backup og meta

ကိုယ့်မှာရှိမှန်းမသိ၊ ရှိနေနိုင်တဲ့ စွဲလမ်းမှုများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာရှိမှန်းမသိ၊ ရှိနေနိုင်တဲ့ စွဲလမ်းမှုများ

    စွဲလမ်းမှုလို့ပြောလိုက်ရင် လူတွေကအများအားဖြင့် အရက်စွဲတာ၊ ဆေးစွဲတာ၊ ဆေးလိပ်စွဲတာ စသဖြင့်ကိုပဲ ပြေးမြင်တတ်ကြတယ်။ နောက်ပိုင်း လေ့လာချက်တွေမှာ ဆေးလိပ်၊ အရက်တွေကို စွဲတာထက် အလေ့အကျင့်တစ်ခုကို မလုပ်ရမနေနိုင်အောင် စွဲလမ်းတာမျိုးတွေကိုလည်း မြင်တွေ့လာရပါတယ်။

    တချို့ စွဲလမ်းမှုတွေဟာ လူအများလက်ခံနိုင်တဲ့ စွဲလမ်းမှုမျိုးတွေဖြစ်တဲ့အတွက် စွဲလမ်းမှုဆိုပြီး နာမည်တပ်ရခက်သလို ဖြတ်ရလည်းခက်ပါတယ်။ တကယ်တော့ တချို့ အလေ့အကျင့်ကို စွဲလမ်းမှုမျိုးတွေဟာ လူတွေအကုန်လုံးနီးပါးမှာ ရှိနေတတ်ကြလို့ စွဲလမ်းမှုဆိုပြီးတောင် မထင်ကြတော့ဘူး။ ဒါဆိုရင် ရိုးရိုးကြိုက်တာက ဘယ်လိုမျိုးလဲ၊ ဘယ်လို အဆင့်ရောက်ရင်စွဲလမ်းမှုဖြစ်သွားပြီလဲ။ အဲ့နှစ်ခုကို ဘာနဲ့ ခွဲခြားမလဲ။ ကိုယ့်ဘာကိုယ်မှာတောင် ရှိလို့ရှိမှန်းမသိတဲ့ စွဲလမ်းမှုတွေက ဘာတွေဖြစ်မလဲ။ အဖြေရှာကြည့်လိုက်ရအောင်။

    ၁။ အလုပ်ကိုစွဲလမ်းခြင်း

    အလုပ်လုပ်ရတာကို စွဲလမ်းနေတာ မကောင်းဘူးလား၊ ကိုယ်လုပ်နေတဲ့ အလုပ်ကိုကြိုက်လို့ ဒီအလုပ်ထဲမှာ စိတ်နှစ်ထားတယ် ကြိုးစားတယ်၊ ဒါဟာ မှန်ပါတယ် ကောင်းတဲ့အလုပ်ပါ။

    အလုပ်ကိုစွဲလမ်းခြင်း (Workaholism) ဆိုတဲ့စကားမှာ စွဲလမ်းနေတဲ့သူတွေဟာ အလုပ်ချိန်များများလုပ်တာနဲ့လည်း မဆိုင်ပါဘူး၊ အလုပ်လုပ်ဖို့ကို အမြဲအကြောင်းရင်းရှာနေတဲ့သူတွေပါ။ အလုပ်မလုပ်ရရင်မနေနိုင်ဘူး။ အလုပ်အကြောင်းပဲ အမြဲတွေးနေတယ်။ ကျန်တာတွေကို ဘာမှမစဉ်းစားတော့ဘူး။ အလုပ်ကိုစွဲလမ်းနေတဲ့သူတွေဟာ တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ သူတို့ရဲ့ မလုပ်ရမနေနိုင်တဲ့ စိတ်တစ်ခုထဲကသော တွန်းပို့နေတာပါ။

    စွဲလမ်းခြင်းတွေ အားလုံးလိုပဲ အလုပ်ကိုစွဲလမ်းတာဟာ ဘဝရဲ့ တခြား အစိတ်အပိုင်းတွေမှာ သက်ရောက်မှုတွေရှိပါတယ်။ ကျန်းမာရေးကို လုံးဝ ဂရုမစိုက်တော့တာ၊ မိသားစုကို အချိန်မပေးတော့တာ၊ အပေါင်းအသင်းမိတ်ဆွေတွေကိုလည်း အဆက်ဆံမလုပ်တော့တာ စသဖြင့် လူမှုရေး၊ ကျန်းမာရေးတွေမှာ အများကြီး ထိခိုက်လာနိုင်ပါတယ်။

    အလုပ်ကို စွဲလမ်းတာ မကောင်းဘူးသာပြောတာ ကိုယ့်ရဲ့ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကတော့ ကိုယ့်ကို အရမ်းကြိုးစားတယ်ဆိုပြီး ချီးကျူးကြမှာပဲ။ ဒီလိုဖြစ်တဲ့ခါမှာ ကိုယ့်စွဲလမ်းမှု အတိမ်အနက်ကို သတိမထားမိတော့ဘဲ ပိုပိုဆိုးလာနိုင်ပါတယ်။

    ၂။ အင်တာနက်ကိုစွဲလမ်းခြင်း

    ဒါကတော့ တော်တော်များများမှာ ရှိတဲ့စွဲလမ်းမှုမျိုးလို့ပြောလို့ရပါတယ်။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာ ဆယ်စုနှစ်တစ်ခုပဲ ရှိသေးပေမယ့် နည်းပညာတွေကလည်းတိုးတက်လာတယ် အလုပ်တွေကိုလည်း အင်တာနက်နဲ့ပဲ လုပ်လာကြရတဲ့ချိန်မှာ ဘယ်ချိန်မှာ ဒါကိုရပ်ရမလဲဆိုတာကို မေ့လျော့လာကြပါတယ်။

    အင်တာနက်ကို စွဲလမ်းနေပြီဆိုတာဘယ်လိုသိနိုင်မလဲ။ ဆိုရှယ်မီဒီယာ တစ်ခုခုပေါ်မှာ ရှိနေမှ ကိုယ့်ဘာကိုယ် လူပုံမှန်လို့ ခံစားရတယ်၊ ဖေ့စ်ဘွတ်ခ်ကိုမှ ကြည့်မနေရရင် နေမထိထိုင်မသာဖြစ်လာမယ်။ အပြင်မှာ လူတွေနဲ့ ပုံမှန်စကားပြောဖို့အတွက် အာရုံမရတော့ဘူးဆိုရင်သေချာပါပြီ သင်ဟာ အင်တာနက်ကို စွဲလမ်းနေပါပြီ။

    ၃။ ကဖင်းဓာတ်ကိုစွဲလမ်းခြင်း

    ကော်ဖီ သောက်လိုက်မှ မနက်ခင်းဟာ ပြည့်စုံသွားတယ်ဆိုတဲ့သူတွေကို မြင်ဖူးတယ်မလား။ သူတို့ဟာ ကော်ဖီကို ရိုးရိုးကြိုက်တာမဟုတ်ပဲ ကဖင်းဓာတ်ကို စွဲလမ်းနေတဲ့သူတွေဖြစ်နိုင်ပါတယ်။

    ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနိုဆင်း (Adenosine) ဆိုတဲ့ ကွန်ပေါင်းကို အသွင်ယူပါတယ်။ Adenosine ဟာ ခန္ဓာကိုယ်ကို နှေးကွေးစေပြီးတော့ အိပ်ချင်စိတ်ကိုဖြစ်စေပါတယ်။ Adenosine ရဲ့ နေရာကို ကဖင်းဓာတ်က အစားထိုးဝင်ရောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ နိုးကြားလာပါတယ်။ ဒါ့အပြင် ကဖင်းဓာတ်ဟာ ဦးနှောက်ရဲ့ သာယာပျော်ရွှင်မှု ဟော်မုန်းဖြစ်တဲ့ ဒိုပါမင်း (dopamine) ဟော်မုန်း ထုတ်လွှတ်ဖို့လည်း လှုံ့ဆော်ပေးတာကလည်း လူတွေ ကဖင်းဓာတ်ကို စွဲလမ်းဖို့ အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။

    ကဖင်းဓာတ်ကို စွဲလမ်းနေကြောင်း သိနိုင်တဲ့ လက္ခဏာတွေကတော့ အမြဲရင်တုန်နေမယ်၊ ခေါင်းတွေကိုက်မယ်၊ ရင်ဘတ်အောင့်တွေအောင့်မယ်၊ ညအိပ်မပျော်တာတွေ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ သောက်လေသောက်လေ ကဖင်းဓာတ်ကပေးတဲ့ ခန္ဓာကိုယ်နိုးကြားမှုကို မှီခိုလေလေဖြစ်တဲ့အတွက် ရုတ်တရက်ဖြတ်လိုက်ရင်လည်း အရက်ဖြတ်သလို ဆေးဖြတ်သလို တုံ့ပြန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။

    ၄။ အချစ်ကို စွဲလမ်းခြင်း

    ဒါကို ပိုပြီး တိကျအောင် အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် ချစ်သူရည်းစားစဖြစ်တဲ့ချိန်မှာဖြစ်တဲ့ ခံစားမှုတွေကို စွဲလမ်းတာပါ။ ရည်းစားစဖြစ်ခါစဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အပြစ်မမြင်ကြဘူး။ အရမ်းချစ်ကြတယ်။ အသစ်အဆန်းဖြစ်တဲ့ အတွက် ရင်ခုန်တယ်။ အဲဒီလို ခံစားချက်တွေကို စွဲလမ်းနေတဲ့သူတွေဟာ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ ကြာကြာမမြဲဘူး။ ကြာလာလို့ စစချင်းတုန်းကရခဲ့တဲ့ ခံစားချက်မျိုး မရှိတော့ရင် ငြီးငွေ့သွားကြတယ်။ နောက်တစ်ယောက် အသစ်ရှာဖို့ ကြိုးစားလာကြတယ်။ ဖောက်ပြန်တာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုမျိုး စွဲလမ်းမှုတွေဟာ လူမှုရေးပြဿနာကို ကြုံလာရနိုင်တယ်။

    ဒါတွေကလည်း လူတစ်ယောက်ကို ချစ်ကြိုက်မိတဲ့အခါ ထွက်တဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင်း (dopamine), အောက်စီတိုစင် (oxytocin) နဲ့ တခြားသော နှစ်သက်သာယာခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းတွေက တရားခံလို့ပြောရမှာပါပဲ။

    ၅။ ရှော့ပ်ပင်းထွက်တာကို စွဲလမ်းခြင်း

    ဒါလည်း အပေါ်က တစ်ခုလိုပဲ အသစ်အဆန်းတွေကို စွဲလမ်းခြင်း တစ်မျိုးပေါ့။ ပစ္စည်းအသစ် လှတာလေးတွေ မြင်ရင် လိုအပ်တာ မလိုအပ်တာ မစဉ်းစားတော့ဘူး ကိုယ့်ဝင်ငွေ ထွက်ငွေတွေ မစဉ်းစားဘူး ဘယ်လောက်ဈေးကြီးလဲ တန်ရဲ့လား မတန်ဘူးလား မစဉ်းစားတော့ဘူး အမြဲဝယ်ဖြစ်တယ်။

    ဖိနပ်အသစ်တစ်ရန်ဝယ်ပြီးတိုင်း ဦးနှောက်ကလည်း သာယာပျော်ရွှင်ဟော်မုန်းတွေ ထုတ်ပေးတယ်။ စိတ်ညစ်ရင် စိတ်ဓာတ်ကျရင် ရှော့ပ်ပင်းလေးထွက်မှာ ကောင်းသွားတယ်ဆိုပြီး ဖြစ်လာတယ်။

    ရှော့ပင်းထွက်တာကို စွဲလမ်းနေပြီဆိုတာကို ဘယ်ချိန်မှာ သိနိုင်မလဲဆိုရင် အရင်တုန်းကတော့ ပိုက်ဆံတွေ အများကြီးကုန်သွားတာကို အပြစ်ရှိသလိုခံစားရတယ်၊ နောက်ပိုင်း မခံစားရတော့ဘူး၊ သူများတွေ ဝေဖန်တားမြစ်မှာစိုးလို့ ကိုယ်ဝယ်ထားတာတွေကို ဖွက်တယ်၊ စာရင်းတွေဖွက်တယ် စသဖြင့် ဖြစ်လာရင်တော့ စွဲလမ်းမှုတစ်ခုအသွင်ပြောင်းနေပါပြီနော်။

    ၆။ မကောင်းမြင်စိတ်ကို စွဲလမ်းခြင်း

    ကမ္ဘာပေါ်မှာ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပြည့်နေတယ်ဆိုတဲ့သူတွေရှိသလို ဖန်ခွက်ထဲမှာဘာလို့ ရေကတစ်ဝက်ပဲရှိတာလဲဆိုတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုလူတွေမသိကြတာက မကောင်းမြင်စိတ်ဆိုတာ စွဲလမ်းတတ်တယ်ဆိုတာပါပဲ။

    မကောင်းမြင်စိတ်ကို စွဲလမ်းနေတဲ့သူတွေက ဘယ်အရာကိုမှ အကောင်းမမြင်ဘူး။ အပြစ်တွေကို တစ်ခုမဟုတ် တစ်ခု လိုက်ရှာဖို့ ကြိုးစားတယ်။ မကောင်းတဲ့ အခြေအနေတစ်ခုဖြစ်လာရင် အဲဒီအခြေအနေကို ကျော်လွှားဖို့ နည်းလမ်းတွေကို စဉ်းစားမယ့်အစား ဘာလို့ဖြစ်လာရတာလဲဆိုပြီး ငြီးတွားတယ်။ အပြစ်တင်တယ်။

    ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုရင် လူတွေရဲ့ ဦးနှောက်ဟာ မကောင်းမြင်စိတ်ကို ဆေးလိပ်တွေ အရက်တွေကိုတုံ့ပြန်သလိုမျိုး တုံ့ပြန်တယ်။ ဦးနှောက်ရဲ့ သဘောအရ ကောင်းတဲ့ခံစားချက်တွေထက် မကောင်းတဲ့ခံစားချက်တွေကို ပိုပြီး အားကောင်းတဲ့တုံ့ပြန်မှုမျိုးကိုပေးတယ်။

    မကောင်းမြင်စိတ်တွေဟာ လူတွေကို အတိတ်မှာ နေစေပြီး အရင်ကဖြစ်ထားတဲ့ စိတ်ဒဏ်ရာတွေကို အသစ်ဖြစ်စေတယ်။ ဖြစ်သမျှအကြောင်းအရာမှန်သမျှကို မကောင်းမြင်စိတ်ကြီးနဲ့ အရောင်ဆိုးလိုက်ကြတယ်။

    လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို လူတိုင်းမှာတော့ နှစ်သက်ရာ စိတ်ထွက်ပေါက်ကိုယ်စီရှိကြတာပါပဲ။ ရိုးရိုးဒီအတိုင်း ကြိုက်လို့လုပ်တာကနေ မလုပ်ရမနေနိုင်အောင် စွဲလမ်းမှုအဆင့် ရောက်ဖို့ဆိုတာလည်း အရမ်းလွယ်ကူပါတယ်။ တန်ဆေး လွန်ဘေးဆိုတာ မဖြစ်စေဖို့ ကိုယ်ဘာတွေကို စွဲလမ်းနေပြီလည်းဆိုတာကို ဆန်းစစ်နိုင်ဖို့ ဒီဆောင်းပါးလေးကနေဖော်ပြပေးလိုက်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement