backup og meta

အလုပ်ဖိစီးနေချိန်မှာ စိတ်အားတက်ကြွနေစေဖို့ ဖြေဆေး (၇) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်ဖိစီးနေချိန်မှာ စိတ်အားတက်ကြွနေစေဖို့ ဖြေဆေး (၇) ခု

    အလုပ်ထဲမှာ စိတ်ရောလူရော ပင်ပန်းနေရတဲ့အခါမျိုး၊ အရာရာ စိတ်ကုန်နေသလိုမျိုး ခံစားရဖူးလား။ ဝန်ထမ်းဖြစ်မှ မဟုတ်ပါဘူး။ အလုပ်ရှင်တွေမှာလည်း သည်လိုခံစားချက်တွေဖြစ်တတ်ပါတယ်နော်။

    လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာပြီဆို ပခုံးမှာထမ်းထားရတဲ့ ဝန်က ပိုကြီးပါတယ်။ အချိန်တန် လစာရမယ့် ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်ဖိစီးမှုထက်ပိုတာပေါ့။ ကိုယ်က လစာပေးနိုင်ဖို့ ကြိုးစားရှာရမယ့်သူလေ။ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှု၊ ကျရှုံးမှုအတွက် အဓိကတာဝန်ရှိတဲ့လူမို့ ကိုယ့်ကိုယ်ကိုယ် အမြဲတွန်းအားပေးနေရပါတယ်။ စွန့်ဦးတည်ထောင်စ လုပ်ငန်းတွေဆို ပိုအားစိုက်ရတာအသေအချာပါ။

    ဒီလိုအချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရည်မှန်းချက်တွေမပြည့်ခင် စိတ်အားတက်ကြွမှုကို ကျမသွားအောင် ထိန်းထားနိုင်ဖို့၊ တွန်းအားပေးနိုင်ဖို့ပါပဲ။ အားစိုက်ထုတ်ရတာများလွန်းတော့လည်း တစ်ခါတစ်ခါ စိတ်ဓာတ်ကျတာ၊ ပင်ပန်းနေတာတွေဖိစီးလာတဲ့အခါ ဘယ်လိုခွန်အားရယူကြမလဲ။

    ဒီအတွက် ဖြေဆေး (၇) ခု ရှိနေပါတယ်။ သင့်အတွက် ဘာအခက်အခဲတွေပဲရှိရှိ အသုံးချလို့ရမယ့် နည်းလမ်းလေးတွေဆိုတော့ ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။

    (၁) ကိုယ့်ကို စိတ်ခွန်အားပေးနိုင်မယ့် အဆိုအမိန့်တွေ နေ့တိုင်းဖတ်ပါ

    လူသိများတဲ့ ဝဘ်စာမျက်နှာတွေ၊ လူမှုကွန်ရက်တွေမှာ စိတ်ခွန်အားပေးမယ့်စာတွေကို တစ်နေ့အတွင်း အများကြီးတင်ကြတာ ဘာလို့လဲသိလား။ ဒါလေးတွေက ဘာမှမဟုတ်သလိုထင်ရပေမယ့် အသာလေးဖတ်ကြည့်ရုံနဲ့ပဲ ကိုယ့်စိတ်အတွေးကို အကောင်းမြင်တဲ့ဘက် တွန်းပို့နိုင်လို့ပါပဲ။

    စိတ်ကြိုက်တွေ့တဲ့ စာသားတချို့ကို ပရင့်ထုတ်ပြီး ရုံးခန်းမှာကပ်ထားပါ၊ ရိုးရှင်းတဲ့အကြံပြုချက်စာသားတွေကို အွန်လိုင်းမှာရှာဖတ်ပါ။ အနည်းဆုံးတော့ ကိုယ်မတွေးမိတဲ့ ဟာကွက်တွေကို သိပြီး အချိန်မီပြင်ဆင်နိုင်ပါလိမ့်မယ်။

    (၂) အစီအစဉ်ဆွဲပါ

    ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေအတွက် အထောက်အကူဖြစ်စေမယ့် အသေးစားပန်းတိုင်ခွဲလေးတွေ သတ်မှတ် အစီအစဉ်ချပါ။ အကြီးကြီးတွေကို တန်းပြီး မှန်းလိုက်တာက ခရီးပိုဝေးပြီး ဝန်ပိစေနိုင်ပါတယ်။ တဆင့်ချင်းသာ ရှေ့တိုးသွားပါ။

    (၃) ထင်မြင်ရပ်တည်ချက်မှန်ကန်သူတွေကိုပဲ အနားမှာထားပါ

    အဆိုးမြင်တတ်တဲ့သူတစ်ယောက်တည်းကပဲ ကိုယ့်စိတ်အတွက် ကင်ဆာအရင်းအမြစ်ဖြစ်နေနိုင်ပါတယ်။ သူ့ကြောင့်ပဲ ကိုယ်အလေးထားရမယ့်အရာတွေ၊ စိတ်အားတက်ကြွမှုတွေကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်တဲ့သူတွေအနားမှာပဲနေပါ။

    မကောင်းတဲ့အမြင်နဲ့ ပျော်မွေ့နေသူတွေကို ရှောင်ပါ။ အနည်းဆုံးတော့ မှန်ကန်တဲ့အတွေးနဲ့ အတုယူစရာတစ်ခုခုရှိသူတွေကို အနားမှာထားပါ။ ရည်ရွယ်ချက်တူသူ၊ အတွေးအမြင်၊ အတွေ့အကြုံတွေ ဝေမျှလို့ရတဲ့သူတွေနဲ့ ချိတ်ဆက်ပါ။

    (၄) အကောင်းမြင်စိတ်ကို အမြဲထိန်းထားပါ

    တစ်ခါတလေ သည်းမခံချင်တဲ့အခါမျိုး ကြုံဖူးပါလိမ့်မယ်။ တက်သစ်စလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အမြဲတမ်း ပန်းခင်းတဲ့လမ်းဖြစ်နေမှာမဟုတ်မှန်း သိတော့သိကြမှာပါ။ အတက်အကျတွေ၊ ဆုံးဖြတ်ရခက်ခဲတဲ့ အခါမျိုးတွေ၊ ရှေ့ဆက်လှမ်းဖို့ ခွန်အားမရှိတော့တာမျိုးတွေ အများကြီးပေါ့။

    ဒီအချိန်မှာ စိတ်လျှော့လိုက်ရင် အားလုံးအချည်းနှီးဖြစ်သွားနိုင်လို့ ဖြစ်သမျှအကြောင်းထဲက အကောင်းကို ရှာကြံဆွဲထုတ်တတ်တဲ့အကျင့်ကို မွေးပါ။ အခက်အခဲကို  လှေကားအဖြစ်၊ ခွန်အားအဖြစ် မြင်နိုင်ပြီဆို သင်အောင်မြင်ပါပြီ။

    (၅) တစ်ခုကျော်ဖြတ်နိုင်ခဲ့တိုင်း ကိုယ့်ကိုယ်ကိုယ်ဆုချပါ

    ကိုယ်မှန်းထားတဲ့ အောင်မြင်မှုတစ်ခုခုကို လုပ်နိုင်ခဲ့တိုင်း တိုးတက်မှုအတွက် ကိုယ့်ကိုယ်ကို ဆုချပါ။ ငွေကြေးကုန်ကျဖို့၊ ကြွားဝါဖို့ မဆိုလိုပါဘူး။ ကိုယ်အနှစ်သက်ဆုံးအရာတစ်ခုခုနဲ့အပန်းဖြေတာ၊ ကိုယ်ကြိုက်တဲ့ဆိုင်မှာ စားတာ၊ စိတ်ချမ်းသာရာတစ်ခုခုကို ပျော်ရွှင်စွာလုပ်လိုက်ပါ။ စိတ်ကျေနပ်မှုက အရင်နဲ့မတူသလို ခွန်အားအသစ်တွေ၊ အကြံဉာဏ်အသစ်တွေမွေးဖွားဖို့အကောင်းဆုံးအချိန်ပါပဲ။

    (၆) တစ်ခါတလေ ခရီးထွက်ပစ်လိုက်ပါ

    တစ်နေ့တာမှာ နာရီပေါင်းများစွာကို အလုပ်ထဲမှာပဲဖြတ်သန်းရတာ စိတ်အားတက်ကြွမှုတွေ ကုန်ခန်းလာတာ ကိုယ့်အပြစ်တော့မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် အလုပ်ကို ရူးသွပ်ရတာ မှန်ပေမယ့် အချိန်တိုင်းဖိစီးနေရင်တော့ ရူးသွားနိုင်ပါတယ်။ စိတ်တွေမပါတော့ဘူး၊ အတော်ပင်ပန်းနေပြီလို့ ခံစားရတဲ့အခါ ဘာကိုမှမတွေးနေဘဲ(အရေးကြီးကိစ္စမရှိရင်ပေါ့) ခရီးသာထွက်ပစ်လိုက်ပါ။ ပိုလန်းဆန်းတဲ့ အလုပ်အိုင်ဒီယာအသစ်တွေ မွေးဖွားနိုင်လာပါလိမ့်မယ်။

    (၇) အချိန်ကို ပြန်စီမံပါ

    နေ့တိုင်း အလုပ်လုပ်နေတယ်ဆိုပေမယ့် အလုပ်ချိန်၊ ထမင်းစားချိန်၊ ခဏနားချိန် စသည်ဖြင့် ခွဲခြားလိုက်နာပါ။ ဝန်ထမ်းမဟုတ်တဲ့ အလုပ်ရှင်တွေကမှ ထမင်းစားချိန်မမှန်တာပိုအဖြစ်များတတ်ပါတယ်။ အလုပ်မပြီးလို့ ဇောနဲ့ လုပ်နေရင်း ထမင်းငတ်ရတဲ့အခါတွေ အများကြီးရယ်။

    လိုတာထက်ပိုပြီး ဦးနှောက်ကို သုံးရလွန်းတဲ့အခါ လုပ်ဆောင်နိုင်စွမ်းတွေ ကျလာတတ်လို့ အလုပ်နဲ့ဘဝ ဟန်ချက်ညီတဲ့ အချိန်ဇယားကို ဖန်တီးဖို့က အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ့်ဆီက ရလဒ်ဆိုးတွေနဲ့ အဆင်မပြေဖြစ်နေရင် လုပ်ငန်းရဲ့အလားအလာကို တိုက်ရိုက်ထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement