backup og meta

သတင်းဆိုးတွေ ကြောင့် စိတ်ပင်ပန်းနေရပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သတင်းဆိုးတွေ ကြောင့် စိတ်ပင်ပန်းနေရပြီလား

    ဆိုရှယ်မီဒီယာခေတ်မှာ သတင်းတုယောင်တွေ၊ သတင်းဆိုးတွေ ၊ အနိတ္ထာရုံတွေ၊ ဖရုသဝါစာ ယုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကို ရှောင်လွှဲနိုင်ဖို့ ခက်ခဲလှပါတယ်။ ကလေးသူငယ် လိင်အကြမ်းဖက်မှုတွေကအစ သြစတြေးလျ တောမီးအလယ် ထရမ့်ပ်နဲ့ အီရန်တို့ရဲ့ တင်းမာမှုတွေကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မယ် အဆုံး ဆိုးရွားလှတဲ့သတင်းတွေ၊ ပြဿနာတွေဟာ နေရာတိုင်းကနေ ပေါပေါသီသီထွက်ပေါ်လာနေပါတယ်။

    ဒီလိုသတင်းမျိုးတွေဟာ စိတ်ကျန်းမာရေး အားနည်းသူတွေကိုမပြောနဲ့ သာမန်လူတွေကိုယ်တောင် စိတ်ထဲ တမျိုးတမည် စိတ်မချမ်းမသာဖြစ်စေမှာတော့ အမှန်ပါပဲ။

    လိင်အကြမ်းဖက်မှုတွေ၊ ကိုယ်ဝန်ဖျက်ချမှုတွေ၊ ရောဂါဘယဘေးတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေလို ကိစ္စမျိုးတွေကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ လူသားတွေဟာ အဲ့ဒီ သတင်းဆိုးတွေ ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းဆင်းရဲမှုတွေကို မသိမသာရော သိသိသာသာပါ ခံစားနေရတယ်လို့ ကျွမ်းကျင်သူတွေကလည်း ဆိုထားပါတယ်။ စိတ်ဓာတ်ကျတာတွေ၊ စိတ်ထိခိုက်တာတွေအပြင် စိတ်ရောဂါဖြစ်သွားနိုင်လောက်တဲ့အထိ ဆိုးရွားပါတယ်။

    နေ့စဉ်နဲ့အမျှ စိတ်ညစ်ညူးဖွယ်သတင်းတွေကို မြင်တွေ့နေရတဲ့ ဒီကနေ့ခေတ်မှာ ဒီလို အခြေအနေမျိုးတွေကို ဘယ်လို ထိန်းချုပ်မလဲ။ ဘယ်လို ရင်ဆိုင်တုန့်ပြန်သင့်သလဲဆိုတာကို အကြံလေးပေးချင်ပါတယ်။

    သတင်းဆိုးတွေ ကြောင့် စိတ်မပင်ပန်းစေဖို့ဆိုရင်

    ၁။ အကြောက်တရားကို မရှာဖွေပါနဲ့

    သတင်းဆိုတာမျိုးရဲ့ ၉၉% က ဆိုးရွားတာတွေ စိတ်ညစ်ညူးစရာတွေ အပြည့်နဲ့ ရယ်ပါ။ ကြောက်စရာ ဇာတ်လမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို မြင်ရတဲ့အခါမျိုးမှာ ကြောက်ရွံ့စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်၊ ရွံ့ရှာစိတ်တွေ ဖြစ်ပေါ်တတ်တာ လူ့သဘာဝပါပဲ။ ဒီတော့ ဒါမျိုးအဖြစ်အပျက်တွေကို ရှောင်လွှဲချင်ရင် သတင်းကို တတ်နိုင်သမျှ သတင်းဆိုးတွေ နဲ့ဝေးအောင် ကြိုးစားပါ။ ဖုန်းတွေက News Alert တွေ Noti တွေကို ပိတ်ထားပါ။ အထူးသဖြင့် ညဘက်တွေမှာပေါ့။

    ၂။ ကြောက်တတ်တာတွေကို စာရင်းလုပ်ထားပါ

    စိတ်သောကရောက်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ် လို့မရတဲ့အခါမျိုးမှာ လူတွေရဲ့ ဦးနှောက် အဲ့ဒီကိစ္စတွေကနေ ဖောက်ထွက်ဖို့ နည်းလမ်းရှာပါတယ်။ ဒီလို အာရုံလွှဲနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုကတော့ စာရင်းပြုစုရေးချလိုက်တာပါပဲ။

    ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ စိုးရိမ်ပူပန်မှုတွေ သောကတွေ အကြောက်တရားတွေကို များမျာတွေးပေးပြီး များများရေးချပါ။  ကိုယ့်ရဲ့ ဦးနှောက် ဒါကို များများတွေးမိ လက်ခံမိလာလေလေ မိမိကိုယ်တိုင်လည်း ပိုပြီး တည်ငြိမ်လာလေလေပါပဲ။

    ၃။ အိပ်ယာဝင်ခါနီးမှာ အီလက်ထရွန်န် ပစ္စည်းတွေကို ပိတ်ထားပါ

    အိပ်ရာဝင်ခါနီးမှာ ဖြစ်နိုင်သမျှ ကိုယ့်ရဲ့ ဖုန်း၊ တီဗီ၊ အင်တာနက်စတာတွေကို ပိတ်ထားတာက အကောင်းဆုံးပါပဲ။ ပိုကောင်းတာကတော့ စိတ်နှလုံးအေးချမ်းစေမယ့် စာအုပ်မျိုးလေးတွေ အိပ်ရာဝင်ခါနီး မိနစ် ၂၀ လောက်ဖတ်ပေးတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။

    ၄။ တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးပါ

    ကိုယ် ယုံကြည်စိတ်ချရတဲ့သူတွေကို မျှဝေပြောပြီး စိတ်သက်သာရာရအောင် လုပ်တာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ – အမေတို့ ညီအကိုမောင်နှမတို့ သူငယ်ချင်းတို့နဲ့ပေါ့။

    ၅။ Shake it off

    ဟုတ်ပါတယ်။ တေလာ ဆွစ်ဖ်ရဲ့ သီချင်းလိုပါပဲ။ သတင်းဆိုးတွေကြောင့် စိတ်ထိခိုက်နေရပြီဆိုရင် လူကို အားရပါးရ လှုပ်ခါပစ်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။ တိရစ္ဆာန်တွေဟာ သူတို့ စိတ်လှုပ်ရှားတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကို လှုပ်ခါပစ်လိုက်တာမျိုးသဘောတရားပါပဲ။

    ၆။ အတင်းအကျပ် ပြန်မတိုက်ထုတ်နေပါနဲ့

    စိတ်သောကရောက်စရာတွေ၊ စိတ်ညစ်စရာ သတင်းတွေ ဖတ်မိလို့ ကိုယ်ပါ စိတ်ဆင်းရဲနေရပြီဆိုရင် အတင်း မေ့ဖျောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။ လုပ်စရာရှိတာကို သက်သောင့်သက်သာလုပ်နိုင်ဖို့သာ အာရုံစိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အတင်းအကျပ် မေ့ဖျောက်ပစ်ဖို့ လုပ်တာက စိတ်ထဲပိုစွဲစေပါလိမ့်မယ်။

    ၇။ ကိုယ်လုပ်နိုင်တာတွေကိုပဲလုပ်ပါ

    စိတ်ညစ်ညူးစရာတွေ မြင်ရတွေ့လို့ တမျိုးတမည် ခံစားနေရပြီဆိုရင် သီချင်းအော်ဆိုလိုက်တာမျိုး၊ ငွေကြေးလှူဒါန်းလိုက်တာမျိုး၊ ကိုယ့်ကိုပျော်ရွှင်စိတ်ချမ်းမြေ့စေမယ့် ပို့စ်တွေ မျှဝေလိုက်တာမျိုး ကိုယ့်စိတ်ထဲ ကျေနပ်သွားစေမယ့်ဟာမျိုးလေးတွေ ကိုယ်နိုင်သလောက် လုပ်လိုက်ပါ။ ပျော်လာပါလိမ့်မယ်။

    ၈။ အကျိုးအကြောင်းသင့်လျော်တဲ့ အဖြေတွေကို ရှာဖွေပါ

    တကယ်လို့ စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးတွေ အကြောင့် စိတ်ညစ်ညူးနေရရင် အကျိုးသင့်အကြောင့်သင်း ရှင်းလင်းပြနိုင်တဲ့သူမျိုးဆီက အဖြေရယူပါ။ ရဲရဲဝံ့ဝံ့ပြန်လည်ဖြေကြားကြည့်ပါ။ တစ်ဖက်လူရဲ့ အကျိုးသင့်အကြောင်းသင့် ဖြေရှင်းချက်တွေက ကိုယ့်ကို စိတ်သက်သာစေမှာ အမှန်ပါပဲ။

    ၉။ အသက်ကို မှန်မှန်ရှူပါ

    တစ်ခုခု စိတ်လှုပ်ရှားစရာမျိုးတွေ ကြုံလာရတဲ့အခါ အသက်ကို မှန်မှန်ရှူဖို့ အနီးဝန်းကျင်က လူကြီးမိဘတွေက ပြောလေ့ရှိပါတယ်။ မှန်ပါတယ်။

    ဒီနည်းလမ်းဟာ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။  စတန်းဖို့ဒ် တက္ကသိုလ်က ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ မာ့ခ် ကရန်စနိုးရဲ့ အဆိုအရဆိုရင် အသက်ကို ရှူနှုန်းတည်ငြိမ်မှန်ကန်တာက စိတ်ကိုလည်း တည်ငြိမ်စေတယ်လို့ ဆိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement