backup og meta

စိတ်ဖိစီးနေမှန်း သိသာတဲ့ အသားအရေပြဿနာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးနေမှန်း သိသာတဲ့ အသားအရေပြဿနာ

    စိတ်ဖိစီးနေတဲ့အချိန်ဆို ဘာလက္ခဏာ၊ ညာလက္ခဏာ သိဖို့မပြောနဲ့၊ ကိုယ့်မျက်နှာတောင် မှန်ထဲကြည့်ချင်တာမဟုတ်၊ သေချာ ကြည့်ဖြစ်တာမဟုတ်တော့ ဒါတွေဘယ်သိမလဲ။ တကယ်တော့ ဖိစီးမှုတအားများလာရင် လူ့ခန္ဓါကိုယ်မှာ ထင်သာမြင်သာတဲ့ပြောင်းလဲမှုလက္ခဏာတွေရှိတတ်ပါတယ်။ အထူးသဖြင့် အသားအရေပေါ့။

    အသားအရေစိုစိုပြည်ပြည်မရှိတော့ဘူး။ အသားတွေမည်းလာသလိုလိုနဲ့။ တကယ်တော့ အသားမည်းတာမဟုတ်ဘဲ မွဲခြောက်ခြောက်နဲ့ အရောင်ညစ်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေပြီဆို ” ကြည့်ရတာတမျိုးပဲနေမကောင်းလို့လား” လို့ဘေးလူတွေကမေးတတ်ကြတယ် မဟုတ်လား။ ကိုယ်ကနေကောင်းတယ်ထင်ပေမယ့် စိတ်ကနေမကောင်းတာကြောင့် ခန္ဓါကိုယ်ထဲမှာ အဆင်မပြေဖြစ်နေတာတော့ အမှန်ပါပဲ။

    စိတ်ဖိစီးမှုကြောင့်ဖြစ်လာတာမဟုတ်ရင်တောင် ဒီအခြေအနေတွေအတွက် ခန္ဓါကိုယ်ရဲ့သဘာဝခုခံကုသနိုင်စွမ်းကို စိတ်ဖိစီးမှုက အဟန့်အတားဖြစ်စေနိုင်ပါတယ်။

    အရေးအကြောင်း

    စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့cortisolဟော်မုန်းမြင့်တက်မှုကြောင့် အသားအရေမှာ အရေးအကြောင်းတွေဖြစ်လာစေနိုင်တယ်။ စိတ်ဖိစီးမှုနဲ့ အသားအရေကျန်းမာရေးက ဆက်နွှယ်နေတာ အရင်တည်းက သိထားကြပါတယ်။ အစားအသောက်နဲ့ အသားအရေထိန်းပစ္စည်းတွေကြောင့် သက်ရောက်မှုရှိနိုင်သေးတယ်ဆိုပေမယ့် စိတ်ဖိစီးမှုကတော့ ပင်မတရားခံဖြစ်နေနိုင်တာ မမေ့ပါနဲ့။ စိတ်ပင်ပန်းနေရင် ရုပ်ရင့်ပါတယ်။

    ရောင်ရမ်းတာ၊ ယားတာ၊ စပ်တာ
    ရေယုန်၊ ယားနာ၊ ဆိုရီရေးစစ် စတဲ့ ပြဿနာတွေက အရေပြားရောင်ရမ်းမှုကြောင့်ဖြစ်လာတာပါ။ ဒါပေမယ့်လေ့လာမှုတွေအရ ဦးနှောက်က အရမ်းပင်ပန်းနေ၊ ဖိစီးနေရင် အသားအရေရဲ့ကာကွယ်နိုင်စွမ်းကို ယိုယွင်းစေနိုင်တယ်လို့ဆိုပါတယ်။

    ပြောရရင် စိတ်ဖိစီးမှုကြောင့် အသားအရေကို ပုံမှန်ထိန်းညှိထားနိုင်စွမ်း နည်းလာစေနိုင်ပါတယ်။ အိပ်ရေးတွေပျက်ပြီးရင် ဒါမှမဟုတ် ဆက်ဆံရေးတွေအဆင်မပြေဖြစ်ပြီးရင် ဝက်ခြံထွက်လာတာတို့ဘာတို့ ကြုံဖူးတယ်မလား။

    ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာ

    ဦးရေပြားက ယားလာတာ၊ ဆံပင်တွေကျွတ်တယ်ဆိုတာ အဖြစ်များတဲ့ပြဿနာပါ။ အရေပြားမှာ အဆီတွေပြန်ပြီး အဖတ်ကွာတာတွေဖြစ်တာ၊ ဆံပင်ကျွတ်တာ၊ လက်သည်းတွေပဲ့ကွာတာတွေက အစားမှန်မှန်မစားရာကနေ အာဟာရမလုံလောက်တာဖြစ်ပါတယ်။ အရင်းခံတော့ စိတ်ဖိစီးမှုကနေ စတာပါပဲ။ အဲဒီအချိန်မှာ အရေပြားနဲ့ ဦးရေပြားကို ထပ်မထိခိုက်ရအောင်ရေနွေးနဲ့ရေမချိုးသင့်ပါဘူး။ စိတ်ညစ်တိုင်း ဖိစီးမခံဘဲ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပြီး အသီးအနှံနဲ့ဟင်းသီးဟင်းရွက်ညီညွတ်မျှတအောင် စားတာအကောင်းဆုံးဆေးနည်းပါပဲ။

    အရေပြားပါးပြီး ထိခိုက်လွယ်တာ

    ကော်တီဆောပမာဏ ပုံမှန်မဟုတ်ဘဲမြင့်တက်လာရင် အရေပြားက ပါးလာတတ်ပါတယ်။ကော်တီဆောဟော်မုန်းတွေကြောင့် အသားအရေကို ပါးလာစေနိုင်တဲ့အပြင် ထိရှပေါက်ပြဲလွယ်စေနိုင်ပါတယ်။
    အနာကျက်နှေးတာ

    စိတ်ဖိစီးမှုသိပ်များလာတဲ့အခါ အရေပြားအပေါ်ယံအလွှာကမြန်မြန်ဆန်ဆန်အားနည်းလာပြီး အရေပြားပိုးဝင်ခြင်းတွေနဲ့ ပတ်ဝန်းကျင်ကရောဂါပိုးတွေကပ်ငြိနိုင်ခြေပိုများပါတယ်။ ဒီအခြေအနေမှာ အနာကျက်ဖို့၊ အမာရွတ်ပျောက်ဖို့၊ ဝက်ခြံပျောက်ဖို့ စတဲ့ အရေပြားရဲ့ သဘာဝကုသနိုင်စွမ်းကိုနှေးစေပါတယ်။

    စိတ်ဖိစီးမှုကို ရပ်တန့်နိုင်ဖို့

    စိတ်ဖိစီးမှုက လူတိုင်းလိုလိုဖြစ်ဖူးပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်ပင်ပန်းရတဲ့ အတိုင်းအတာနဲ့အခြေအနေမတူကြပါဘူး။ ကိုယ့်အကြောင်းကိုယ်သာသိတာမို့ ဒီတိုင်းကြိတ်မှိတ်ခံတာ ဒါမှမဟုတ် တခြားသူတွေရင်ဖွင့်ပြီး အားပေးမှုကိုလက်ခံနေမယ့်အစား စိတ်ဖိစီးမှုကိုဖြေလျှော့နိုင်မယ့်နည်းလမ်းကို ရှာတာအကောင်းဆုံးပါ။

    စိတ်ဖိစီးမှုဆိုတာဖြစ်မလာအောင် ပိတ်ပင်လို့မှမရနိုင်တာ၊ ကိုယ့်ဘက်ကဘယ်လိုလက်ခံတုံ့ပြန်လဲဆိုတာပဲ အရေးကြီးပါတယ်။ ဒီလိုရလဒ်တွေဖြစ်မလာခင် စိတ်ကိုထွက်ပေါက်ပေးဖို့၊ဖြေလျှော့ပေးဖို့ အရင်တွေးရပါမယ်။

    ဖြေလျှော့ကြမယ်

    • အချိန်နည်းနည်းပေးရတဲ့ စိတ်တည်ငြိမ်နည်းတွေ လုပ်ကြည့်မယ်။ ဥပမာ တရားထိုင်တာ၊ယောဂကစားတာ။
    • ပြုပြင်စီမံထားတဲ့ ဒါမှမဟုတ် အတုဖန်တီးထားတဲ့အစားအစာတွေရှောင်မယ်။
    • သကြားအတုတွေအစား အသီးအနှံတွေ၊ပြည့်ဝဆီတွေအစား သံလွင်ဆီ၊ အနီရောင်ရှိတဲ့အသားတွေအစား ငါး ကိုရွေးချယ်ပါ။
    • ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကို တည်ဆောက်နိုင်ဖို့ အိမ်မှာကိုယ်တိုင်လုပ်ဖျော်ရည် သို့မဟုတ် အသီးစိမ်ရေ (detox water)လေးတွေသောက်ပါ။ခေါင်းလည်းကြည်စေပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement