backup og meta

ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

    ထိပ်တန်း ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ DOCTOR WHO ထဲက သရုပ်ဆောင် ခရစ္စတိုဖာ အကယ်လ်စတန်က သူ့မှာ Anorexia Nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချစားသောက်တဲ့ စိတ်ဝေဒနာမျိုး ခံစားနေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ Anorexia လို့ အတိုကောက်ခေါ်ဆိုကြတဲ့ အဝကြောက်ရောဂါဆိုတာ ဘယ်လိုမျိုးလဲ။ ကိုယ်တိုင်ကရော ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဆိုတာ ဆန်းစစ်လိုက်ရအောင်နော်။

    ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား

    ဒီကနေ့ခေတ် လူငယ်အများစုဟာ ကိုယ့်ခန္ဓာကိုယ် ဝဖြိုးလာမှာကို စိုးရိမ်ထိတ်လန့်တတ် ကြပါတယ်။ Gym တွေဆော့ကြတယ်၊ အစားအသောက်တွေ ခြိုးခြံဆင်ခြင်ကြတယ်။ ဒီလိုပြုမူနေထိုင်ကြရခြင်းရဲ့ အဓိကအကြောင်းပြချက်ကတော့ ကိုယ်အလေးချိန် နည်းပါးတာဟာ လှတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယူဆချက်ကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီလိုကိုယ်အလေးချိန် တက်လာမှာကို ကြောက်ရွံ့တဲ့စိတ်ဟာ လွန်ကဲလာတတ်ပြီး အဆိုးဆုံးအခြေအနေမှာတော့ Anorexia လို့ခေါ်ဆိုတဲ့ စိတ်ဝေဒနာအဆင့်ကို ရောက်ရှိသွားတတ်ပါတယ်။

    Anorexia ဟာ မိမိခန္ဓာကိုယ်ဟာ အလေးချိန်တိုးလာတော့မယ်ဆိုတဲ့ သံသယစိတ်လွန်ကဲတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချတာတွေ၊ ကိုယ်အလေးချိန် အလွန်အမင်းလျှော့ချတာတွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေမိတတ်ပါတယ်။ ဒီရောဂါဝေဒနာ ခံစားနေရသူတွေဟာ အသက်အရွယ်၊ အရပ်အမောင်းနဲ့ မလိုက်ဖက်အောင် နည်းလွန်းတဲ့ ကိုယ်အလေးချိန်ရှိနေစေဖို့ အပြင်းအထန်ကြိုးပမ်းကြလေ့ရှိပါတယ်။

    အထူးသဖြင့် အစားအသောက် လျှော့ချကြတာပါ။ ဒီစိတ်ဝေဒနာမျိုး ရှိနေသူတွေဟာ ကိုယ်အလေးချိန်အလွန်နည်းနေသော်လည်း မိမိကိုယ်အလေးချိန်အပေါ် ထင်ယောင်ထင်မှားအမြင်တွေရှိနေပြီး ဝိတ်ကျအောင် ဝမ်းနှုတ်တာမျိုး၊ အန်အောင်လုပ်တာမျိုးတွေအထိ အလွန်အကျွံလုပ်တတ်ကြပါတယ်။

    Anorexia ဝေဒနာခံစားလာရပြီဆိုရင် သိသာထင်ရှားတဲ့ ရောဂါလက္ခဏာအမျိုးမျိုးကို ပြသလာတတ်ပါတယ်။ သူတို့ရဲ့ အပြုအမူတွေဟာ ဂရုတစိုက် စောင့်ကြည့်စရာမလိုပဲကို သိသာထင်ရှားနေတတ်ပါတယ်။ အောက်ပါ လက္ခဏာမျိုးတွေဖြစ်ပါတယ်။

    • အလွန်အကျွံ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း 

    အလွန်မင်း ခြိုးခြံခြင်းဟာ Anorexia ရဲ့ အရေးပါတဲ့ ရောဂါလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ အဆိုပါရောဂါ စတင်ဖြစ်လာသူတွေဟာ ပိန်ဆေးအလွန်အကျွံသောက်သုံးတာမျိုး၊ အစားအစာတွေကို စားသုံးပြီးတိုင်း အန်အောင် အန်ဆေးတွေသောက်နေတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။

  • အစားအစာ၊ ကယ်လိုရီနဲ့ ဝိတ်ချခြင်းတွေအပေါ် စွဲလန်းနေခြင်း 
  • သူတို့ရဲ့ စိတ်ထဲမှာ ဝိတ်ကျစေမယ့် အစားအစာတွေ၊ ကယ်လိုရီပါခြင်း မပါခြင်းတွေနဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းတွေအပေါ်မှာ အကြီးအကျယ် စွဲလန်းနေတတ်ပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေကို အာရုံထားနေမိပြီး အမြဲတမ်းလည်း ဒီကိစ္စတွေကိုပဲ ပြောနေလေ့ရှိပါတယ်။ အစားအသောက်စားခါနီးတိုင်းမှာလည်း ကယ်လိုရီဘယ်လောက်ပါလဲ၊ ဝမှာလား ဆိုတာမျိုးတွေပဲ တွေးနေတတ်ကြပါတယ်။ အစာစားပြီးတိုင်း ဝိတ်ပြေးပြေးချိန်နေတာမျိုး ဒါမှမဟုတ် တနေ့ကို ၄၊ ၅၊ ၆ ခေါက်လောက် ဝိတ်ချိန်ကြည့်နေတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

    • စိတ်အခြေအနေပြောင်းလဲလာခြင်း 

    စိတ်ဖိစီးမှုများလာတာမျိုး၊ ပူပင်သောကများလာတာမျိုး၊ မျောက်ရှုံးလောက်အောင်ကို မတည်မငြိမ်ဖြစ်နေတတ်တာမျိုး၊ ဇီဇာကြောင်လာတာမျိုး၊ စိတ်လိုက်မာန်ပါဖြစ်လာတာမျိုးတွေကလည်း Anorexia ရဲ့ ရောဂါလက္ခဏာတွေပါပဲ။ အထူးသဖြင့် သာမန်လူတွေအတွက် ပျော်ရွှင်ဖွယ်ဖြစ်နေတဲ့ ကိစ္စမျိုးတွေမှာတော့ သူတို့အတွက် ပျော်စရာလို့ မခံစားရတော့တာမျိုးတွေပါဖြစ်လာပါလိမ့်မယ်။

    • ပုံပျက်ပန်းပျက်ဖြစ်လာတယ်လို့ အမြဲထင်နေခြင်း

    Anorexia ဝေဒနာခံစားနေရသူတွေက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်တွေကို ဘယ်တော့မှ ကျေနပ်လေ့ မရှိပါဘူး။ ဘယ်လောက်ပဲ ပိန်ပိန် ကာယကံရှင်ကိုယ်တိုင်က ကိုယ့်ကိုယ်ကို ဝနေတယ်၊ ဝလာနိုင်တယ်ဆိုတဲ့ စိတ်ခံစားချက်တွေမျိုး အမြဲမပြတ်ဖြစ်နေတတ်ပါတယ်။

    Anorexia ရောဂါဖြစ်နေသူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေရတာကို သဘောတွေ့နေတတ်ပါတယ်။ ဝိတ်လျှော့ချနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ Anorexia ဖြစ်သူတွေမှာ အစားအသောက်ပိုင်းလျှော့ချဖို့ စွဲလမ်းတာပြီးရင် လေ့ကျင့်ခန်းအလွန်အမင်းလုပ်ဖို့ စွဲလမ်းတာက ဒုတိယမြောက် အဖြစ်အများဆုံး စွဲလမ်းမှုဖြစ်ပါတယ်။

    သူတို့ဟာ ဗိုက်ဆာနေပေမယ့် အစာမစားဘဲ ပေတေနေတတ်ကြပါတယ်။ အစားအစာတွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်မျိုး ပြည့်ဝလာအောင် စားသောက်ခြင်းမရှိကြသလို အစာကို လုံးဝမစားဖို့တောင် တွေးကြံနေကြပါလိမ့်မယ်။

    • အရက်နဲ့ မူးယစ်ဆေးစွဲခြင်း

    ဆာလောင်မှုကို ထိန်းချုပ်ဖို့ အရက်၊ မူးယစ်ဆေးစတာတွေကို အစားထိုးလာတတ်ကြပါတယ်။ ဒါတွေကို စွဲလမ်းသွားတတ်သလို ဆာလောင်စိတ်နဲ့ ပေါင်းစပ်ပြီး စိတ်ဆိုး စိတ်တိုလွယ်လာတာကြောင့် အရက်စွဲတာ၊ ဆေးစွဲတာတွေ မကြာခဏ ကျူးလွန်လာတတ်ကြပါတယ်။

    • ကျန်းမာရေးထိခိုက်တဲ့အထိ ဝိတ်ချခြင်း

    ရှိရှိသမျှ အပြင်းထန်ဆုံးနည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်လျှော့ချတာဟာ Anorexia ရဲ့ အသိသာဆုံး လက္ခဏာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပိန်တယ်လို့ ခံစားရစေဖို့ ဘာမဆိုလုပ်ကြမှာဖြစ်ပြီးတော့ ဘယ်တော့မှလည်း ပိန်တယ်လို့ ခံစားရခြင်းမျိုးမရှိပါဘူး။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ဟာ အရိုးပေါ် အရေတင်ဖြစ်နေရင်တောင်မှ ပိန်ဖို့လိုအပ်သေးတယ်လို့ ခံစားနေရတတ်ပါတယ်။ လေ့လာချက်တွေအရ Anorexia ဝေဒနာရှင်တွေဟာ သူတို့အမှန်တကယ်ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်မျိုးထက် ၁၅% ထက်မနည်း လျော့ကျနေတတ်ပါတယ်။

    Anorexia ဟာ ဆိုးရွားတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီဝေဒနာရဲ့ အဆိုးဆုံးအချက်ကတော့ စိတ်ပိုင်းသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေပါ ထိခိုက်လာတာပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန် အလွန်အမင်းလျှော့ချခြင်းကြောင့် အစာအိမ်၊ ကူးစက်ရောဂါတွေနဲ့ ခုခံအားနည်းတဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။

    နောက်ပြီး ဒီရောဂါမျိုး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ ဆယ်ကျော်သက်မတိုင်မီ/ ဆယ်ကျော်သက်/လူငယ်အရွယ်တွေမှာလည်း အဖြစ်များပါတယ်။ ကုသချိန်နောက်ကျရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကဲ …. ကိုယ်တိုင်ရော ဝမှာကြောက်တဲ့ စိတ်ဝေဒနာရှင်တွေဖြစ်နေကြပြီလား ဆိုတာ အဖြေထွက်ပြီလား။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement