backup og meta

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

    ခံစားချက်တွေဆိုတာ လူတစ်ဦးတစ်ယောက်စီကနေ နောက်တစ်ယောက်ကို ဆင့်ပွားကူးပြောင်းဖို့ အရမ်းလွယ်တဲ့အရာပါ။ ပျော်ရွှင်နေတဲ့ သူတစ်ယောက်ကို ကြည့်လိုက်တဲ့အခါ ကိုယ့်စိတ်ထဲမှာပါ ပျော်ရွှင်တဲ့ခံစားချက် ဖြစ်လာတာမျိုး၊ လူနှစ်ယောက် မေတ္တာစစ်နဲ့ ချစ်တာကို မြင်ရတဲ့အခါမှာ မြင်ကြည့်နေရတဲ့သူပါ ရင်ထဲ ကြည်နူးပီတိ ဖြစ်မိတာမျိုးလိုပါပဲ။ မကောင်းတဲ့ စိတ်ခံစားချက်တွေဟာလည်း တစ်ယောက်ကို တစ်ယောက် ကူးပြောင်းတတ်သလို နဂိုရှိနေတဲ့ ခံစားချက်ကနေ နောက်ထပ် ခံစားချက်တစ်ခုကိုပါ အသွင်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။

    စိုးရိမ်ပူပန်ခြင်းနဲ့ ဒေါသ

    စိုးရိမ်ပူပန်ခြင်းဆိုတာ ကိုယ့်ရဲ့သိစိတ်ကို အရာတစ်ခုခုက ခြိမ်းခြောက်နေခြင်းကြောင့် ဖြစ်လာတဲ့ ပူလောင်ခြင်း၊ စိုးရိမ်မှု ခံစားချက်ပါ။ ဒေါသဆိုတာလည်း ဒီအရာကို သိစိတ်နဲ့ မသိစိတ်က တုံ့ပြန်လိုက်တဲ့ မကောင်းတဲ့ ခံစားချက်တစ်မျိုးပါ။ အဓိက မကောင်းတဲ့ခံစားချက်တွေ ဖြစ်နေချိန်မှာ စိတ်ဖိစီးမှုဟော်မုန်းဖြစ်တဲ့ ကော်တီစော်ဟော်မုန်း (Cortisol) တွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို ကမောက်ကမဖြစ်စေပြီး စိုးရိမ်ပူပန်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ စွဲလမ်းစိတ် စတဲ့ မကောင်းတဲ့ခံစားချက်တွေကို ပွားများလာစေဖို့ လောင်စာဖြစ်စေပါတယ်။

    တခြား ဘယ်လိုဆက်စပ်နေနိုင်သေးလဲ။

    စိုးရိမ်ပူပန်လွန်ကဲတဲ့သူတစ်ယောက်ဟာ နောက်ဆက်တွဲအနေနဲ့ ဒေါသကပ်ပါလာတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ လူတစ်ယောက် စိုးရိမ်ပူပန်လွန်ကဲခြင်းကို ဖြစ်စေဖို့ အကြောင်းအရာ တစ်ခုခုအပေါ် ဦးနှောက်နဲ့ မသိစိတ်က အလိုအလျောက် တုံ့ပြန်တတ်တဲ့ အပြုအမူဆိုလည်း မမှားပါဘူး။ လူတွေ စိုးရိမ်ပူပန်နေတဲ့အခါ မကောင်းတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လွှတ်နေတဲ့အပြင် ခံစားသိရှိနေတဲ့စိတ်ဟာ တင်းကြပ်နေပြီး စိတ်ဖိစီးနေတတ်တယ်။ ဒီလို တင်းကျပ်မှုကို ဖြေလျှော့ပေးဖို့အတွက် ဒေါသအဖြစ်နဲ့ အပြင်ကို လွှတ်ထုတ်ပေးလိုက်တာဆိုလည်း မမှားပါဘူး။

    နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ မကောင်းတဲ့ ခံစားချက်မျိုး ဝင်နေချိန်မှာ လူတစ်ယောက်ရဲ့ သိစိတ်က အထိန်းအကွပ်မဲ့နေတဲ့ အခြေအနေမှာ ရောက်နေပါပြီ။ အထူးသဖြင့် အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်လွန်လာတဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး စိတ်အာရုံ စုစည်းမရ၊ ဘာကိုမှ တွေးမရတော့ဘဲ ခေါင်းတွေ မူးလာသလို တစ်ချိန်တည်းမှာပဲ ဒေါသအနေနဲ့ ပတ်ပတ်လည်ကို တုံ့ပြန်မိလိုက်တတ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် စိုးရိမ်ပူပန်ခြင်းဟာ စိတ်အတွင်းမှာ ဖြစ်တဲ့ မကောင်းတဲ့ခံစားချက် ပုံစံမျိုးဖြစ်ပြီး ဒေါသဆိုတာ ဒီခံစားချက်ကို အမူအရာအဖြစ်နဲ့ အသွင်ပြောင်းလဲလိုက်တာလို့ ဆိုနိုင်ပါတယ်။

    ဘယ်လို ရောဂါလက္ခဏာမျိုးတွေ ရှိလဲ။

    မကောင်းတဲ့ ခံစားချက်တော်တော်များများ ဝင်လာတဲ့အခါ စိတ်နဲ့ ခန္ဓာမှာ ပြောင်းလဲလာတဲ့ ပုံစံက အတူတူနီးပါး ထပ်တူကျတာကို တွေ့ရပါတယ်။ ဒီလက္ခဏာတွေထဲမှာ

    နှလုံးခုန် မြန်လာခြင်း

    • ရင်ဘတ်ထဲမှာ မွန်းကျပ်လာခြင်း

    • ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားများ တင်းလာခြင်း

    • သွေးစီးဆင်းမှုမြန်လာသလို အပူလှိုင်းများ ပိုဖြတ်လာသလို ခံစားရခြင်း

    ဗိုက်အောင့်ဗိုက်နာလာခြင်း

    • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    များသောအားဖြင့် ဒီလက္ခဏာတွေဟာ ဒေါသ၊ စိုးရိမ်ပူပန်နေတာ အနည်းငယ် သက်သာသွားပြီဆိုတာနဲ့ ပြေလျော့သွားနိုင်ပါတယ်။

    ဒီအခြေအနေဟာ စိုးရိမ်စရာရှိလား။

    လူမှန်ရင်တော့ ဘယ်သူမှ အချိန်ပြည့် စိတ်ချမ်းသာ ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ လောကဓံ အခက်အခဲတွေကို ရင်ဆိုင်ရတာချင်းအတူတူ စိုးရိမ်၊ ဒေါသ ဖြစ်ရတဲ့အချိန်တွေဆိုတာလည်း ရှိနိုင်ပါတယ်။ ဒါက လောကရဲ့ ဓမ္မတာပါ။ တစ်ခါတလေ ဖြစ်တဲ့ ပြဿနာဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ကောင်းသော ပုံစံဖြင့် ပြောင်းလဲလိုက်လို့ ရပါတယ်။ အမြဲတမ်းလိုလို မကောင်းတဲ့ခံစားချက်မျိုး ကြုံတွေ့ခံစားနေရတာဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်နဲ့ သေချာပြသပြီး စိတ်ကုထုံးဖြင့် ကုသမှုခံယူတာမျိုး လုပ်ကြည့်သင့်ပါတယ်။

    စိတ်ဆိုး၊ ဒေါသဖြစ်နေချိန်မှာ ဘာတွေ လုပ်သင့်လဲ။

    စိုးရိမ်ပူပန်တာ၊ ဒေါသဖြစ်နေတာမှ မဟုတ်ပါဘူး။ ရံဖန်ရံခါ ဖြစ်တတ်တဲ့ မကောင်းတဲ့ခံစားချက်တွေ ဝင်လာချိန်မှာ

    ၁။ အရင်ဆုံး အိပ်ပျော်သွားအောင် အိပ်လိုက်ပါ။ မအိပ်ချင်ဘူးဆိုရင်လည်း မျက်လုံးကို မှိတ်ပြီး ကိုယ့်စိတ်ကို အနားပေးကြည့်ပါ။

    ၂။ ၁ ကနေ ၁၀၀ အထိ နံပါတ်စဉ်ကို ဖြည်းဖြည်းချင်း စိတ်ထဲမှာ ရွတ်လို့ရသလို အသက်ရှူလေ့ကျင့်ခန်းကိုလည်း လုပ်ပေးလို့ ရပါတယ်။

    ၃။ ဒေါသဖြစ်စရာ၊ စိုးရိမ်စရာ အကြောင်းအရာတစ်ခုခုကို ခေါင်းထဲက ထုတ်မရဘူးဆိုရင် အလုပ်တစ်ခုခု ပြောင်းလုပ်ပါ။ ဘာမဆို လုပ်လို့ ရပါတယ်။

    ၄။ အစာတစ်ခုခု ထစားလိုက်ပါ။ ရေဝအောင် သောက်လိုက်ပါ။ အစာစားခြင်းဟာ ကိုယ့်ရဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေရုံသာမက ဒေါသထွက်နေတဲ့စိတ်ကို အနည်းငယ် ပြေလျော့စေနိုင်ပါတယ်။

    ၅။ ကိုယ့်ရဲ့ လောင်နေတဲ့စိတ်ကလေး ငြိမ်းသွားပြီဆိုရင် ပြဿနာကို ခေါင်းအေးအေး ထားပြီး စဉ်းစားပါ။ အဖြေတစ်ခုရအောင် စဉ်းစားပါ။ လူတွေနဲ့ ညှိနှိုင်းပါ။

    ဒီနည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ တဒင်္ဂ လောင်နေတဲ့စိတ်ကလေးကို ထိန်းချုပ်ကြည့်လို့ ရပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement