backup og meta

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

    ရဘူးလား နောင်တ….နောင်တ မရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက် ဒေါသအလျောက် လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။ နောင်တ ဆိုတာကလည်း နောင်မှ ရတတ်တာမျိုးလေနော်။ သိပ်အလေးအနက်မထားတတ်တဲ့ သူတွေကျတော့လည်း ခပ်မြန်မြန်ပဲ မေ့ပျောက်သွားကြပါတယ်။

    နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

    စိတ်ခွန်အားကောင်းတဲ့သူတွေကလည်း နောင်တကို  တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင် အသုံးချလိုက်သေးတယ်။ တချို့ကတော့နောင်တတရားကို တစ်သက်လုံးပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရော ဘယ်လိုလူလဲ။ နောင်တတရားကို ပိုက်ထားတတ်လား၊ မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ်အသုံးချတတ်လား။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား !

    နောင်တ ဆိုတာက

    နောင်တ ဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ ကောင်းတဲ့ စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့် နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြောင့်လည်း နောင်တရသလို ခံစားချက်မျိုး ဖြစ်စေနိုင်ပါတယ်။ တစ်ခါတလေကိုယ်ကိုယ့်ကို မကောင်းတဲ့သူအဖြစ် ထင်မှတ်တာမျိုးထိတောင် ဆိုရွားနိုင်ပါတယ်။ နောင်တရတဲ့ ခံစားချက်ဖြစ်ပေါ်တဲ့အခါ ပျော်ရွှင်မှုတွေက အလိုလိုပျောက်ဆုံးလာပါတယ်။ စိတ်ညစ်သလိုလို၊ စိတ်ထဲတစ်ခုခုကို မကျေနပ်သလိုခံစားရနိုင်ပါတယ်။ ဒီလို အပျက်သဘောဆောင်တဲ့ ခံစားချက်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားမှုက စိတ်ဖိစီးမှုကို တိုးလာစေသလို စိတ်ကျဝေဒနာခံစားရတဲ့အထိတောင်ဖြစ်လာနိုင်ပါတယ်။

    မြင်သာတဲ့ ရလဒ်တွေအနေနဲ့ မြင်တွေ့ရမှာတွေကတော့ အလုပ်ခွင်မှာ ထိခိုက်လာမယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ထိခိုက်လာမယ်။ ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းလာမယ်။ အလုပ်လုပ်တဲ့အခါ အမှားများလာမယ်။ အမြဲလိုလိုဒေါသဖြစ်နေတာမျိုးတွေ ခံစားလာရနိုင်ပါတယ်။ ကိုယ်ပြင်ဆင်လို့ရရက်နဲ့ မပြင်ဆင်ခဲ့တာကြောင့် နောင်တရတာကတော့ ဖြစ်သင့်တယ်လို့ ဆိုလို့ရပေမယ့် အချို့ကိစ္စတွေက ကိုယ်တိုင်က ကောင်းစေချင်လို့ လုပ်ပေးရက်နဲ့ ချွတ်ချော်ခဲ့တာတွေကြောင့် ဆိုရင်တော့ ရုန်းထွက်ပါလို့ ပြောပါရစေ။ နောင်တတရားက ကြာကြာမွေးထားရင် စိတ်ရောကိုယ်ပါ ထိခိုက်စေရုံထက် ဘာမှပိုပြီးအကျိုးမပြုပါဘူး။

    စိတ်ကျန်းမာရေးနဲ့ နောင်တတရား

    နောင်တတရားက တစ်ခါတလေမှာ ပြောင်းလဲမှုကို ဖြစ်စေနိုင်ပါတယ်။ နောင်တတရားက အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုကနေ ဖြစ်ပေါ်လာတာများပါတယ်။ နောင်တရတဲ့ခံစားမှုကို ခံစားရတဲ့အခါ –

    • တဖက်သတ်ဆန်ဆန် ဆုံးဖြတ်ချက်တွေ ချမှတ်တတ်တယ်။ ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ အားနည်းလာတာမျိုးပေါ့။
    • စိတ်ဖိစီးမှုကြောင့် မကောင်းတဲ့ခံစားချက်ကိုဖြစ်စေတဲ့ ကိစ္စရပ်တွေကို အကြိမ်ကြိမ်တွေးတာကြောင့် အပြုအမူပိုင်းမှာ ထိခိုက်လာနိုင်ပါတယ်။
    • ဝမ်းနည်းမှုကို ကာလရှည်ကြာခံစားတယ်။
    • ကိုယ့်ကိုယ်ကို အပြစ်ရှိသလို ခံစားတယ်။
    • ရှက်ရွံ့သလိုခံစားရမယ်။
    • ဒေါသဖြစ်မယ်။

    နောင်တတရားကို ဒီလိုအနိုင်ယူပါ

    နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား ! မဟုတ်ဘူး ဆိုရင်တော့

    • နောင်တတရားကို ကောင်းကောင်းအသုံးချတတ်ပါစေ

    နောင်တတရားက ကောင်းကောင်းအသုံးချတတ်တဲ့သူတွေအတွက်တော့ ကောင်းမွန်တဲ့အတွေ့အကြုံပေါ့။ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ ကောင်းကောင်းတွေချမှတ်နိုင်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ လေ့လာမှုတွေအရ နောင်တတရားကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်တဲ့အခါမှာဖြစ်ဖြစ်၊ ကိစ္စရပ်တွေကို ကိုယ်တွယ်ဖြေရှင်းတဲ့အခါမှာဖြစ်ဖြစ်၊ လေ့လာသင်ယူရာမှာဖြစ်ဖြစ် ကောင်းမွန်တဲ့အတွေ့အကြုံတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်နောင်တရစရာတွေကိုကောင်းကောင်းအသုံးချတတ်ပါစေ။ နောင်တရစေတဲ့ အကြောင်းအရာက ပြင်ဆင်ခွင့်ရှိတဲ့အရာဆိုလည်း မြန်မြန်သာပြင်ဆင်လိုက်ပါ။

  • လက်ခံတတ်ပါစေ
  • လူတိုင်းက ပြီးပြည့်စုံဖို့မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို သဘောပေါက်ဖို့လိုပါမယ်။ ရောင့်ရဲဖို့ပေါ့။ လူဆိုတာက အကုန်လုံးကို စွမ်းဆောင်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားရင် ကိုယ်မစွမ်းဆောင်နိုင်တဲ့အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ နောင်တတရားကို ခံနိုင်ရည်ရှိသွားပါလိမ့်မယ်။

  • စိတ်တွင်းခံစားမှုကို နားလည်အောင်လုပ်ပါ
  • တစ်ခါတလေ ဒေါသအလျောက် စိတ်ထဲက ဖြစ်စေချင်တာ၊ လုပ်ချင်တာကတစ်မျိုး ပြင်ပမှာပြုမူမိနေတာက တစ်မျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပြင်မရတဲ့နေင်တတွေမရစေဖို့ စိတ်ထဲကဖြစ်ချင်တဲ့ ဆန္ဒကို အရင်နားထောင်ပြီးမှ အပြုအမူကို ဆက်လုပ်ပါ။ စိတ်ထင်တိုင်းမလုပ်ပါနဲ့။ ဒေါသတကြီးနဲ့ မပြုမိခင် ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုတင်စဉ်းစားပေါ့။

    • ကျေးဇူးတင်တတ်ပါစေ

    ဘာမှမဆိုင်သလို ထင်စရာရှိတယ်နော်။ ဒါက တစ်ခါတလေဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကူညီပေးတဲ့သူတွေ၊ ဂရုစိုက်ပေးတဲ့သူတွေကိုကျေးဇူးမတင်မိလို့နောင်တရဖူးလား။ အထူးသဖြင့် ကိုယ့်ကိုချစ်တဲ့သူတွေလေ။

    သူတို့လုပ်ပေးနေတာ စိတ်ပူပေးတာကို တစ်ခါတလေ အမှုမဲ့အမှတ်မဲ့နဲ့ ထားလိုက်တတ်တယ်လေ။ တိုက်ဆိုက်တဲ့အခြေအနေတစ်ရပ်ကို မြင်လိုက်တဲ့အခါမျိုးမှာ ကြုံကြိုက်တဲ့အခါမျိုးဖြစ်ဖြစ်၊ ကိုယ်တိုင်က စေတနာနဲ့လုပ်ပေးတာကို ကျေးဇူးတင်မခံရတဲ့အခါမျိုးမှဖြစ်ဖြစ် သတိပြုမိတာမျိုးပေါ့။ ဒီလိုအချိန်မှာ စိတ်မကောင်းမဖြစ်စေဖို့ မေမေဖေဖေတွေ၊ ညီအစ်ကိုမောင်နှမနဲ့ မိတ်ဆွေတွေက ဂရုစိုက်ပေးမှုကို ကျေးဇူးတင်တတ်ပါစေ။ ကျေးဇူးတင်တတ်တာ၊ အသိအမှတ်ပြုတတ်တာက စိတ်ကျန်းမာစေတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

  • ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို သိပါစေ
  • ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့် ရလာတဲ့နောင်တတရားတွေကို ရင်မှာပိုက်ထားမယ့်အစား ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို သိအောင်လုပ်ပြီး အကောင်အထည်ဖော်ဖို့ စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားလိုက်ပါ။ ကိုယ်ဝါသနာပါရာကို စိတ်နှစ်လုပ်ဆောင်ရင်း နောင်တတရားထဲကနေ ရုန်းထွက်စေချင်တာပါ။

    • တောင်းပန်လို့ရနိုင်ရင် တောင်းပန်ပါ။ ခွင့်လွှတ်စရာရှိရင် ခွင့်လွှတ်ပါ

    ဒီလိုပြောရတာက တစ်ခါတလေနောင်တရစရာက တောင်းပန်ရမယ့် အနေအထားတစ်ရပ်ကနေ ဖြစ်လာတာပါ။ တစ်ခါတလေမှာက ခွင့်လွှတ်ပေးရမယ့် အနေအထားကနေ ဖြစ်လာတာပါ။ ဒါကြောင့် တောင်းပန်လို့ရမယ့် အနေအထားမျိုးဆိုရင်တောင်းပန်လိုက်ပါ ။ ခွင့်လွှတ်ရမယ့်အနေအထားဆိုရင်တော့မြန်မြန်သာခွင့်လွှတ်လိုက်ပါ။ အပန်းမကြီးပါဘူး။

    လူတစ်ယောက်ကို ခွင့်လွှတ်ပေးတာက စိတ်လက်ပေါ့ပါးစေတဲ့ အရာတစ်ခုမို့လို့ပါ။ နောင်တရနေမယ့်အစား ယုံကြည်မှုတည်ဆောက်ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ဖန်တီးလို့ ရှေ့ဆက်လျှောက်ပေါ့။

    ကိုယ်ပြုပြင်လို့ မဖြစ်နိုင်တာတွေအတွက်တော့ အရမ်းကြီးနောင်တရမနေစေချင်ဘူး။ ပြင်ဆင်ခွင့်ရှိရင်တော့ မြန်မြန်သာပြင်ဆင်လိုက်တော့လေနော်။ ကဲ တစ်သက်လုံးနောင်တ တရားနဲ့နေမလား၊ စိတ်လက်ပေါ့ပါးစွာနဲ့ ရှေ့ဆက်မလား စဉ်းစားပေါ့…….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 08/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement