backup og meta

လူတစ်ယောက် သေကြောင်းကြံစည်ဖို့ ကြိုးစားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတစ်ယောက် သေကြောင်းကြံစည်ဖို့ ကြိုးစားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ

    တော်တော်များများကတော့ သေကြောင်းကြံစည်ခြင်း ကို မှားယွင်းတဲ့ အပြုအမူ၊ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ ရူးမိုက်မိုက်လုပ်ရပ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ စိတ်ညစ်စရာပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ မိဘဆွေမျိုး၊ အပေါင်းအသင်း၊ စိတ်နေသဘောထား၊ ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုအပေါ် ဘယ်လိုအမြင်နဲ့ ကြည့်လဲဆိုတာပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ ကိုယ်က ဒီလိုအခက်အခဲတွေ ကြုံလာရင် ကောင်းကောင်းဖြေရှင်းနိုင်ရင်တောင် တခြားသူက ကိုယ့်လိုမျိုးတွေးချင်မှ တွေးနိုင်မှာပါ။ မတွေးနိုင်ဘူးဆိုရင်လည်း အပြစ်တင်လို့ မရပါဘူး။

    ဘယ်လိုအရွယ်တွေ သေကြောင်းကြံစည်မှု အများဆုံးဖြစ်နေလဲ။

    အရင်တုန်းကနဲ့ ယှဉ်လိုက်ရင် ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်လူငယ် အရွယ်တွေမှာ သေကြောင်းကြံစည်မှု အများဆုံးဖြစ်လာတာကို တွေ့ရပါတယ်။ အလုပ်ခွင်ထဲ ရောက်နေပြီးသား အသက် ၂၀ မှ ၅၀ အတွင်း လူငယ်လူလတ်ပိုင်းတွေမှာလည်း အလုပ်ခွင်နဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ လူမှုရေးရာ ပြဿနာတွေကြောင့် သေကြောင်းကြံစည်တတ်ကြပါတယ်။

    သေကြောင်းကြံစည်တာ ရုတ်တရက် ဖြစ်တဲ့ကိစ္စလား။

    သေကြောင်းကြံစည်သူ အများစုဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာများစွာ ရရှိခဲ့တဲ့သူတွေချည်းပါပဲ။ ဘယ်သူကမှတော့ ပုံမှန်စိတ်အခြေအနေနဲ့ ရုတ်တရက် သေကြောင်းကြံစည်တာမျိုး မလုပ်ကြပါဘူး။ လူတိုင်းသည် အချိန်အတိုင်းအတာတစ်ခုအထိ စိတ်ဝေဒနာကို ခံစားကြရတယ်။

    ကိုယ်ခံစားနေရတာကိုလည်း ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကို အားပေးနှစ်သိမ့်ပေးနိုင်မယ်လို့ ထင်တဲ့သူတွေကို နှုတ်ကဖြစ်စေ၊ အမူအရာနဲ့ဖြစ်စေ၊ အပြုအမူတစ်ခုခုနဲ့ ဖြစ်စေ ဖော်ပြတတ်ပါတယ်။ နောက်ဆုံး လုံးဝစိတ်က ချုံးချုံးကျတော့သွားမှသာလျှင် နာကျင်မှုတွေကို ရပ်တန့်စေဖို့ ထွက်ပေါက်တစ်ခုအဖြစ် သေကြောင်းကြံစည်ခြင်းကို ရွေးချယ်လိုက်တာပါပဲ။

    သေကြောင်းကြံစည်ဖို့ ကြိုးစားနေကြောင်း ပြတဲ့လက္ခဏာတွေက ဘာတွေလဲ။

  • မျှော်လင့်ချက်မဲ့နေကြောင်း၊ တစ်ယောက်တည်း အထီးကျန်နေကြောင်း၊ ချောင်ပိတ်မိနေတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတဲ့အကြောင်းကို အမြဲလိုလို ပြောတတ်တာ
  • အသက်ဆက်ရှင်ဖို့ ဘာအကြောင်းပြချက်မှ မကျန်တော့ဘူးလို့ ပြောတာ
  • ကိုယ် တန်ဖိုးထားတဲ့ ပစ္စည်းတွေကို ကိုယ်ချစ်မြတ်နိုးတဲ့သူတွေဆီ ပေးပစ်တတ်တာ
  • အလွန်အကျူးအိပ်တာ သို့မဟုတ် အချိန်ခဏလေးပဲ အိပ်တာ
  • တွေ့ကရာအကုန်လျှောက်စားပြီး ကိုယ်အလေးချိန်တက်လာတာ သို့မဟုတ် ပုံမှန်စားနေကျ ကိုယ်ကြိုက်တဲ့ အစားအစာတွေကိုတောင် စားချင်စိတ်မရှိတော့ဘဲ ကြာလာတော့ ပိန်ချုံးလာတာ
  • လူတွေနဲ့ ရှောင်ဖယ်နေတတ်ပြီး အိမ်အခန်းလေးထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတာ
  • ဒေါသအရမ်းကြီးတာ၊ လက်စားချေလိုစိတ် ပြင်းထန်တာ
  • စိုးရိမ်ပူပန်တတ်တာ
  • တစ်ခုခုဆိုတာနဲ့ ထိုင်တွေးနေတတ်ပြီး စိတ်နဲ့ ကိုယ်နဲ့ လွတ်နေတတ်တာ
  • စိတ်ခံစားချက်အပြောင်းအလဲ အရမ်းမြန်လွန်းတာ
  • အရက်၊ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲဖို့ ကြိုးစားတာ
  • ဒီလိုလူမျိုးတွေကို ဘယ်လိုအားပေးကူညီမလဲ။

    ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုအခြေအနေမျိုး ခံစားနေရတဲ့ သူတွေ ဒုနဲ့ဒေးပါပဲ။ ကိုယ်တိုင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန် ဒီလိုစိတ်ခံစားချက်မျိုး ဖြစ်မလာနိုင်ဘူးဆိုတာ ဘယ်သူမှ ကျိန်းသေပြောလို့မရပါဘူး။ ဒီလိုလူတွေရဲ့ စိတ်ထဲမှာ အဓိကလိုအပ်တာ နှစ်သိမ့်အားပေးမှုတစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့စကားလေးတစ်ခွန်း၊ လုပ်ရပ်လေးတစ်ခုဟာ သူတို့အတွက် စိတ်ခွန်အားဖြစ်စေပြီး ဘဝကို အပြောင်းအလဲကြီးတစ်ခုပေးနိုင်ပါတယ်။

    • ကိုယ်ချစ်တဲ့သူတွေဆီမှာ စိတ်ခံစားချက်ပြဿနာတစ်ခုခုရှိလားဆိုတာ အမြဲတမ်းလေ့လာနေပါ။ စိတ်နေမကောင်းတဲ့သူ အများစုဟာ သူတို့ခံစားနေရတာကို ဖွင့်ဟမပြောတတ်ပါဘူး။ ဒါကြောင့် သူတို့ဆီမှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ တွေ့လာတဲ့အခါ “အဆင်ပြေလား၊ တစ်ခုခုဖြစ်နေလား၊ စိတ်ညစ်စရာရှိရင် ရင်ဖွင့်လို့ရတယ်” စသဖြင့် ပြောကြားပေးပါ။
    • သူများစိတ်ကို ငြိမ်အောင် မလုပ်ခင် ကိုယ့်စိတ်က တည်ငြိမ်နေအောင် အရင်ကြိုးစားပါ။
    • သူခံစားနေရတဲ့ ဝေဒနာ၊ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး မှားတယ်၊ မှန်တယ် ဝေဖန်မစောပါနဲ့။ စကားဖြတ်မပြောပါနဲ့။
    • ကိုယ့်မှာသာ ဒီလိုကိစ္စမျိုး ဖြစ်လာရင် ဘယ်လိုဖြေရှင်းဖို့ ကြိုးစားလိုက်မှာ၊ ဒါဆိုရင် ဘယ်လိုအဖြေရလဒ်တွေ ထွက်လာမှာလဲဆိုတာ သေချာ နားလည်အောင် ရှင်းပြပါ။
    • နွေးထွေးမှုတစ်ခုခု ပေးနိုင်အောင် ကြိုးစားပါ။ စိတ်အားနည်းသူတွေအတွက် သူတို့ခံစားနေရတဲ့ ဝေဒနာတွေ ဖြေချနိုင်ဖို့ရာ ပုခုံးတစ်ဖက်အဖြစ် ရှိနေပေးပါ။
    • သူတို့ခံစားနေရတဲ့ ပြဿနာတွေဟာ အသေးအဖွဲလေးတွေပါ၊ သူတို့ထက်အခြေအနေဆိုးတဲ့ သူတွေ လောကကြီးမှာ အများကြီးပါပဲဆိုတဲ့ စကားမျိုး လုံးဝမပြောပါနဲ့။ နာကျင်မှုဆိုတာ ညီမျှခြင်းချလို့လည်း မရသလို ဘယ်ဟာအလေးသာလဲလို့လည်း တွက်ချပြနေလို့ မဖြစ်ပါဘူး။
    • အကောင်းမြင်စိတ်မွေးပါလို့ မပြောပါနဲ့။ အရင်ဆုံး သူတို့စိတ်ကို တည်ငြိမ်အောင် လုပ်ပါ။ မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်ရှိတယ်ဆိုတာ ပြောပြပါ။ သူတို့စိတ်က ပုံမှန်အတိုင်းဖြစ်သွားတဲ့အခါ သူ့အလိုလို အကောင်းမြင်တတ်လာပါလိမ့်မယ်။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement