သောက်သုံးပေးပါ။ ညရောက်မှ အများကြီးစုသောက်လိုက်တာမျိုးမလုပ်ပါနဲ့။
  • ဖြစ်နိုင်ရင် တိတ်ဆိတ်၊ အေးချမ်းပြီး၊ မှောင်တဲ့အခန်းထဲမှာ စောင်နွေးနွေးလေးခြုံပြီး အိပ်စက်အနားယူပါ။
  • အီလက်ထရွန်နစ် ပစ္စည်းတွေကို အိပ်ရာနဲ့ ဝေးဝေးမှာထားပါ။
  • အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နဲ့ စောင်တွေကို ပုံမှန် သန့်ရှင်းလျှော်ဖွတ်ပေးပါ။ ဒါမှ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နိုင်ခြင်းမရှိမှာပါ။ ဒါတွေကလည်း သင့်ရဲ့ အလှအပကို ထိခိုက်စေနိုင်ပါတယ်။
  • နောက်ဆုံးတစ်ခုကတော့ အိပ်စက်တာနဲ့ တိုက်ရိုက်တော့မဆိုင်ပါဘူး။ အိပ်ရာအသုံးအဆောင်တွေကို လျှော်တဲ့ ဖွတ်တဲ့နေရာမှာ အဝတ်လျှော် ဆပ်ပြာမှုန့်ဟာ အရေပြားကို ထိခိုက်စေနိုင်တာမို့ အလွန်အကျွံ အသုံးမပြုဖို့ သတိပေးချင်တာပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement