backup og meta

ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကျင့်က ကျန်းမာရေးအတွက်မကောင်းဘူးနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကျင့်က ကျန်းမာရေးအတွက်မကောင်းဘူးနော်

    ဒီဘက်ခေတ်မှာ လူငယ်တိုင်းလိုလို မိုဘိုင်းလ်ဖုန်း ကိုယ်စီသုံးစွဲနေနိုင်ပါပြီ။ ဘယ်သွားသွား လူတွေကို ကြည့်လိုက်ရင် ဖုန်းတစ်လုံး ကိုယ်စီနဲ့ အလုပ်တွေ ရှုပ်နေတတ်ကြတာ သတိထားမိမှာပါ။ ဖုန်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေ၊ မကောင်းတဲ့အချက်တွေကို လူမှုရေးရှုထောင့်ကနေရော ကျန်းမာရေးရှုထောင့်ကနေပါ ပြောခဲ့ပြီးပြီဆိုတော့ ဒီနေ့ဆောင်းပါးမှာ ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်တဲ့အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။

    ဖုန်းကို အိပ်ရာဘေးထားပြီး အိပ်သင့်လား။

    အရှင်းဆုံးအဖြေကို ပြောပါဆိုရင် မအိပ်သင့်ပါဘူး။ ဖုန်းကို ကိုယ့်အိပ်ရာဘေးထားပြီး အိပ်တာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အင်္ကျီ၊ ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားတာမျိုးက အစပိုင်းမှာ ဘာမှမဖြစ်ဘူးလို့ ထင်ရပေမယ့် ရေရှည်မှာတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဘာတွေ ဒုက္ခပေးနိုင်လဲဆိုရင်

    • ဖုန်းရဲ့ တာဝန်က အင်တာနက်အတွက်သာမက အဝင်ဖုန်း၊ အထွက်ဖုန်းတွေကိုပါ လက်ခံပေးပါတယ်။ ဒီအတွက် ဖုန်းကနေ ရေဒီယိုလျှပ်စစ်လှိုင်းတွေ အမြဲထွက်နေတတ်ပါတယ်။ ဒီတော့ အိပ်ရာဘေး ဖုန်းထားအိပ်တဲ့အခါ ဒီဖုန်းကနေ ထွက်လာတဲ့ လျှပ်စစ်လှိုင်းတွေက ကျွန်တော်တို့ရဲ့ ဦးခေါင်းကို အဓိက ဖြတ်ကျော်သွားပါတယ်။ ဒီအခါ ဦးနှောက်အာရုံကြောတွေကို နိုးကြားနေအောင် လှုံ့ဆော်ပေးသလို ဖြစ်တဲ့အတွက် လူက အိပ်နေရင်တောင် ကောင်းကောင်းအိပ်မပျော်နိုင်ဘဲ နိုးလိုက်၊ အိပ်ပျော်လိုက် ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဟော်မုန်းတွေရဲ့ ထုတ်လုပ်နှုန်းကိုလည်း ကမောက်ကမဖြစ်စေပါတယ်။
    • ဒါကတော့ လူငယ်တိုင်းနီးပါးမှာ ဖြစ်တဲ့ ပြဿနာပါ။ အိပ်ရာဝင်မယ်ဆိုပြီး ဖုန်းကို ဘေးထားပြီး အိပ်လိုက်တယ်။ ဒါပေမယ့် ဖုန်းထဲမှာ စိတ်ရောက်နေတဲ့အခါ အိပ်ချင်နေပေမယ့် ဖုန်းသုံးချင်စိတ်က ပိုများနေတတ်တာ သတိထားမိမှာပါ။ အဲ့တော့ ဘေးနားမှာ ရှိနေတဲ့ဖုန်းကို အလွယ်တကူ ယူပြီး ပွတ်တော့တာပေါ့။ ဒါတွေက ကိုယ့်ရဲ့ ညအိပ်ချိန်ကို နည်းသွားစေနိုင်တဲ့အပြင် နောက်ပိုင်းမှာလည်း ကောင်းစွာအိပ်ပျော်နိုင်စွမ်းကို ဒုက္ခပေးနိုင်ပါတယ်။
    • ဖုန်းကို ညအမှောင်ထဲမှာ အသုံးပြုတဲ့အခါ ဖုန်းကလာတဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်လုံးထဲကို အကာအကွယ်မဲ့စွာ ဝင်ရောက်လာပါတယ်။ ဒီအခါ မျက်စိအာရုံကို ထိခိုက်စေပြီး မျက်စိမှုန်လာတယ်။ နောက်တစ်ချက်က ဖုန်းပိတ်ပြီး မျက်စိအိပ်လိုက်ရင်တောင် ဒီအလင်းလှိုင်းတွေက မျက်စိထဲမှာ ကျန်နေတော့ ဘယ်လိုလုပ် ကောင်းကောင်း အိပ်ပျော်နိုင်ပါတော့မလဲ။ အိပ်ချိန်နည်းလာတာ၊ အိပ်ချိန်မမှန်လာတာနဲ့အမျှ ကိုယ်ခံအားစနစ်က ကျဆင်းပြီး ရောဂါတွေ တစ်မျိုးပြီး တစ်မျိုး ဝင်လာဖို့ ပိုလွယ်သွားတာပေါ့။
    • ဒါ့အပြင် အိပ်ချိန်ပြည့်ရသားနဲ့ အိပ်ရေးမဝတဲ့သူတွေ၊ မနက်အိပ်ရာထလို့ ခေါင်းကိုက်နေတတ်သူတွေ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲနေတတ်သူတွေဟာ ဖုန်းကို အနားထားပြီး အိပ်တတ်တယ်လို့လည်း တွေ့ရှိရပါတယ်။
    • ကလေးတွေအတွက်လည်း ဖုန်းအနားထားအိပ်တဲ့ အကျင့်က ကျန်းမာရေးကို တော်တော်ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ဦးခေါင်းခွံက လူကြီးတွေထက် ပိုပါးတာကြောင့်ပါပဲ။ ဒီတော့ လူကြီးတွေမှာ ဖြစ်တဲ့ပြဿနာတွေက ကလေးတွေမှာ ပိုပြီးတောင် ဖြစ်ဖို့ လွယ်နိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်နဲ့ စာမှတ်နိုင်စွမ်းကျဆင်းစေပြီး လေးလံထိုင်းမှိုင်းစေနိုင်ပါတယ်။ အားမရှိဘဲ နုံးချိနေတတ်ပြီး ကျန်းမာရေးလည်း ပိုချူချာနိုင်ပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ကိုယ့်အိပ်ရာဘေးနား ဖုန်းထားအိပ်တဲ့အကျင့်ကို ခုကတည်းက ဖျောက်ထားပါ။ ကိုယ့်အခန်းနဲ့ ကိုယ်အိပ်တတ်တယ်ဆိုရင် အိပ်ခန်းထဲ မဝင်ခင် ဖုန်းတွေအကုန်လုံးကို စက်ပိတ်ပြီး အခန်းအပြင်မှာ ထားခဲ့လိုက်ပါ။

    အကယ်လို့ ကိုယ်က ဖုန်းအနားမှာယူထားမှ ဖြစ်မယ်ဆိုရင်လည်း ဖုန်းကို စက်ပိတ်ထားပါ သို့မဟုတ် Airplane mode ဖွင့်ထားလိုက်ပါ။ ဒီလိုလုပ်ထားခြင်းက ဖုန်းကနေ လျှပ်စစ်လှိုင်းတွေ ထွက်မလာအောင် ရပ်တန့်လိုက်တာနဲ့ အတူတူပါပဲ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝလေး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement