backup og meta

အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့

    တစ်နေကုန်သုံးလိုက်ရတဲ့ ဖုန်းဆိုတာ မနက်မိုးလင်းလို့ နာရီalarmထပိတ်ရာက စလို့ ညမိုးချုပ် အိပ်တဲ့အထိပါပဲ။

    နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလက်တစ်ဖဝါးစာ ဖုန်းလေးတစ်ခုရှိရုံနဲ့ အကုန်လုပ်လို့ရနေတာကြောင့် လက်က မချနိုင် ဖြစ်နေတာကိုလည်း အပြစ်မဆိုသာပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ညအိပ်ချိန်ထဲကနေပါ ဖဲ့ပြီး ပေးနေရပြီဆိုရင်တော့ ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။

    ဒီတစ်ပိုင်း ပြီးရင် ဆက်မကြည့်ဘူးလို့ ပြောပြီး မိုးလင်းသွားတဲ့ နေ့တွေ၊ ခဏလောက်သုံးပြီးရင် အိပ်တော့မယ်ဆိုပြီး နာရီပေါင်း များစွာကြာသွားတာတွေက သူသူကိုယ်ကိုယ်ပါပဲ။ ဒီတော့ မိုးလင်းရင် ဒီအကျိုးဆက်ကို ကောင်းကောင်းကြီး ခံစားရတော့တာပါပဲ။ ဒီတော့ ပြောချင်တာက အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့ ဂရုစိုက်ဖို့ပါ။

    အိပ်ရာထဲမှာ ဖုန်းသုံးတဲ့အခါ

    ညဘက် မအိပ်ဘဲ ဖုန်းသုံးတဲ့အခါ

    ဖုန်းက ထွက်တဲ့ အလင်းရောင်က အိပ်စက်ခြင်း ဟော်မုန်း မယ်လတိုနင် မထွက်အောင် တားဆီးပေးတာကြောင့် တော်ရုံ မအိပ်ချင်တော့ပါဘူး။ မအိပ်ချင်တော့ ဖုန်းကို ဆက်သုံးမိတာပေါ့။

    မျက်လုံးတွေ ကျိန်းစပ်နေတာတောင် ဇွဲကောင်းကောင်းနဲ့ ဆက်သုံးနေကြတဲ့ သူတွေ ရှိတယ်ဟုတ်။ အကျိုးဆက်ကတော့ မနက်နိုးလာရင်တောင် မျက်လုံးတွေ ကောင်းကောင်း မဖွင့်နိုင်ဘဲ မျက်ရိုးတွေ ကိုက်နေတာပါပဲ။

    • အသားအရေတွေ ပျက်စီးလာတယ်။

    အိပ်ရေးပျက်လို့ ပျက်စီးတာက တစ်မျိုး၊ ဖုန်းက ထွက်တဲ့ အလင်းရောင်တွေကြောင့် အသားအရေတွေ အရွယ်မတိုင်ခင် ပျက်စီးပြီး အရေးကြောင်းတွေ ထွက်လာနိုင်ပါတယ်။ မျက်ကွင်းညိုတာက အစစ်ပေါ့။

    • စိတ်မကြည်တော့ဘူး။

    ညက အိပ်ရေးမှ မဝတာ။ မနက်လည်း ရုံးသွားရမှာမို့လို့သာ ထလိုက်တာ အိပ်ရေးက မဝပါဘူး။ အိပ်ရေးက မဝတော့ စိတ်ကမကြည်၊ အာရုံလည်းမရ၊ အိပ်တွေလည်း ငိုက်နဲ့ နေ့စဉ် အလုပ်တွေပါ ထိခိုက်လာနိုင်ပါတယ်။

    ဒါကတော့ ညဘက်ဖုန်းသုံးပြီး ဖြစ်လာတဲ့ ဆိုးကျိုးတွေပေါ့။ တစ်နေကုန်သုံးတဲ့သူဆို ဇက်ကြောတက်တာ၊ တခြား ဖုန်းစွဲတဲ့ ဒဏ်ကိုပါ ခံစားရတာပါ။

    အိပ်ရာထဲမှာ ဖုန်းမသုံးမိစေဖို့ ဘယ်လိုလုပ်မလဲ။

    လုံးဝ မသုံးဘဲ နေနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် တချို့က ဖုန်းလက်ထဲမှာ မရှိတာနဲ့ စိတ်ထဲမှာ တစ်ခုခုလိုနေသလို၊ ဖုန်းတွေဝင်လာ၊ မက်ဆေ့တွေ ဝင်လာရင် သူမသိလိုက်ဘဲ ဖြစ်မှာစိုးတာ စတာတွေ ခံစားရတတ်ပါတယ်။ Mental insecurity တစ်မျိုးပေါ့။ ဒါကြောင့် လုံးဝမဟုတ်တောင် တဖြည်းဖြည်းချင်း လျှော့ချနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

    • နည်းနည်းစီလျှော့ပါ။

    ဒီနေ့ညတော့ ဖုန်းသုံးမိလို့ မနက် ၄နာရီထိုးသွားတယ်ဆိုရင် နောက်နေ့တွေ ၄နာရီ မဖြစ်ပါစေနဲ့။ ၃နာရီခွဲ ၃နာရီလောက်ထိပဲ ကိုယ့်ကိုယ်ကို အလိုလိုက်ပါ။ နေ့တိုင်း အိပ်တဲ့အချိန်ကို ရှေ့တိုးတိုးသွားပါ။

    • ဇာတ်လမ်းတွေ လျှော့ပါ။

    အိပ်ခါနီးရင် အပိုင်းဆက် ဇာတ်လမ်းတွဲတွေကို မကြည့်ပါနဲ့။ တစ်ပိုင်း တစ်ပိုင်းနဲ့ ဇာတ်သိမ်းပိုင်း ဖြစ်သွားတတ်ပါတယ်။ ဒီလိုပဲ movieတွေ ကြည့်မယ်၊ gameတွေ ဆော့မယ်ဆိုလည်း စောစောစီးစီး လက်စသတ်ပါ။

    • ဖုန်းကို အိပ်ရာနဲ့ ဝေးဝေးထားပါ။

    စစချင်းမှာ ဖုန်းသုံးတာရပ်လိုက်ပြီဆိုရင် ခဏနေ စိတ်မခိုင်ဘဲ ပြန်ပြီး သုံးချင်လာပါတယ်။ ဒီတော့ ပြန်ယူ ပြန်သုံး ပြန်ထားနဲ့ ဘာမှ မထူးပါဘူး။ ဒါကြောင့် ဖုန်းကို လက်တစ်ကမ်းအကွာမှာ မထားဘဲ ဝေးဝေးမှာ ထားလိုက်ပါ။ ပြန်ထပြီး ယူရမှာ ပျင်းလောက်တဲ့ နေရာပေါ့။

    • အလုပ်တွေကို စောစော ဖြတ်ထားပါ။

    အိပ်ရာထဲရောက်ခါမှ မေးလ်စစ်ရဦးမယ်တို့၊ မက်ဆေ့reply ပြန်ရမယ်တို့ မလုပ်ပါနဲ့။ မအိပ်ခင်ကတည်းက ကြိုလုပ်ထားပါ။

    • ဖုန်းနဲ့ alarmမပေးပါနဲ့။

    ဖုန်းတွေ မရှိခင်က ခေတ်ကို ပြန်သွားရအောင်။ အရင်တုန်းကဆို မနက်မိုးလင်းရင် တတီတီမြည်တဲ့ နာရီလေးကိုပဲ ထထပိတ်ကြတယ်မလား။ ခုလည်း ဒီလိုလုပ်ရအောင်ပါ။ Alarm ကို အကြောင်းပြပြီး ဖုန်းကို အိပ်ရာထဲ ယူမထားပါနဲ့တော့။

    • ဖုန်းအစားထိုး ပစ္စည်းတွေ သုံးပါ။

    အိပ်ခါနီးရင် ဖုန်းသုံးမယ့်အစား စာအုပ်ဖတ်တာမျိုး၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုး၊ တရားထိုင်တာမျိုး လုပ်ကြည့်ပါ။ ဖုန်းထဲက တီးလုံးသံတွေနဲ့မှ အိပ်ပျော်တယ်ဆိုရင်လည်း အိပ်ရာနဲ့ ဝေးဝေးမှာ ထားဖွင့်ပါ။ မီးမှိတ်ထားတာကလည်း မြန်မြန်အိပ်ပျော်စေပါတယ်။

    • စိတ်ပိုင်းဖြတ်ထားပါ။

    ခုပြောခဲ့သမျှတွေထဲမှာ အရေးကြီးဆုံးပါပဲ။ ငါလုပ်နိုင်တယ်။ ဖုန်းမရှိလည်း ငါအိပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုး မွေးပါ။ ဒီလို ညတိုင်း မိုးချုပ်တဲ့အထိ ဖုန်းသုံးတာ ငါ့ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ ဒီအကျင့်ဆိုးကို ဖြတ်ပစ်မယ်ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချထားပါ။

    ဒါဆိုရင်တော့ ချက်ချင်း မဟုတ်တောင် တစ်လလောက်နေရင် သိသာလာမှာပါ။ တစ်လလောက်နေလို့ ဖုန်းမသုံးဘဲ ညဘက်ကောင်းကောင်း အိပ်ပျော်ပြီး အိပ်ရေးဝတာကြောင့် နေလို့ထိုင်လို့ ကောင်းလာတာကို သိလာရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 25/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement