backup og meta

မိမိကိုယ်ကို ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ ခေတ်စားလာခြင်းဟာ စိုးရိမ်စရာကောင်းလှတယ်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ ခေတ်စားလာခြင်းဟာ စိုးရိမ်စရာကောင်းလှတယ်

    လူငယ်လေးတွေ သူတို့ခန္ဓါကိုယ်ကို သူတို့ ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ YouTube ပေါ်မှာ ခေတ်စားလာတာဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်လာပါတယ်။

    မိမိကိုယ်ကို သတ်သေခြင်းမမြောက်တဲ့ ထိခိုက်ဒါဏ်ရာ ရရှိအောင် ပြုလုပ်ခြင်း ဆိုတာဘာလဲ။

    မိမိခန္ဓါကိုယ်ကို မိမိကိုယ်တိုင် ဓါးနဲ့လှီးခြင်း၊ထိုးခြင်း ဒါမှမဟုတ် မီးရှို့ခြင်း စတာတွေ ကိုပြုလုပ်ပြီး ထိခိုက်အောင် လုပ်ခြင်းကို ဆိုလိုပါတယ်။ ဒီအပြုအမူတွေထဲမှာ တက်တူးထိုးတာ ဒါမှမဟုတ် နားပေါက်ဖောက်တာတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ခန္ဓါကိုယ်ရဲ့ တစ်ရှုးတွေ၊အင်္ဂါတွေကို ပျက်စီးသွားအောင် ရုတ်တရက် စိတ်လိုလက်ရ ပြုလုပ်ခြင်းကို ရည်ညွှန်းတာပါ။

    ဒါ့အပြင် အဆိုပါ အပြုအမူတွေဟာ အသက်အန္တရာယ်ကိုလည်း ထိခိုက်စေခြင်း မရှိရပါဘူး။ မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်းဟာ စိုးရိမ်စရာကောင်းပြီး ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ တခုဖြစ်ကာ ဝမ်းနည်းခြင်း၊အထီးကျန်ခြင်း၊ဆောက်တည်ရာမရဖြစ်ခြင်း၊အလွန်အမင်းစိတ်ဆင်းရဲခြင်း၊မိမိကိုယ်ကို တန်ဖိုးမထားခြင်း၊မေတ္တာငတ်မွတ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရဲ့ အချက်ပေးခေါင်းလောင်းဖြစ်ပါတယ်။

    မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေကို ကြည့်သူတွေ သန်းနဲ့ချီပြီး ရှိတယ်။

    အချို့သော ဗွီဒီယိုတွေမှာ မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ပြလေ့ရှိပြီး (အများဆုံးကတော့ လက်ကောက်ဝတ် ဒါမှမဟုတ် လက်ကို ဓါးနဲ့လှီးပြတာဖြစ်ပါတယ်) တချို့တွေကျပြန်တော့လည်း ဒါဏ်ရာတွေကို ဓါတ်ပုံအဖြစ် တင်လေ့ရှိကြပါတယ်။ ဗွီဒီယိုအများအပြားမှာ ဖော်ပြထားတဲ့ စာသားတွေကတော့ မျှော်လင့်ချက်ကင်းမဲ့ခြင်းပါပဲ။ မိမိကိုယ်ကို အနာတရဖြစ်အောင် လုပ်ပြတဲ့ လူကြိုက်အများဆုံး ဗွီဒီယိုတွေကို YouTube ကြည့်သူ ပရိတ်သတ်တွေက “ကြည့်လို့ကောင်းတယ်” လို့တောင် မကြာခဏ သတ်မှတ်လေ့ရှိပါတယ်။

    ဒီလို အန္တရာယ်ရှိတဲ့ အပြုအမူမျိုးကို လူငယ်တွေ ပြုလုပ်ရခြင်းရဲ့ အဓိကအကြောင်းရင်း နှစ်ခု ရှိပါတယ်။ ပထမတခု (အများဆုံးဖြစ်လေ့ရှိပါတယ်)ကတော့ မိမိစိတ်တွင်းပဋိပက္ခပြဿနာတွေကြောင့်ဖြစ်ပြီး နောက်တခုကတော့ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ စိတ်တွင်းပဋိပက္ခဖြစ်ရခြင်းရဲ့ ထင်ရှားတဲ့ ဥပမာတွေကတော့ ဆိုးရွားတဲ့ စိတ်ခံစားမှုတွေကို အကြီးအကျယ်ခံစားရတာပဲ ဖြစ်ပါတယ် (စိတ်ဖိစီးခြင်း၊စိတ်ကျဝေဒနာခံစားရခြင်း၊ဒေါသထွက်ခြင်း စသည်)။ မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်အပြီးမှာ လူငယ်အများအပြားဟာ တည်ငြိမ်မှုပြန်လည်ရရှိသွားတယ်လို့ ဆိုပါတယ်။

    ဒီလိုဗွီဒီယိုတွေက မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင် ပြုလုပ်ဖို့ မီးလောင်ရာလေပင့်ပေးလိမ့်မယ်။

    ဒီလို ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ အလွယ်တကူ ကြည့်ရှုနိုင်ခြင်းဟာ အရင်က မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင် ပြုလုပ်ဖူးသူတွေကို နောက်တကြိမ်ထပ်မံပြုလုပ်ဖို့ တွန်းအားပေးနေသလို ဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလို အပြုအမူဟာ ပုံမှန်ပဲလို့ သူတို့စိတ်ထဲမှာ စွဲသွားနိုင်ပါတယ်။ ဒီလို လူငယ်တွေကို ကုသပေးနေတဲ့ ဆရာဝန်နဲ့ မိဘတွေအနေနဲ့ သူတို့တွေရဲ့ အင်တာနက်အသုံးပြုမှုပုံစံတွေကိုလည်း ကြည့်ရှုအကဲခတ်သင့်ပါတယ်။

    အဆိုပါ ဗွီဒီယိုတွေဟာ မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ဖို့ လူငယ်တွေကို ဆွဲဆောင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဗွီဒီယိုတွေက သူတို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မယ့်သူတွေနဲ့ နီးစပ်စေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေက ဆယ်ကျော်သက်နဲ့ လူငယ်တွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိစေသလဲဆိုတာ ပိုမိုနားလည်နိုင်ဖို့အတွက် လေ့လာသုတေသနပြုမှုတွေ ထပ်မံပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

    မိဘတွေအနေနဲ့ ဘာလုပ်သင့်သလဲ။

    မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင် ပြုလုပ်ခြင်းတွေနဲ့ ပတ်သက်လို့ ပိုမိုသိရှိနားလည်လာအောင် မိဘတွေအနေနဲ့ ကြိုးစားလေ့လာသင့်ပါတယ်။ အဆိုပါ အမူအကျင့်တွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာမျိုး၊ဘယ်လိုခံစားချက်တွေက မိမိကိုယ်ကို ထိခိုက်ဒါဏ်ရာရအောင် လုပ်စေနိုင်တာလဲဆိုတာကို သိအောင်လုပ်တာမျိုး နဲ့ ဘယ်လို ကူညီရမလဲဆိုတဲ့ နည်းလမ်းတွေ ရှာဖွေတာမျိုးတွေကို မိဘတွေအနေနဲ့ ပြုလုပ်သင့်ပါတယ်။

    မိမိကိုယ်ကို ထိခိုက်အနာတရဖြစ်အောင်လုပ်တာနဲ့ ပတ်သက်ပြီး သင့်ကလေးအနေနဲ့ ဘယ်လိုထင်မြင်ယူဆလဲ သိနိုင်ဖို့အတွက် ဒီလိုမျိုး ဗွီဒီယိုတွေကို ဘယ်လိုထင်သလဲ မေးကြည့်ပါ။ ဒီလို ဗွီဒီယိုတွေကို မကြည့်ရဖူးလို့ တားမြစ်တာမျိုး ဒါမှမဟုတ် တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေ ချမှတ်တာမျိုးကို ရှောင်ကျဉ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဒီလို လုပ်ခြင်းဟာ ကောင်းကျိုးထက် ဆိုးပြစ်ကိုပဲ ဖြစ်စေပြီး သင့်ကလေးအနေနဲ့ သင်မသိအောင် စတင်ပြီး ခိုးကြောင်ခိုးဝှက်လုပ်လာနိုင်လို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement