home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID_19 နှင့် အတူယှဉ်တွဲ နေထိုင်ခြင်း

COVID_19 နှင့် အတူယှဉ်တွဲ နေထိုင်ခြင်း

လက်ရှိကာလဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းက သိပ်တက်မလာတော့ဘူး။ သေဆုံးမှုနှုန်း ကျလာတယ်။ အသွားအလာကန့်သတ်မှုတွေကို ဖြေလျော့ပေးလာတယ်ဆိုပေမယ့် ကိုဗစ်က လုံးဝ ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ အချိန်မရွေး ပြန်လည် ခေါင်းမော့လာနိုင်ပါတယ်။ ဒီလို ကိုဗစ်နဲ့ အတူ ယှဉ်တွဲနေထိုင်နေစဉ်မှာ ကိုဗစ်ကြောင့် ထိခိုက်မှုကင်းစေဖို့ ဘာတွေကိုများ ဂရုစိုက်မလဲ……….

ကိုဗစ်ရန်ကို မမေ့ပါနဲ့………..

ကိုဗစ် ကူးစက်မှုနည်းလာတာနဲ့အမျှ လုပ်ငန်းတွေ ပြန်လည် စတင်မှုနဲ့ အတူ လုပ်ငန်းခွင်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လုပ်ကိုင်ကြရတော့မယ့် အချိန်ကည်း ရောက်လာပါပြီ။ ဒီကာလမှာ သွားလာမှုကစလို့ အလုပ်ခွင်မှာ လုပ်ကိုင်နေစဉ် တလျှောက်လုံး သတိထားရပါမယ်။ တစ်ဦးတစ်ယောက်ချင်းကစလို့ အားလုံး အတူပူးပေါင်းမှပဲ ကိုဗစ်ကို တ​ကျော့ပြန် ခေါင်းထောင်မလာအောင် လုပ်ဆောင်နိုင်မှာပါ။

ကာကွယ်ဆေးရော ကုသဆေးရော ရေရေရာရာ မရှိသေးတဲ့ ကိုဗစ်ကို ကာကွယ်ဖို့က တစ်ဦးတစ်ယောက်ချင်းရဲ့ စည်းကမ်းတကျ လိုက်နာမှုအပေါ်မှာ အများကြီး တည်မှီနေပါတယ်။ အခုကာလမှာ ကူးစက်မှုနှုန်းကျဆင်းလာတာကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ဖြေလျော့မှုတွေ စတင်လုပ်ပေးနေပါပြီ။ အာရှဒေသမှာဆိုရင် တောင်ကိုရီးယားနိုင်ငံက covid_19 ကို အကောင်းဆုံး ကိုင်တွယ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံပေါ့။ ဟောင်ကောင်မှာဆိုရင် ၂ ပတ်ဆက်တိုက် ဒေသတွင်း ကူးစက်မှုမရှိတော့ပါဘူး။ ဒါပေမယ့်လည်း ဟောင်ကောင်က ကိုဗစ်ရဲ့ Second wave ကို အကောင်းဆုံးထိန်းချုပ်ဖို့ ကြိုးစားနေဆဲပါ။

ရောဂါ လုံးဝကင်းစင်သွားတာ မဟုတ်သေးတဲ့ကာလ၊ ကာကွယ်ဆေး သေသေချာချာ မထွက်ပေါ်လာသေးတဲ့ ကာလတလျှောက်လုံးမှာ​တော့ သတိရှိနေတာက အကောင်းဆုံး ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာဆိုလည်း မတ်လ ၂၃ ရက်နေ့ကနေစပြီး Stay at Home ကာလကို စတင်လို့ ကိုဗစ်ကို ကာကွယ်နေပါတယ်။ အခုနောက်ပိုင်းမှာတော့ ရုံးတွေပြန်တက်နေရတာရှိသလို အပြင်ကို ပြန်ထွက်လာတာတွေလည်း ရှိနေကြပါတယ်။ ဒီကာလမှာ သေချာလေး ဂရုစိုက်လို့ ကိုယ်တိုင်ကနေစပြီး ရောဂါကို သေချာ ကာကွယ်တာ အကောင်းဆုံးဖြစ်မှာပါ။ ဒါမှ ကိုဗစ် ကူးစက်မှုကင်းပြီး ပုံမှန်ဘဝနေထိုင်မှုပုံစံကို ပြန်ရမှာပါ။

ကိုဗစ်ကို မိမိက စကာကွယ်ပါ

ကိုဗစ်က ဘယ်သူ့ကိုမှ ကူးမယ် ငါက လူငယ်ပါ။ သန်မာပါတယ် ရောဂါမကူးဘူးလို့ မထင်လိုက်ပါနဲ့။ ကိုဗစ်က အရွယ် မရွေး၊ ကျား/မ မရွေးကူးစက်ခံရနိုင်ပါတယ်။ ဒီတော့ ကိုဗစ် လုံးဝ ကင်းစင်သွားတဲ့ ကာလ မတိုင်မချင်း

မလိုအပ်ရင် အပြင်မထွက်ပါနဲ့

မဖြစ်မနေသွားရမယ့် ကိစ္စ (ဥပမာ အလုပ်ခွင်ဝင်ရတာ၊ ဆေးခန်းသွားရတာ လိုမျိုး) ကိစ္စတွေကလွဲလို့ မဖြစ်မနေ မဟုတ်တဲ့ ကိစ္စတွေနဲ့ အိမ်အပြင်မထွက်ပါနဲ့။ အိမ်ရှင်မတွေအနေနဲ့လည်း ဈေးကို ခဏခဏသွားတာမျိုး နေ့တိုင်း သွားတာမျိုးမလုပ်ဘဲ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက်ပဲ သွားလို့ လိုအပ်တာတွေကို သေသေချာချာ စာရင်းလုပ်သွားပြီး ပြည့်ပြည့်စုံစုံ ဝယ်ပါ။

လူစုလူဝေး ရှောင်ပါ

အခုချိန်မှာ လူ ၅ ဦးထက် မစုဝေးရဆိုပြီး ဥပဒေထုတ်ပြန်လို့ စည်းကမ်းတင်းကြပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီစည်းကမ်းကိုလိုက်နာတာက ကိုယ်တိုင်ကိုရော အခြားသူတွေကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် လူစုလူဝေးဖြစ်မယ့်နေရာတွေ၊ ပွဲလမ်းသဘင်​တွေ သွားတာမျိုး ကို ရှောင်ပါ။

နှာခေါင်းစည်း တပ်ပါ

နှာခေါင်းစည်းက ကိုဗစ်အပါအဝင် ရောဂါပိုး အမျိုးမျိုးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ကိုယ့်ဆီကနေ အခြားသူတွေကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ နှာခေါင်းစည်းတပ်တာက ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် အကျင့်မဖြစ်ပေမယ့် ကျန်းမာရေး ကာကွယ်ဖို့အတွက်တော့ အပြင်သွားတဲ့အခါတိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ပါ။

လက်ဆေးပါ

လက်က ရောဂါပိုးတွေ အများဆုံး မှီတင်းနေရာ နေရာပါ။ အကြောင်းကတော့ အရာရာကို လက်နဲ့ ကိုင်တွယ်ထိတွေ့ကြလို့ပါပဲ။ ဒါကြောင့် လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာဆေးကြောတဲ့ အကျင့်ကိုလုပ်ပါ။ အစားမစားခင်၊ အိမ်သာက ဆင်းတဲ့အချိန်၊ မချက်ပြုတ်ခင်၊ ကားလက်တန်း၊ တံခါးလက်ကိုင်လိုမျိုး လူအများ ထိတွေ့တဲ့အရာတွေကို ထိတွေ့ပြီးတိုင်၊ အပြင်ကပြန်လာတိုင်း နဲ့ မျက်နှာကို မကိုင်တွယ်ခင်မှာ လက်ကို သေချာစွာဆေးကြောပါ။

ရေအလွယ်တကူမရနိုင်တဲ့ အခြေအနေမျိုးမှာ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းနဲ့အထက် ပါဝင်တဲ့ ရေမလိုလက်သန့်ဆေးရည်ကို သုံးလို့ ဆေးကြောသန့်စင်ပါ။ သွားလေရာကို ရေမလိုလက်သန့်ဆေးရည်ဗူး သယ်ဆောင်သွားတာက အကောင်းဆုံးဖြစ်မှာပါ။

အရာဝတ္ထုတွေကို သန့်စင်ပါ

ညစ်ပေတဲ့အရာတွေ၊ နေရာတွေလို့ ယူဆထားတဲ့ အိမ်သာ၊ အမှိုက်ပုံးတို့မှာမှ မဟုတ်ပါဘူး။ နေ့စာ် လက်ကမချတမ်းသုံးနေတဲ့ လက်ကိုင်ဖုန်းကစလို့ လက်ပ်တော့၊ ကားသော့၊ ပိုက်ဆံအိတ် နဲ့ အသုံးအဆောင်တွေမှာလည်း ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ကိုဗစ်ဆိုရင် မာကျောတဲ့ အရာဝတ္ထုတွေအပေါ်မှာ အချိန်တော်တော်​ကြာ အသက်ရှင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ​ကြောင့် မနက်ခင်း လုပ်ငန်းခွင်ကို ဝင်တဲ့အခါ တစ်နေ့တာ အသုံးပြုမယ့် ပစ္စည်းတွေကို အယ်လ်ကိုဟော စပရေး ဒါမှမဟုတ် ရေမလိုလက်သန့်ဆေးရည်သုံးလို့ ပိုးသတ်သန့်စင်ပါ။ Dettol လိုမျိုး ပိုးသတ်ဆေးရည်ကို အဝတ်စမှာ ဆွတ်ပြီး သန့်စင်ပေးလို့လည်းရပါတယ်။

အာဟာရပြည့်ဝအောင် စားပါ

ဒီအချိန်မှာ ဝိတ်ချတာတွေ၊ Diet လုပ်တာတွေမလုပ်ဖို့ ပြောပါရစေ။ အလွန်အကျွံစားတာမျိုးမဟုတ်ဘဲ။ အရောင်အသွေး စုံစုံလင်လင်၊ အာဟာရ စုံစုံလင်လင်ကို တစ်နေ့ ၂ နပ် စားပေးပါ။ ဒီကာလမှာ ကဖင်း၊ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို လျှော့ပါ။ ရေများများ သောက်ပါ။ ရေဓာတ်ပြည့်ဝတာက အသက်ရှူလမ်း​ကြောင်းကို ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်တာကြောင့်ပါ။

ဝိတ်မတက်လာစေချင်ဘူးဆိုရင် ကာဗိုဟိုက်ဒရိတ်လျှော့လို့ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကိုယ်အလေးချိန် တက်မလာစေဘဲ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါလိမ့်မယ်။

အိပ်ရေးဝဝ အိပ်ပါ

Covid_19 ကို အကောင်းဆုံး ကာကွယ်ခုခံပေးမှာက ပြည့်ဝကျန်းမာတဲ့ ကိုယ်ခံအားစနစ် ဆိုတာကြောင့် ညတိုင်းမှာ အိပ်ချိန် ၈ နာရီ ပြည့်ဝအောင် အိပ်စက်လို့ ကိုယ်ခံအားကို အားဖြည့်ပေးပါ။ အိပ်ရေးဝတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။

ကိုဗစ် ကင်းစင်ပ​ပျောက်ဖို့ ကိုယ်တိုင်ကစလို့ ကာကွယ်ရအောင်လား ………………

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Two weeks of zero local infections: How Hong Kong contained its second wave of Covid-19 https://edition.cnn.com/2020/05/05/asia/hong-kong-coronavirus-recovery-intl-hnk/index.html Accessed Date 7 May 2020

Coronavirus COVID-19 outbreak: Latest news, information and updates https://www.pharmaceutical-technology.com/special-focus/covid-19/coronavirus-covid-19-outbreak-latest-information-news-and-updates/ Accessed Date 7 May 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။