backup og meta

အတွေးလွန်ခြင်းကို ဖြေလျှော့နိုင်ဖို့ နည်းလမ်းငါးသွယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတွေးလွန်ခြင်းကို ဖြေလျှော့နိုင်ဖို့ နည်းလမ်းငါးသွယ်

    အတွေးလွန်ခြင်းဆိုတာ တစ်ခါမှအရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သင့်ကိုမကြာခဏ စိတ်ဖိစီးမှုပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက်ကတော့ ဘဝရဲ့သဘာဝကျတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့စိတ်ထဲမှာ အတွေးတွေက အမျိုးမျိုးဖြစ်ပေါ်နေတာကြောင့် ဒီလိုတွေးနေမိကြောင်းကို သတိတောင်မထားမိကြတာများပါတယ်။ အတွေးလွန်တတ်တဲ့အကျင့်ဆိုးကို တွန်းလှန်နိုင်ဖို့ကတော့ အောက်ပါအဆင့်၅ဆင့်ကို လုပ်ဆောင်နိုင်ပါတယ်။

    သင့်မှာအတွေးလွန်တဲ့ပြဿနာရှိနေတယ်လို့ ဝန်ခံလိုက်ပါ

    ဖြစ်လာတဲ့အကြောင်းအရာတွေကို လက်ခံပေးလိုက်ဖို့ သင့်မှာအခက်အခဲရှိနေရင်၊ ဒါမှမဟုတ် ပြောဆိုခဲ့တဲ့စကားတွေ၊ ကြုံခဲ့တဲ့အကြောင်းအရာတွေကို သင့်စိတ်ထဲမှာ အပြန်ပြန်အလှန်လှန်ပြန်တွေးမိနေရင်၊ ဆုံးဖြတ်ချက်တွေချဖို့ အတော်စဉ်းစားနေရရင်၊ ဒါမှမဟုတ် သင်ဟာ စိတ်မကြည်လောက်စရာကိစ္စတစ်ခုခုရှိလာတဲ့အခါ အဆိုးမြင်လာတာ၊ စိတ်ဓါတ်ကျလာတာတွေဖြစ်လာရင် သင်ဟာ အတွေးလွန်တတ်သူ ဖြစ်နေပါပြီ။

    သိပ်မသေချာဘူးဆိုရင်တော့ သင့်အပေါ်မှာ ရိုးသားတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတွေကို မေးကြည့်ပါ။ သူတို့ဟာ သင်ကိုယ်တိုင်မသိနိုင်ရင်တောင် ဒါတွေကို သတိထားမိတတ်ကြပါတယ်။ သင်မေးလိုက်တဲ့သူက သင့်အတွက်ယုံကြည်ရတဲ့သူဖြစ်ရုံမက မျှတတဲ့ဘဝအမြင်ရှိသူတော့ဖြစ်ပါစေ။ ဒီလိုမဟုတ်ခဲ့ရင်တော့ အဲဒီလူက ပြဿနာကို ပုံကြီးချဲ့လာနိုင်ပြီး အားလုံးပိုဆိုးသွားစေနိုင်ပါတယ်။

    ပြဿနာအရင်းအမြစ်တွေကို အမည်တပ်ကြည့်ပါ

    သင့်ကို အတွေးလွန်စေခဲ့တဲ့လူတွေ ဒါမှမဟုတ် အခြေအနေတွေကို သိရှိအောင်လုပ်ပါ။ ဒီလိုလုပ်တာက အချိန်နည်းနည်းယူရနိုင်သလို အလေးအနက်ထားစဉ်းစားကြည့်ဖို့လိုတယ်ဆိုပေမယ့် ပြဿနာများတဲ့အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစားကြည့်တဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ လိုအပ်လာရင် သင့်အနေနဲ့ အတွေးလွန်ခြင်းကို ဖြစ်လာစေတဲ့အရာတွေကို ရှောင်ရှားရ၊ ဖျောက်ပစ်ရနိုင်ပါတယ်။

    ပစ္စုပ္ပန်ကာလကို အာရုံထားပါ

    သင့်စိတ်ကို အတွေးမလွန်အောင် အာရုံလွှဲထားနိုင်ဖို့ အရမ်းအာရုံစိုက်ရတဲ့ ကစားနည်း၊ ဝါသနာ၊ လေ့ကျင့်ခန်း တစ်ခုခုကို ရှာကြည့်ပါ။ လက်ရှိကာလမှာ သင့်စိတ်ကိုအာရုံပြောင်းထားနိုင်တဲ့ လှုပ်ရှားမှုတိုင်းဟာ သင့်ရဲ့အတွေးလွန်ခြင်း သံသရာလှည်းဘီးကို ရပ်တန့်စေပြီး သင့်ကိုစိတ်တည်ငြိမ်မှု ပြန်ရရှိစေမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ဒါမှမဟုတ် ထိုက်ကျိကစားနည်း တို့ ဖြစ်ပါတယ်။

    သင့်ကိုချက်ချင်းအာရုံပြောင်းစေနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သင့်ရဲ့လက်ကောက်ဝတ်မှာ သရေကွင်းတစ်ကွင်းဝတ်ထားလိုက်ပါ။ တစ်စုံတစ်ခုကို စပြီးအတွေးလွန်နေပြီလို့ သိလိုက်တဲ့အခါတိုင်း “ရပ်စမ်း” လို့သာပြောပြီး လက်ကသရေကွင်းကို ဗြန်းခနဲဆောင့်ဆွဲလိုက်ပါ။

    အချိန်ကန့်သတ်ချက်တစ်ခုထားပါ

    တချို့အခြေအနေတွေမှာ ဝေဖန်ဆန်းစစ်နိုင်တဲ့အတိုင်းအတာတစ်ခု လိုအပ်တာမှန်ပေမယ့် အချိန်အကန့်အသတ် တစ်ခုထားရှိဖို့လည်း လိုအပ်ပါတယ်။ အချိန်မှတ်ထားပြီး ခဲတံ/ဘောပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်/ဂျာနယ် တစ်ခုခုယူပြီး သင်သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်အတွင်း သင့်စိတ်ထဲပေါ်လာသမျှကိုရေးချပါ။ နည်းနည်းတော့ ကျင့်ယူရမယ်ဆိုပေမယ့် အရမ်းကိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။

    ရှေ့တိုးလုပ်ဆောင်ပါ

    အတွေးလွန်ခြင်းက သင့်ဘဝကို ရုန်းမထွက်နိုင်တဲ့ရပ်တန့်မှုအတွင်း ကျရောက်စေနိုင်ပါတယ်။ အတွေးနယ်ထဲ ရောက်နေရတဲ့ အခြေအနေမျိုးမှာ လွတ်မြောက်ဖို့တစ်ခုတည်းသောလမ်းက ရှေ့ဆက်လျှောက်လှမ်းဖို့ပါပဲ။ တစ်နည်းပြောရရင် ဘယ်လောက်ပဲသေးငယ်တဲ့ခြေလှမ်းဖြစ်စေကာမူ လှုပ်ရှားသက်ဝင်မှုရပ်ဆိုင်းနေတဲ့အဖြစ်ကနေ လှုပ်ရှားရုန်းထွက်နိုင်ဖို့ အရှိန်အနည်းငယ်တော့ ပြန်ရရှိစေဖို့ အထောက်အကူပေးပါလိမ့်မယ်။

    ကျွန်ုပ်တို့ရဲ့အတွေးစိတ်တွေက စွမ်းအားကြီးမားသလို ကိုယ်တိုင်ကြိုးစားမှန်ကန်လာနိုင်မယ့် ဟောကိန်းတွေ ဖြစ်ပေါ်လာနိုင်တဲ့ လမ်းကြောင်းလည်းဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို ကိုယ်သိလေလေ၊ စွမ်းအားရှိကြောင်း ပိုခံစားမိလေ၊ အတွေးလွန်တဲ့အကျင့်ဆိုးကို တွန်းလှန်ဖို့ ပိုလွယ်ကူလာလေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement