backup og meta

ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖိစီးနေတဲ့စိတ်ကို ၅ မိနစ်အမြန်ဖြေလျှော့နည်း

    ကြုံဖူးမှာပေါ့ စိတ်တွေရှုပ်လာပြီ ဘာမှလုပ်မရတော့ဘူးဆိုတာမျိုး။ အိမ်မှာတည်းက စိတ်မကြည်လင်တာ၊ ကားလမ်းပိတ်လို့ စိတ်ကဘူလာတာ၊ အလုပ်မှာစိတ်ရှုပ်ရတာ စတဲ့ စိတ်ဖိစီးမှုတွေက နေ့တိုင်း ရှိနေတာပဲလေ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာရှောင်လွှဲလို့သိပ်မလွယ်တဲ့ အရာဆိုတော့ ဘယ်လိုဖြေရှင်းမလဲဆိုတာပဲ စဉ်းစားကြရအောင်။

    စိတ်ဖိစီးမှုဆိုတာကြောက်စရာမှမဟုတ်တာ။ ကိုယ်ဖြေရှင်းလိုက်ရင်ပျောက်ကွယ်သွားမယ့်အရာပဲ။ လှုပ်ရှားလုပ်ကိုင်နေရင်း ဒီစိတ်နဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ အမြန်ဖြေရှင်းနည်းလေးတွေပြောပြမယ်။ အချိန်ငါးမိနစ်ပဲ လိုပါတယ်။ ကြိုက်တဲ့တစ်နည်းကို သုံးနိုင်ပါတယ်။

    ၅ မိနစ်အမြန် စိတ်ဖြေလျှော့နည်း

    (၁) အာရုံစိုက်ပြီး အသက်ရှူပါ

    ခပ်ပြင်းပြင်းကြီးရှိုက်ရှူဖို့ပဲပြောတာမဟုတ်ဘူးနော်။ နှာဖျားဝကိုဝင်လာတဲ့လေကိုအာရုံစိုက်ပြီး ကြာနိုင်သလောက်ကြာကြာရှိုက်ရှူပါ။ ထွက်လေနဲ့ဝင်လေကိုသေချာလိုက်အာရုံပြုပြီး ဝမ်းဗိုက်တစ်ခုလုံးပြန့်ကားတဲ့အထိ ရှူသွင်းရှူထုတ်ပါ။

    (၂) တရားထိုင်ပါ

    မအားပါဘူး၊နေရာအဆင်မပြေဘူးတော့အကြောင်းပြမနေပါနဲ့။ ဘတ်စ်ကားပေါ်မတ်တပ်ရပ်နေရရင်တောင် တည်တည်ငြိမ်ငြိမ် စိတ်ကိုတရားထိုင်သလိုထားလို့ရနိုင်ပါတယ်။ ဥပမာပြောတာပါ။ ဆိုင်မှာဖြစ်ဖြစ်၊ အလုပ်ကထိုင်ခုံမှာဖြစ်ဖြစ် မျက်လုံးလေးမှိတ်၊ ဖြည်းဖြည်းချင်းအာရုံစုစည်းပြီး ကိုယ့်စိတ်အေးချမ်းစေမယ့်စာကြောင်းလေးတစ်ခုခု(ဘုရားစာပဲဖြစ်ဖြစ်၊ စိတ်ခွန်အားပေးတာပဲဖြစ်ဖြစ်)ကို စိတ်ထဲကရွတ်ဆို ဒါမှမဟုတ် ပါးစပ်ကတိုးတိုးလေးရွတ်ဆိုနေပါ။ ဒီငါးမိနစ်အတွင်းမှာ အသက်ရှူသွင်းရှူထုတ်ကိုလည်းအာရုံပြုရင်း ရွတ်ဆိုနေပါ။ပြီးတဲ့အခါ စိတ်ပေါ့ပါးနေပါလိမ့်မယ်။

    (၃) လှုပ်ရှားပါ

    နှစ်မိနစ်လောက်လှုပ်ရှားလိုက်ရုံနဲ့ စိတ်ကိုတက်ကြွပျော်ရွှင်စေတဲ့ အန်ဒိုဖင်ဟော်မုန်းတွေကိုထွက်ရှိစေနိုင်တယ်။ စာကျက်နေတာ၊ အလုပ်လုပ်နေတာဆိုလည်း အနီးအနားခဏထပြီး ငါးမိနစ်လမ်းလျှောက်ပါ။ ထလို့မအားသေးရင် ထိုင်လျက်နဲ့ပဲ အကြောဆန့်ရင်ဆန့်ပေါ့။ ခုံမှာထိုင်ပြီး စိတ်ဖိစီးနေတာထက် လှုပ်ရှားလိုက်တာ အပြောင်းအလဲလေးဖြစ်စေပါတယ်။ အပြင်နဲ့နီးရင်ပြင်ပရှုခင်းကိုပြတင်းပေါက်ကနေကြည့်ပါ။

    (၄) ဒစ်ဂျစ်တယ်တွေနဲ့ ခဏခွာပါ

    သီချင်းနားထောင်ရင်းအလုပ်လုပ်နေတာလား၊ ကွန်ပျူတာပဲကြည့်နေရတာလား၊ ဖုန်းကြည့်နေတာလား။ ဒစ်ဂျစ်တယ်ပစ္စည်းတွေခဏပိတ်၊နားပြီး မျက်စိမှိတ်ထားပါ။ တဖြည်းဖြည်းစိတ်ကိုဖြေလျှော့ပြီးအေးချမ်းတဲ့အဝေးတနေရာရောက်နေသလိုတွေးလိုက်ပါ။ ဒီနည်းကတော့ ကိုယ်ပတ်ဝန်းကျင်ဆူညံမနေဖို့တော့ လိုတာပေါ့နော်။

    (၅) ပီကေဝါးပါ

    ပီကေဝါးတာက စိတ်ဖိစီးမှုကိုလျော့စေတဲ့ အလွယ်ဆုံးနည်းပါ။ သုံးမိနစ်လောက် ပီကေဝါးတာနဲ့တင် အလုပ်မှာစိတ်ဖိစီးရတာ အတော်လေးလျော့သွားစေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

    (၆) အားရပါးရရယ်ပါ

    တအားအော်ရယ်ဖို့ပြောတာမဟုတ်ဘူးနော်။ လူကြားထဲ အကျယ်ကြီးရယ်လို့ စိတ်မပြေရဘဲ ပိုပြဿနာတက်နေမယ်။ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးနည်းနည်းပြောရင်း စိတ်လွတ်ကိုယ်လွတ်ရယ်မောပါ။ ရယ်စရာလေးတွေပြောတာ၊ ရယ်စရာဗီဒီယိုလေးအတိုလေးကြည့်တာတွေက ငါးမိနစ်အတွင်းပေါ့ပေါ့ပါးပါးရယ်မောမိစေနိုင်တဲ့နည်းတွေပါ။ စိတ်ရှုပ်ပြီး မျက်နှာမှုန်နေတာနဲ့စာရင် ရယ်ကြည့်ပါ။ စိတ်ထဲပေါ့သွားတာ ခံစားမိပါလိမ့်မယ်။

    ဒီနည်းတွေအကုန်လုပ်ဖို့မလိုပါဘူးနော်။ Hello ဆရာဝန် ပရိသတ်များ ကိုယ်နဲ့အဆင်ပြေရာစိတ်ဖြေနည်းကို သုံးပြီး စိတ်လက်ပေါ့ပါးနိုင်ကြပါစေ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement