backup og meta

စိတ်ကျခြင်း ရဲ့ အန္တရာယ်အချက်ပြလက္ခဏာများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျခြင်း ရဲ့ အန္တရာယ်အချက်ပြလက္ခဏာများ
    စိတ်ကျခြင်း က အဖြစ်များတဲ့ပြဿနာတစ်ခုဖြစ်ပေမယ့် ကိုယ့်မှာရှိနေသလားဆိုတာ သိပ်မသိကြပါဘူး။ လက္ခဏာကလည်း သိပ်မဆိုးရင် င် ပုံမှန်ဖြစ်လေ့ရှိတဲ့အပြုအမူတွေနဲ့ သိပ်မကွာလှတာကြောင့် အမှုမဲ့အမှတ်မဲ့ပါပဲ။ စိတ်ဓါတ်ကျနေသူဟာ ဝမ်းနည်းလွယ်တာ၊ စိတ်ဆိုးလွယ်တာ၊ အားကုန်လွယ်တာ စတဲ့လက္ခဏာတွေကို အချိန်အတော်ကြာခံစားနေရလေ့ရှိပါတယ်။
    တော်တန်ရုံလက္ခဏာတွေက စိတ်ဖိစီးမှုများနေတဲ့အချိန်မှာဖြစ်တတ်တဲ့အရာတွေဆိုတော့နေရင်းထိုင်ရင်းသက်သာသွားနိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတာရှည်လာတာ၊ အအိပ်အစားမမှန်တာ၊ စိတ်ကိုမပြင်ဆင်မကုသတာတွေကြောင့် မသိလိုက်ဘဲ လက္ခဏာ အဆင့်မြင့်လာရင် မကောင်းပါဘူး။
    စိတ်ကျဝေဒနာပြင်းထန်လာရင် အစာစားချင်စိတ်မရှိတော့တာ၊ ပိန်ကျသွားတာ၊ အိပ်မပျော်တော့တာ၊ သတ်သေချင်စိတ်တွေဖြစ်လာတာတွေအထိဖြစ်လာတဲ့အခါ အန္တရာယ်ရှိပါတယ်။ ဒီအဆင့်ကိုမရောက်ခင် ကိုယ့်မှာ အန္တရာယ်ရှိတဲ့လက္ခဏာအဆင့်တွေဖြစ်နေပြီလားဆိုတာ အချိန်မီသိဖို့လိုပါတယ်။ ကိုယ်တိုင်မဟုတ်လည်း ချစ်ခင်ရင်းနှီးရသူတွေမှာလည်း ဒီလက္ခဏာတွေ ရှိနေပြီလားဆိုတာ ပြန်ဆန်းစစ်ပါနော် ။

    စိတ်ကျလက္ခဏာ ပြင်းထန်လာရင်

    • ညအိပ်မပျော်ဘူး သို့မဟုတ် အရမ်းအိပ်လွန်းတယ်
    • ဆတ်ဆတ်ထိမခံ စိတ်တိုလွယ်တယ်
    • ကိုယ်အမြဲနှစ်သက်နေကျအရာတွေ၊ အလုပ်တွေကို စိတ်မဝင်စားတော့ဘူး
    • မကောင်းတာတွေဖြစ်လာတော့မယ်လို့ ခံစားနေရတယ်
    • မျှော်လင့်ချက်မဲ့သလို ခံစားလာရတယ် (လမ်းပျောက်နေတယ်)
    • သေသွားရင်ကောင်းမယ် ဆိုတဲ့အတွေး ခဏခဏပေါ်နေတယ်
    • သိပ်ကိုပြင်းထန်လာရင် ထင်ယောင်ထင်မှားဖြစ်တာတွေ၊ ကယောင်ကတမ်းမြင်တာတွေဖြစ်လာတယ်
    • စားတာ၊အိပ်တာ၊အပေါ့အလေးစွန့်တာတွေ၊အလုပ်တာဝန်တွေမှာ သူများအကူအညီလိုအပ်လာတယ်
    သူတို့တွေမှာ ဒီလိုတွေဖြစ်လာရင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်နိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။
    • ဘဝကြီးက စိတ်ကုန်စရာကောင်းတဲ့အကြောင်း၊ပျောက်ကွယ်သွားချင်ကြောင်းပြောနေခဲ့ရင်
    • နာကျင်မှုတစုံတရာမှာပဲ ပိတ်မိခံစားနေရင်
    • တယောက်ယောက်အပေါ် အရမ်းအပြစ်တင်နေရင်
    • အရက် သို့မဟုတ် မူးယစ်ဆေးတွေ အလွန်အကျွံသုံးနေရင်
    • အာရုံမဲ့ လှုပ်ရှားတာတွေ၊ စိတ်နဲ့လူနဲ့မကပ်ဘဲ မတော်တဆတွေ အများကြီးလုပ်မိရင်
    • လုံးဝမအိပ်သလောက်နီးနီး အအိပ်မမှန်ရင်
    • မလိုအပ်ဘဲဒေါသကြီးလွန်းနေတာ ဒါမှမဟုတ် မကျေနပ်ကြောင်း အပြင်းအထန်ပြောနေရင်
    • စိတ်အပြောင်းအလဲ သိသိသာသာမြန်လွန်းရင် ကုသစောင့်ရှောက်မှု၊ အားပေးမှုလိုအပ်နေပါပြီ။
    သူတို့ကို –

    ကူညီပါ

    စိတ်ကျဝေဒနာခံစားနေရတဲ့သူတွေကို ကူညီပေးနိုင်တာက နည်းလမ်းအဆင့် ၅ ခုရှိပါတယ်။ ကိုယ့်မှာဖြစ်နေလည်း ကိုယ့်ကိုအခုလိုကူညီပေးနိုင်မယ့် ရင်းနှီးသူတစ်ယောက်ကို အကူအညီတောင်းပါ။ ကိုယ်ချစ်ခင်ရသူတွေမှာ အထက်ပါလက္ခဏာတွေတွေ့ရရင်လည်း ဒီ ၅ ချက်နဲ့ ကူညီပေးလိုက်ပါ။ လမ်းပျောက်နေသူကို အလင်းရောင်ပေးရတာ အမွန်မြတ်ဆုံးအလုပ်တွေထဲ ပါဝင်ပါတယ်နော်။

    (၁) နားထောင်ပေးပါ

    အထီးကျန်စိတ်၊ ဝမ်းနည်းစိတ်၊ နာကျင်မှုတွေ၊ ဖိစီးမှုတွေ ထမ်းပိုးထားရတဲ့သူတွေဆီက ရင်ဖွင့်သံကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးပါ။ စိကျနေသူတွေဟာ လူမှုဆက်ဆံရေးမှာ အနုတ်လက္ခဏာပြတဲ့သူဖြစ်လာတာဆိုတော့ သူတို့ရဲ့ ရှက်ရွံ့မှု၊ စိုးရိမ်မှု၊ နာကျင်မှုတွေအကြောင်း ရင်းနှီးသူကိုပဲ ဖွင့်ပြမှာဖြစ်ပါတယ်။

    (၂) စကားပြောပေးပါ

    စကားပြောဖော်အဖြစ်ရှိနေပေးရင်လည်း သိပ်ကျေးဇူးတင်ကြမှာပါ။ စကားပြောရင်းနဲ့မှ သူတို့ရဲ့ဝေဒနာအရင်းခံတဲ့ ဇစ်မြစ်တွေ၊ ခံစားချက်တွေပြောထွက်လာမှာပါ။ ဒါမှ ကိုယ်ဘယ်လိုအားပေးရမလဲ သိနိုင်မှာပေါ့။ မဟုတ်ရင် သူတို့ရဲ့ဝမ်းနည်းမှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့တာတွေ၊ အပြစ်ရှိသလိုခံစားနေရတာတွေကို ဘာကြောင့်ဖြစ်နေလဲ ကိုယ်သိနိုင်မှာမဟုတ်ဘူးလေ။

    (၃) လက်တွေ့ကူညီပါ

    အကြီးအကျယ်စိတ်ဓါတ်ကျနေသူကို စကားနဲ့အားပေးတာအပြင် အသေးအဖွဲလေးပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာ လက်တွေ့ကူညီပေးလိုက်ပါ။ သူစိတ်ပေါ့ပါးစေဖို့ လက်ဆောင်လေးပေးတာ၊ အပြင်အတူသွားပေးတာ၊ မုန့်သွားစားတာ မျိုးတွေ လုပ်ပေးလိုက်ပါ။

    (၄) အကြံပေးပါ

    သူ့ရဲ့စိတ်ပင်ပန်းမှုအရင်းခံပြဿနာကိုဖြေရှင်းမပေးနိုင်ရင်တောင်မှ နည်းလမ်းမှန်ဆီရောက်ရှိစေမယ့် လမ်းကြောင်းတစ်ခုကို အကြံပေးနိုင်ဖို့ အရေးကြီးပါတယ်။လေ့ကျင့်ခန်းပိုလုပ်ဖို့၊ အားဆေးသောက်ဖို့၊ စာအုပ်တွေဖတ်ဖို့လောက် အကြံပေးဖို့မဟုတ်ပါဘူး။ပြဿနာတိုင်းမှာ အဖြေရှိတဲ့အကြောင်းအသိပေးတာ၊ ထွက်ပေါက်မရှိတဲ့ ပိတ်မိခြင်းတွေအတွက် အဖြေရှိကြောင်း သွယ်ဝိုက်ပြီး နားချတာ၊ဆေးကုသမှုခံယူဖို့ လမ်းပြတာလိုမျိုး ထိရောက်တဲ့အကြံဉာဏ်တွေပေးပါ။

    (၅) မေးပါ

    စိတ်ပင်ပန်းစရာဘာတွေရှိနေလဲ။ ကိုယ့်ဘက်က ဘာအကူအညီပေးနိုင်မလဲ။ သူ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် ကိုယ်တတ်နိုင်တာရှိသလား သွယ်ဝိုက်ပြီးဖြစ်ဖြစ်မေးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement