backup og meta

အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းများ

    လူရယ်လို့ ဖြစ်လာပြီဆိုရင် လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုသလို ဆင်လည်းဆင့်အထွာ၊ မြင်းလည်း မြင်းအထွာ ရုန်းရကန်ရ လှုပ်ရှားရပါတယ်။ ပညာရှာသူဆိုလည်း ကျောင်းစာတွေ၊ စာမေးပွဲတွေကြောင့်ပူရ၊ စီးပွားရှာသူဆိုလည်း တွက်ရချက်ရ၊ တွေးရတောရ၊ ကြင်ယာရှာသူဆိုလည်း အချစ်စိတ်တွေတက်ရ၊ လွမ်းရဆွေးရနဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို ခံစားရတတ်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ အများကြီးထဲမှာမှ ဒီစိတ်ဖိစီးမှုဆိုတဲ့အချက်ဟာ ထိပ်ဆုံးမှာ ပြိုင်ဖက်မရှိ ရပ်တည်နေပါတယ်။

    ဒါကြောင့် အရွယ်သုံးပါးမရွေး တချိန်ချိန်မှာ ခံစားရလာနိုင်တဲ့ အိပ်မပျော်ခြင်းဝေဒနာကို ကုစားသက်သာပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ အိပ်ရာထဲမှာပဲ ပေကပ်မနေပါနဲ့။

    သန်းခေါင်ယံညနက် ကျော်လွန်လာချိန်ထိ အိပ်လို့ရယ်မှ မပျော်နိုင်သေးဘဲ တလူးလူးတလွန့်လွန့်နဲ့ ဖြစ်နေပါသလား။ အိပ်ယာဝင်ပြီး နာရီဝက်၊ တစ်နာရီကြာပြီးတဲ့အထိ မကျိန်းစက်နိုင်သေးဘူးလား။ ဒါဆိုရင် အိပ်ရာထဲမှာပဲ ငြူစူငုတ်တုတ်ကြီး ထိုင်မနေ၊အိပ်မနေပါနဲ့တော့။ အိပ်ရာထဲက ခဏထပြီး စာအုပ်ဖတ်တာပဲဖြစ်ဖြစ်၊ သာယာငြိမ့်ညောင်းတဲ့ တေးသွားလေးကို နားထောင်တာမျိုးပဲဖြစ်ဖြစ် လုပ်လိုက်ပါ(ကိုလေးဖြူတို့၊Slipknot တို့တော့ သွားနားမထောင်နဲ့ပေါ့နော်)။ ဒါဆိုရင် သင့်အနေနဲ့ သိပ်မကြာခင်မှာပဲ ငိုက်မျဉ်းလာပြီး အိပ်ရာထဲ တစ်ခါပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

    ၂။ အိပ်ပျော်အောင် အကျင့်လုပ်ပေးပါ။

    အိပ်စက်ရမယ့်အချိန်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တောင့်သက်သာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် သင့်ခန္ဓာကိုယ်ကို လေ့ကျင့်ပေးပါ။ အကျင့်လုပ်ပေးပါ။ ဒါပေမယ့် လုပ်တစ်ချက်၊ မလုပ်တစ်ချက်တော့ သွားမလုပ်ဘဲနဲ့ မှန်မှန်တော့ လုပ်ပေးရမယ်နော်။ အိပ်ရာမဝင်ခင် နာရီဝက်၊ တစ်နာရီလောက် စာဖတ်တာ ဒါမှမဟုတ် ရေနွေးစိမ်ပေးတာတွေကို ပုံမှန်လေး ပြုလုပ်ပေးနိုင်ပါတယ်။ တရားထိုင်တာကလည်း သင့်စိတ်ကိုတည်ငြိမ်ပြီး အိပ်ပျော်သွားအောင် ကူညီပေးနိုင်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ ဗီဇလက္ခဏာတွေက ကွက်တိမတူညီတာမို့ ကိုယ်နဲ့လိုက်ဖက်မယ့် နည်းလမ်းကို ရွေးချယ်စမ်းသပ်အသုံးပြုကြည့်ဖို့တော့ လိုပါတယ်။ ဒီလိုမျိုး လိုက်ဖက်သင့်တော်တဲ့ နည်းလမ်းတွေကို သိရှိပြီဆိုတာနဲ့ ညစဉ်ညတိုင်း မပျက်မကွက် ပုံမှန်သာ လုပ်ဆောင်သွားပါ။ အဆင်ပြေဟန်ကျသွားပါလိမ့်မယ်။

    ၃။ အိပ်ခါနီးအချိန်မှာ အရက်သေစာတွေကို မသုံးစွဲပါနဲ့။

    မူးမူးနဲ့ ပိုအိပ်ပျော်မယ်လို့ သင်တွေးထားရင်တော့ လုံးလုံးကြီးရော၊ ပြားပြားကြီးပါ မှားပါပြီ။ အရက်သေစာတွေဟာ သင့်ကို နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်စေတဲ့အတွက် ကောင်းကောင်းအိပ်ပျော်စေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မနက်ကိုလည်း အစောကြီးနိုးနေစေတဲ့အတွက် သင့်အနေနဲ့ လန်းဆန်းတက်ကြွမှုကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မအိပ်ခင် ၂-၃ နာရီအတွင်းမှာ အရက်သေစာ (ကော့တေးလို ဟာမျိုးတွေအပါအဝင်ပေါ့)သောက်စားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အိပ်ပျော်ချင်တဲ့လူ မှန်ရင်ပေါ့။

    ၄။ အိပ်ခါနီးအချိန်မှာ ဖုန်းသုံးတာ၊တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။

    ဒီပစ္စည်းတွေက ထွက်တဲ့ အလင်းဟာ အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်တာမို့ အိပ်ယာပေါ်မှာ စောင်လေးခြုံ၊ ဖုန်းလေးပွတ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

    ၅။ နာရီကို ခဏခဏ ကြည့်မနေပါနဲ့။

    ရုတ်တရက် စဉ်းစားရင် ဒီအချက်ဟာ ကလေးဆန်တယ် ထင်ရပေမယ့် သင့်စိတ်ထဲမှာ ဟာ..ငါအိပ်ဖို့ ဘယ်နှနာရီပဲ လိုတော့တယ်၊ဒုက္ခပါပဲ။ အိပ်မပျော်သေးဘူး… မနက်တော့ ရုံးမှာငိုက်ပါပြီ စသဖြင့် စိတ်ထဲမှာ ကယောင်ကတမ်းနဲ့ ထွေလီကာလီတွေးလိုက်၊နာရီကြည့်လိုက်လုပ်နေရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် နာရီကို တငင်ငင်နဲ့ ကြည့်မနေဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ပါ။

    ၆။ အထွေထွေ

    • မထူလွန်း၊မပါးလွန်းဘဲ သင့်အတွက် သက်တောင့်သက်သာအရှိဆုံး ခေါင်းအုံးကို ရွေးချယ်ပါ။ မဟုတ်ရင် ကောင်းကောင်းအိပ်မပျော်မယ့်အပြင် ဇက်ကြီးနာပြီးတော့ပါ နိုးလာပါလိမ့်မယ်။
    • အိပ်ယာဟာ ကိုယ်စိတ်နှစ်ပါး ဖြေလျှော့ပြီး အိပ်ဖို့ပဲ ဖြစ်သင့်ပါတယ်။ ဒါကြောင့် အိပ်ယာပေါ်မှာ လက်တော့ပ်လေးနဲ့ အလုပ်လုပ်တာမျိုး၊ အင်တာနက်သုံးတာမျိုးကို ရှောင်ပါ။
    • အအိပ်အနေ မှန်ပါစေ။ ရုံးဖွင့်ရက်သာမက ရုံးပိတ်ရက်တွေမှာလည်း အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို တသမတ်တည်း ရှိနေစေခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ကွက်တိမှန်ကန်နေပါစေ။ ဒါဟာလည်း ကောင်းကောင်းအိပ်ပျော်ဖို့အတွက် လက်နက်တခုပါ။
    • အိပ်ပျော်ဖို့ ကဖင်းဓာတ်ပါတဲ့ ကော်ဖီကို ရှောင်ရမှာတော့ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကော်ဖီသာမက အခြားသော ချောကလက်တွေ၊ အစားအစာတွေနဲ့ ဆေးဝါးတွေမှာလည်း ကဖင်းဓာတ် ပါဝင်နိုင်သေးတာမို့ အဆိုပါ ဆေးဝါးနဲ့ အစားအစာတွေကို သတိထားပြီး သုံးစွဲတာမျိုး၊ ရှောင်ကြဉ်တာမျိုးကို ပြုလုပ်သင့်ပါတယ်။
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းကို အိပ်ချိန်နဲ့ အရမ်းကြီးနီးကပ်မနေပါစေနဲ့(၃-၄ နာရီလောက် ခွာပါ)။
    • အိပ်ခါနီး ဗိုက်ဆာသဟေ့ဆိုပြီး တနင့်တပိုး မစားပါနဲ့။

    အိပ်စက်ခြင်းဟာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ အိပ်မပျော်ခြင်းဟာ သင့်ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ အိပ်ရာထက်က စွမ်းဆောင်ရည်တွေကို ကျဆင်းစေတဲ့အပြင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထိခိုက်မတော်တဆမှုများကို ဖြစ်ပွားစေခြင်း၊ မလိုလားအပ်တဲ့ ရောဂါတွေကို ဖိတ်ခေါ်နေခြင်း စတဲ့အန္တရာယ်တွေကိုပါ လက်ယပ်ခေါ်နေတာမို့ အထက်မှာ ဖော်ပြခဲ့တဲ့ ဆောင်ရန်/ရှောင်ရန်တွေကို လိုက်နာခြင်းအားဖြင့် အိပ်မက်လှလှလေးတွေ မက်စေနိုင်မှာပါ။

    အားလုံးပဲ စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement