backup og meta

body dysmorphic disorder အကြောင်း သိကောင်းစရာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    body dysmorphic disorder အကြောင်း သိကောင်းစရာ

    body dysmorphic disorder ဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ဒီရောဂါဟာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်လို့ပါပဲ။ ဒါ့အပြင် ဒီရောဂါဟာ လူအများအပြားရဲ့ ဘဝကို အနှောင့်အယှက်ပေးနေတာကြောင့် body dysmorphic disorder ရောဂါကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဖူး။

    Body dysmorphic disorder ဆိုတာဘာလဲ

    Body dysmorphic disorder ဆိုတာဟာ လူတယောက်အနေနဲ့ သူ့မှာရှိတဲ့ တခု ဒါမှမဟုတ် တခုထက်ပိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာတွေကို တချိန်လုံးစိတ်ထဲမှာ တွေးတွေးပြီး သောကရောက်နေတဲ့ စိတ်ရောဂါ တမျိုးပဲ ဖြစ်ပါတယ်။ ပြဿနာက သူကသာ အကြီးအကျယ် စိတ်ထိခိုက်နေပေမယ့် အဲ့ဒီ အပြစ်အနာအဆာတွေဆိုတာဟာ တခြားသူတွေအတွက် သတိတောင်မထားလိုက်မိမယ့် အသေးအမွှား အပြစ်အနာအဆာမျိုးလေးတွေသာ ဖြစ်နေလေ့ရှိတာပါ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒါကိုသာ စွဲနေတဲ့အတွက် အင်မတန်ရှက်ရွံ့နေသလို စိုးရိမ်ပူပန်သောကစိတ်တွေ များလာပြီး လူတွေကို ရှောင်လာကာ အပြင်လည်း မထွက်တော့ဘဲ တဖြည်းဖြည်းနဲ့ လူတောမတိုးဖြစ်လာပါတော့တယ်။

    Body dysmorphic disorder ဟာ ဆယ်ကျော်သက်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ကျားမ မရွေး ဖြစ်နိုင်ပါတယ်။ ဆေး ဒါမှမဟုတ် အမူအကျင့်ပိုင်းဆိုင်ရာ ပြောင်းလဲရေး စိတ်ပိုင်းဆိုင်ရာ ကုသမှုနဲ့ ဒီရောဂါကို ကုသနိုင်ပါတယ်။

    ရောဂါလက္ခဏာတွေ

    -ပုံမှန်အားဖြင့်လူတွေအမြင်မှာ အရေးမပါတဲ့ အင်မတန်သေးငယ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အပြစ်အနာအဆာလေးအတွက် အလွန်အကျွံ စိတ်ဖိစီးဆင်းရဲ ပူပန်သောက ရောက်နေတာ။

    -သင့်ကို ရုပ်ဆိုးသွားစေတဲ့ ဒါမှမဟုတ် လူတောမတိုးလောက်အောင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ အပြစ်အနာအဆာမျိုးရှိတယ်လို့ တထစ်ချ ယုံကြည်နေတာ။

    -သင့်ရဲ့ ဆိုးရွားလှတဲ့ ရုပ်ရည်သွင်ပြင်ကြောင့် လူတွေက သင့်ကို အထူးအလည် သတိပြုမိမယ်၊ ဆေးဖော်ကြောဖက် လုပ်မှာမဟုတ်ဖူး ဒါမှမဟုတ် အနိုင်ကျင့်လှောင်ပြောင်ကြမယ်လို့ အခိုင်အမာ ယုံကြည်နေတာ။

    -ရုပ်ရည်အပြစ်အနာအဆာကို ဖုံးဖိဖို့ ဒါမှမဟုတ် ပြုပြင်ဖို့ တချိန်လုံးကြိုးစားနေတာ၊မလုပ်ဘဲ မနေနိုင်တာ(ဥပမာ မှန်တချိန်လုံးကြည့်နေတာ၊ခေါင်းဖီးနေတာ ဒါမှမဟုတ် အရေပြားကို ဆွဲဆွဲနေတာမျိုး)။

    -မိတ်ကပ်တွေ၊ဆံပင်တုတွေ၊ဦးထုပ်တွေ၊အဝတ်အစားတွေ၊ခန္ဓါကိုယ် အနေအထား စတာတွေနဲ့ အပြစ်အနာအဆာ(လို့သူတို့ထင်နေတဲ့ အရာတွေ)ကို ဖုံးကွယ်ဖို့ ကြိုးစားတာ။

    -ကိုယ့်ရုပ်ရည်သွင်ပြင်ကို တခြားလူတွေနဲ့ မနှိုင်းယှဉ်ဘဲ မနေနိုင်တာ။

    -ကိုယ့်ရုပ်ရည်နဲ့ ပတ်သက်ပြီး တခြားသူတွေက နှစ်သိမ့်အားပေးတာကို အမြဲလိုလို ခံချင်တာ။

    -ပြီးပြည့်စုံတဲ့သူ ဖြစ်ချင်တာ။

    -လူတွေနဲ့ တွေ့ဆုံဆက်ဆံပြောဆိုရမယ့် အခြေအနေတွေကို ရှောင်ရှားတာ။

    -မှန်လုံးဝမကြည့်တာ၊ခွဲစိတ်မှု ပြုလုပ်ဖို့ ကြိုးစားတာ၊ကိုယ်ကာယလေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ။

    -ရုပ်ရည်နဲ့ ပတ်သက်ပြီးတော့ပဲ တချိန်လုံးစိတ်ထဲစွဲနေတာကြောင့် ပေါင်းသင်းဆက်ဆံရေး၊အလုပ်၊ကျောင်း ဒါမှမဟုတ် တခြားနေရာတွေမှာ ထိခိုက်မှု ပြဿနာတွေ ကြီးကြီးမားမား ရှိလာတာ။

    •ဒီစိတ်ရောဂါ ဘာလို့ ဖြစ်ရတာလဲ။

    ဒီရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပါဖူး။ ဒါပေမယ့် တခြားသော စိတ်ဝေဒနာတွေလိုပဲ ဒီရောဂါဟာလည်း အကြောင်းတရားတွေ အများကြီးပေါင်းစုံပြီး ဖြစ်လာရတာလို့ အကြမ်းဖျဉ်းယူဆလို့ ရပါတယ်။ဥပမာ

    -မျိုးဗီဇ : လေ့လာမှုတွေအရ body dysmorphic disorder ဟာ အမျိုးထဲမှာ ဒါမျိုးရောဂါရှိတဲ့သူ ဒါမှမဟုတ် obsessive-compulsive disorder လို့ခေါ်တဲ့ စိတ္တဇဝေဒနာတမျိုးရှိသူတွေရှိရင် ပိုပြီး အဖြစ်များတယ်လို့ သိရပါတယ်။

    -ဦးနှောက်ဆိုင်ရာ ပြဿနာတွေ : ဦးနှောက်ဖွဲ့စည်းပုံ ဒါမှမဟုတ် အလုပ်လုပ်ပုံ မူမမှန်ရင်လည်း ဒီစိတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။

    -ပတ်ဝန်းကျင် : ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ဘဝမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ ဒါမှမဟုတ် ဓလေ့ထုံးတမ်းတွေကလည်း body dysmorphic disorder ကိုဖြစ်စေတဲ့ အဓိက တရားခံတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် ရုပ်ရည်

    ဒါမှမဟုတ် ခန္ဓါကကိုယ် ပုံစံအနေအထားကို ဆိုးဆိုးရွားရွား ပြောဆိုဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ကြုံတွေ့ ခဲ့ရရင် ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးဘဝက လျစ်လျူရှုခံခဲ့ရတာ ဒါမှမဟုတ် အနိုင်ကျင့်စော်ကားခံခဲ့ရာတာမျိုးတွေကြောင့်လည်း body dysmorphic disorder ဖြစ်လာနိုင်ပါတယ်။

    •ဘယ်လို အခြေအနေမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ပြသရမလဲ။

    body dysmorphic disorder ကို ခံစားနေရသူဟာ ရှက်တာကြောင့် ဆရာဝန်နဲ့ ပြဖို့ကို အာသီသ ရှိမှာ မဟုတ်ပါဖူး။ ဒါပေမယ့် body dysmorphic disorder ရဲ့ လက္ခဏာတွေကို တွေ့နေရပြီဆိုတာနဲ့ ဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးကျွမ်းကျင်သူဆီ အမြန်ဆုံးသာ ပြသပါတော့။

    body dysmorphic disorder ဟာ သူ့အလိုလို ပျောက်သွားနိုင်တဲ့ ရောဂါမဟုတ်တဲ့အပြင် ဒီအတိုင်းပစ်ထားမယ်ဆိုရင် စိတ်ကျတာ၊စိုးရိမ်ပူပန်သောကရောက်တာ၊ဆေးကုသစရိတ်ကြီးမြင့်တာ၊မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားတာ၊တွေးတော ကြံစည်တာ အစရှိတဲ့ ဆိုးရွားပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေဆီ ဦးတည်လာနိုင်ပါတယ်။

    ဒါကြောင့် အကယ်၍များ သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်ရဲ့ ချစ်သူခင်သူ တယောက်ယောက် အနေနဲ့ body dysmorphic disorder ခံစားနေရပြီလို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး အကူအညီ၊လမ်းညွှန်မှုတို့ကို ရယူပြီး ကုသမှုကို ခံယူခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 06/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement