backup og meta

Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…

    Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ… ဘာတွေ ဖြစ်နိုင်လဲ။ ဘယ်လို ဖြေရှင်းလို့ ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    Burn Out ဖြစ်ခြင်း (သို့) မပြောပြတတ်အောင် မောပန်းလာတဲ့အခါ…

    လူတိုင်း စိတ်ဖိစီးမှုတွေနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့် အခုပြောသွားမယ့် Burn out ဖြစ်ခြင်းဆိုတာကတော့ သာမန် စိတ်ဖိစီးမှု ကြုံတွေ့ရခြင်း နှင့် ကွာခြားပါတယ်။ ပိုမို ပြင်းထန်တာကြောင့် ပြင်းထန်လွန်းတဲ့ စိတ်ဖိစီးမှုတစ်မျိုးလို့လည်း ပြောလို့ရနိုင်ပါတယ်။

    ဥပမာ – လူတစ်ယောက်အလုပ်ကြိုးစားတာဟာ ကောင်းတဲ့ကိစ္စပါ။ သို့သော် အလုပ်ချိန်ပြင်ပဖြစ်တဲ့ မိုးလင်းတာနဲ့အလုပ်၊ မိုးချုပ်တဲ့အထိလည်း အလုပ်၊ ပိတ်ရက်တွေမှာလည်း အလုပ်… ဒီလိုဆောင်ရွက်တာတွေ ရေရှည်ဖြစ်လာတဲ့အခါမှာတော့ Social Life မရှိတော့သလိုဖြစ်သွားရင်း Burn Out ဆိုတဲ့အရာက ဝင်ရောက်လာနိုင်ပါတယ်။

    Burn Out ဖြစ်ရခြင်းအကြောင်းကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာများကို ဖြေရှင်းဖို့ လိုအပ်တဲ့ resources အရင်းအမြစ်စွမ်းအင် ပမာဏ ကိုယ့်မှာ ပြည့်ပြည့်ဝဝ၊ လုံလုံလောက်လောက် မရှိနိုင်တော့လို့ပါပဲ။ ဥပမာ – စိတ်ဓာတ်ခွန်အားလိုအပ်နေချိန် စိတ်ဓာတ်ခွန်အား မရှိတော့တာမျိုး၊ ကာယခွန်အားလိုအပ်နေချိန် ကာယခွန်အား နည်းပါးနေတာမျိုးပေါ့။

    ဒီလိုတွေတွေ့ကြုံလာရတဲ့အခါမှာတော့ စိတ်ဝင်စားမှုတွေ လျော့ကျလာတယ်၊ အလုပ်မှာဆိုလည်း စွမ်းဆောင်ရည်တွေ သိသိသာသာ ကျဆင်းလာတယ်။

    Burn Out ဖြစ်လာတဲ့အခါမှာ တွေ့နိုင်တဲ့ သိသာတဲ့ ပြောင်းလဲလာမှုတွေကတော့…

    • စိတ်သော်လည်းကောင်း၊ ခန္ဓာသော်လည်းကောင်း အချိန်ပြည့် ပင်ပန်းနေခြင်း
    • ပုံမှန်စိတ်ဝင်စားမှုရှိတဲ့အရာများအပေါ်  စိတ်ဝင်စားမှုမရှိတော့ခြင်း၊ နေ့သစ်တစ်ခု စတင်ဖို့ မနည်း ကြိုးစားရသည့်အပြင် တစ်နေကုန်ဖြတ်သန်းရမှုတွင်လည်း မနည်း ရုန်းကန်ကြိုးစားနေရခြင်း
    • စိုးရိမ်စိတ်၊ မကောင်းမြင်စိတ်များ ပုံမှန်ထက် မြင့်တက်လာခြင်း
    • ကိစ္စသေးသေးလေးအပေါ်တွင်ပါ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားလာရခြင်း
    • ပို၍ မေ့တတ်လာခြင်း၊ စိတ်အာရုံစူးစိုက်နိုင်မှုစွမ်းအား သိသိသာသာကျဆင်းလာခြင်း
    • မိသားစု၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေး မပြေလည်ဖြစ်လာခြင်း၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အခက်အခဲများ ရှိလာခြင်း
    • မိမိကိုယ်ကို ဂရုစိုက်မှု အားနည်းလာခြင်း (ဥပမာ – ကျန်းမာစွာ စားသောက်မှု မပြုခြင်း၊ လုံလောက်စွာ အိပ်စက်မှုမပြုခြင်း၊ အရက်သေစာအပေါ်တွင် ပိုမိုမှီခိုလာခြင်း)
    • အိမ်တွင်သော်လည်းကောင်း၊ ရုံးတွင်သော်လည်းကောင်း စိတ်ကျေနပ်မှု ကျဆင်းလာခြင်း၊ ပျော်ရွှင်မှုနည်းလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    တစ်ခါတစ်ရံ Burn Out ဖြစ်နေပြီလားဆိုတာကို အချိန်ကာလနှစ်ခုကို နှိုင်းယှဉ်ကြည့်မှ သိသာတာမျိုးလည်းရှိတတ်ပါတယ်။ ယခင်က အလုပ်မှာ ကိုယ်မည်မျှစွမ်းဆောင်ခဲ့နိုင်တယ်၊ ယခုအခါ မည်မျှစွမ်းဆောင်နိုင်နေတယ်ကို ကြည့်ရှုအကဲဖြတ်သင့်ပါတယ်။

    Burn Out ဖြစ်နေပြီ ဆိုရင်တော့ ပိုပြီးတော့ လဲပြိုမသွားခင် သေချာလေး အနားယူပေးဖို့ လိုလာပါပြီ။ ဘယ်လို နည်းလမ်းတွေနဲ့ အနားယူကြမလဲ?…

    ဒီနေရာမှာ လူတစ်ယောက် အကြိုက်တစ်မျိုးစီဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အနားယူကြတဲ့ နည်းလမ်းတွေလည်း  မတူနိုင်ကြပါဘူး။ အဲ့ဒီအတွက် ပထမ ဉီးဆုံးအနေနဲ့ အချိန်လေးပေးပြီး စဉ်းစားဖို့ အကြံပြုချင်ပါတယ်။ ဒီစာလေးကတစ်ဆင့်တော့ အကြံပြုချက်လေးတချို့ ထည့်ပေးလိုက်မှာဖြစ်ပေမယ့် ကိုယ်လုပ်ချင်တဲ့၊ ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းလေးကို သေချာလေး ရွေးချယ်စေချင်ပါတယ်။

    • တစ်ယောက်ထဲ အေးအေးဆေးဆေး သီချင်းလေးနားထောင်၊ စာအုပ်လေးဖတ်၊ ရုပ်ရှင်လေးကြည့်… ဒါကိုမှ ပုံမှန်လေး နားချိန်ပေးပြီး ပေါ့ပေါ့ပါးပါးလေး အနားယူမယ်။
    • ပုံမှန်လေ့ကျင့်ခန်းလေးတွေလုပ်ပြီး စိတ်ကိုပေါ့ပါးသွားစေမယ်။
    • သူငယ်ချင်း၊ မိသားစုတွေဆီ အလည်သွားမယ်။
    • ကိုယ်လုပ်ချင်တဲ့ ပရဟိတအလုပ်လေးတွေရှိရင် ဝင်လုပ်မယ်။
    • နည်းပညာတွေကို ခဏလေး ဘောင်ခတ်ထားလိုက်မယ်။ (ဥပမာ- အလုပ်ပိတ်ရက်မှာ အလုပ်နဲ့သက်ဆိုင်တဲ့ email တွေကို ဝင်မကြည့်တာမျိုးပေါ့)
    • လူတစ်ယောက်အတွက်လိုအပ်တဲ့ အိပ်ချိန် အပြည့်အဝရအောင် ကြိုးစားမယ်။
    • အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေ ပတ်ဝန်းကျင်မှာရှိရင် သူတို့နဲ့ ပြောဆိုဆက်ဆံမှုကို ကန့်သတ်မယ်။
    • ကျန်းမာပြီး အာဟာရဖြစ်စေမယ့်အရာတွေကို စားမယ်။
    • အကယ်၍ ကိုယ့်မှာ မိသားစုရော၊ ကောင်းမွန်တဲ့ သူငယ်ချင်းတွေပါ မရှိဘူးဆိုရင်လည်း သင် နောက်မကျသေးပါဘူး၊ ပတ်ဝန်းကျင်အသစ်တစ်ခုမှာ သူငယ်ချင်းအသစ်တွေရှာကြည့်မယ်။ (ဥပမာ – ကိုယ်ဝါသနာပါရာ သင်တန်းလေးတွေ သွားတက်ရင်းက တစ်ဆင့်ပေါ့)

    ဒါတွေကတော့ ပုံမှန် လူအများ လုပ်လေ့လုပ်ထ ရှိတဲ့အရာလေးတွေပေါ့။ ရက်ရှည်ခရီးသွားခြင်းကနေလည်း စိတ်ခွန်အားတွေ အများကြီးပြန်ရနိုင်လို့ အချိန်ရှိခဲ့မယ်ဆိုရင် ခရီးသွားရင်း အပန်းဖြေဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ပြောမပြတတ်အောင် မောပန်းနေတာ၊ ဘယ်ကနေ စ,ရမှန်းကို မသိတော့တာဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံးဆွေးနွေးကြည့်ခြင်းမျိုးကိုလည်း လုပ်သင့်ပါတယ်။

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement