backup og meta

အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။


Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။

    အကယ်၍ စာမေးပွဲမအောင်ခဲ့ရင် ငါဘာဆက်လုပ်ရမလဲ။

    အကယ်၍ ငါရွေးချယ်တဲ့လမ်းကမှားနေတယ်ဆိုရင် ပြန်ပြောင်းဖို့အချိန်ရှိပမလား။

    အကယ်၍ ဒီအလုပ်ကို မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ။

    အကယ်၍ ငါ့မိဘတွေသာ မရှိတော့ဘူးဆို ငါဘယ်လိုဆက်ရှင်သန်မလဲ။

    အကယ်၍ ချစ်သူက ဖောက်ပြန်နေခဲ့ရင်။

    အကယ်၍ ကုလို့မရတဲ့ ရောဂါဝင်လာခဲ့ရင်။

    အကယ်၍ အကယ်၍ ပေါင်းများစွာကို လူတွေအားလုံးနေ့စဉ်ကြုံတွေ့ကြရပါတယ်။ စဉ်းစားကြည့်ရင် ဒီလိုတွေးတာဟာ မကောင်းတာတော့မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်သဘော သဘာဝကိုက မသေချာခြင်းတွေများနေတဲ့ အခြေအနေတွေကို မေးခွန်းထုတ်တတ်ကြပါတယ်။ မသေချာတာခြင်းတွေကို ဦးနှောက်က စိတ်ပူပန်ဖို့ ကြောက်ရွံ့တွန့်ဆုတ်ခြင်း တွေကို ဖြစ်စေတယ်။

    ဥပမာ ရေလမ်းခရီးသွားတဲ့အခါ အကယ်၍ ရေထဲကျ သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မှုကြောင့် အသက်ကယ်အင်္ကျီကိုဝတ်ဆင်တယ်ဆိုတာ မှန်ကန်တဲ့ အပြုအမူပါ။ အသက်ကယ် အင်္ကျီဝတ်ထားရက်နဲ့ကို အကယ်၍ အသက်ကယ်အကျီၤကြီး ကျွတ်သွားခဲ့ရင်၊ ပြဲသွားခဲ့ရင် ရေနစ်သွားတော့မှာဆိုတဲ့ အတွေးမျိုးဆိုရင်တော့ စိတ်ပူပန်မှုတွေလွန်ကဲနေကြောင်း ပြနေပါပြီ။

    စိတ်ပူပန်မှုဆိုတာတော့ နေ့စဉ်ရှင်သန်ခြင်းအတွက် လိုအပ်နေပါသေးတယ်။ ဘေးအန္တရာယ်တွေ၊ မနှစ်မြို့စရာကောင်းတဲ့အဖြစ်အပျက်တွေကို ကာကွယ်ဖို့အတွက် စိတ်ကပြင်ဆင်ခြင်း တစ်မျိုးပါ။ ဥပမာ အကယ်၍ ဒီပရိုဂျက်ကို အချိန်မှီမပြီးနိုင်ရင် ငါ့ကိုတော့ သူဋ္ဌေးဆူတော့မှာပဲ ဆိုတဲ့အတွေးဟာ အလုပ်ကိုမြန်မြန်ပြီးအောင် လုပ်ဖို့ တွန်းအားဖြစ်စေပါတယ်။

    အကယ်၍ ဆိုတဲ့အတွေးတွေဟာ ကြာလေကြာလေ ရုန်းထွက်ဖို့ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် အကယ်၍ဆိုတဲ့အတွေးတွေကို တတ်နိုင်သမျှ နည်းအောင် ဘယ်လိုနေကြမလဲ။ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

    ၁။ အတွေးတွေကို ချရေးပါ။

    ဘာတွေကို ပူပန်နေလဲ။ စိုးရိမ်စိတ်တွေရဲ့ ရင်းမြစ်ကဘာလဲ။

    ကိုယ်ဖြစ်နေတာတွေကို ချရေးလိုက်တာဟာ စိုးရိမ်စိတ်တွေရဲ့ သားကောင်အဖြစ်ကနေ လွတ်မြောက်သွားပြီး ခံစားချက်တွေကို ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ခေါင်းထဲမှာ ဘယ်လိုအတွေးတွေက စိုးမိုးနေရာယူနေလဲဆိုတာပါ သိလာနိုင်ပါလိမ့်မယ်။

    ၂။ အက်ရှင် (action) ယူပါ။

    သင့်ခေါင်းထဲမှာ အကယ်၍သာ… ဆိုတဲ့ အတွေးတွေဟာ အချိန်ပြည့် နေရာယူနေမယ်ဆိုရင် ကူကယ်ရာမဲ့သလိုမျိုး ခံစားရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အကျိုးဖြစ်စေမယ့် အက်ရှင် (Action) တစ်ခုယူလိုက်တာ ကောင်းပါတယ်တဲ့။

    ဥပမာပြောရရင် သင့်ရဲ့ တစ်လဝင်ငွေဟာ ၅၀၀၀၀၀ ကျပ်ဆိုပါတော့။ အိမ်ငှားခက ၄၀၀၀၀၀ ကျပ်ဆိုရင် တစ်လတစ်လ အသုံးစရိတ်ဟာ လောက်ငှရုံလောက်ပါပဲ။ အကယ်၍ ကျန်းမာရေး၊ လူမှုရေးကိစ္စအမျိုးမျိုးပေါ်လာရင် ပိုက်ဆံလောက်ငှတော့မှ မဟုတ်ပါဘူးဆိုတဲ့ အတွေးတွေဟာ လစဉ်သင့်ကို နှိပ်စက်ပါလိမ့်မယ်။

    ဒီလိုအခြေအနေမျိုးမှာဆိုရင် အိမ်ငှားခ ဈေးသက်သာတဲ့ အိမ်ကိုပြောင်းနေမလား၊ အိမ်ငှားခကို ဈေးညှိမလား ဒါမှမဟုတ် တစ်လဝင်ငွေတိုးအောင် လစပိုကောင်းတဲ့အလုပ်ကိုပြောင်းမလား၊ အားလပ်ချိန်မှာ အလုပ်နောက်တစ်ခုလုပ်မလား စသဖြင့် ကိုယ်ဖြစ်နေတဲ့ ပြသနာကို အခြေအနေတိုးတက်စေနိုင်မယ့်၊ အကျိုးရှိနိုင်မယ့် အက်ရှင်မျိုးကို ယူသင့်ပါတယ်။

    ၃။ ကိုယ့်ကိုယ်ကို မေးခွန်း ၃ ခုနဲ့ ဆန်းစစ်ပါ။

    စိုးရိမ်ပူပန်စိတ်တွေဟာ အတိတ်မှာဖြစ်ဖူးတဲ့ အတွေ့အကြုံတွေ၊ နောင်ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကို အခြေခံပါတယ်။ ဒီလိုစိတ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်ခံစားချက်တွေကို နားလည်ဖို့လိုအပ်ပါတယ်။

    ၁။ ငါဘာတွေတွေးနေတာလဲ။

    ၂။ ငါဘာတွေ ခံစားနေရတာလဲ။

    ၃။ ငါဘာတွေ လုပ်နေလဲ။

    ဒီ မေးခွန်း ၃ ခုဟာ အတိတ်တွေ၊ အနာဂတ်တွေကို မစဉ်းစားဘဲ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ အကြောင်းအရာတွေကိုပဲ အာရုံစူးစိုက်နိုင်အောင် အထောက်အကူပြုပါတယ်တဲ့။

    ဥပမာ သင်ဟာ အခန်းထဲမှာ တစ်ယောက်တည်း စိုးရိမ်စိတ်တွေဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီကို သင့်ကိုမဖိတ်လို့ စိတ်မကောင်းဖြစ်တယ်၊ ငါ့ကို မခင်တော့လို့လားဆိုပြီး အထီးကျန်စိတ်တွေဖြစ်တယ်။ ထိုင်မရ ထမရ၊ ဖုန်းပဲ ဆက်ရမလားဆိုတဲ့စိတ်တွေ၊ လက်တုန်ခြေတုန်တွေဖြစ်နေတယ်။

    ပါတီမသွားရဘူးဆိုတဲ့အတွေးတစ်ခုတည်းကြောင့်သာ စိုးရိမ်ပူပန်စိတ်တွေကို ဖြစ်နေစေတယ်။ ဒီလိုအတွေးတွေကို “ပါတီဖိတ်ခံရမှ သူငယ်ချင်းလို့ သတ်မှတ်တာမဟုတ်ပါဘူး။ သူတို့ဖိတ်တုန်းက ငါဖျားနေတယ်လေ။ ငါတို့ဟာ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလေ ဆိုပြီး စဉ်းစားလိုက်ရင် ပူပန်စိတ်တွေကို သက်သာစေမှာပါ။

    ဒီလိုဖြစ်လာပြီဆိုရင် မေးခွန်း ၃ ခု မေးဖို့၊ ကိုယ့်စိတ်ကို သတိထားမိဖို့အတွက် ဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲမှာ ကဒ်လေးတစ်ခုဖြစ်ဖြစ် ဆောင်ထားနိုင်ပါတယ်။

    ၄။ စိုးရိမ်စိတ်တွေနဲ့ မသေချာခြင်းတွေကို လက်ခံနိုင်အောင် ကြိုးစားပါ။

    လူဖြစ်လာတာနဲ့ စိုးရိမ်စိတ်တွေဟာ ခွဲထားလို့မရပါဘူး။ စိုးရိမ်စိတ်တွေကို လုံးဝပျောက်သွားအောာင် ဖယ်ပစ်ဖို့ကြိုးစားမယ့်အစား လက်ခံနိုင်အောင် ကြိုးစားတာဟာ ရေရှည်မှာ ပိုပြီး အကျိုးရှိပါလိမ့်မယ်။

    အသက်ရှူလေ့ကျင့်ခန်း၊ Yoga၊ တရားထိုင်ခြင်းတွေဟာလည်း စိတ်ကိုတည်ငြိမ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

    ၅။ တစ်ယောက်ယောက်ကို တိုင်ပင်ပါ။

    သင်တစ်ယောက်တည်း အကယ်၍သာ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေမယ်ဆိုရင် စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ပြီး ကုထုံးတွေရယူနိုင်ပါတယ်။

    စိုးရိမ်စိတ်ဆိုတာ အချိန်ကြာလာရင် ကွင်းဆက်တစ်ခုလိုဖြစ်သွားတတ်ပါတယ်။ စိုးရိမ်လို့ လုပ်မိတဲ့ အပြုအမူ အတွေးတွေဟာ နောက်စိုးရိမ်စိတ်တစ်ခုကို ဖြစ်စေတာမျိုးပေါ့။ စိုးရိမ်စိတ်ဆိုတာ ကာလကြာရှည် မွေးထားသင့်တဲ့အရာလည်းမဟုတ်ပါဘူး။ မကောင်းမြင်စိတ်တွေ၊ အကယ်၍ သာ ဆိုတဲ့ မသေချာမရေရာခြင်းတွေက အမြဲနှိပ်စက်နေပါလိမ့်မယ်။ ဒါကြောင့် အကယ်၍သာဆိုတဲ့ အတွေးတွေနည်းစေဖို့၊ ကွင်းဆက်ပြတ်စေဖို့အတွက် ဒီဆောင်ပါးလေးကို ဝေမျှလိုက်ရပါတယ်နော်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement