backup og meta

ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလ စိတ်ကျန်းမာရေးအတွက် ဆိုရှယ်မီဒီယာကို လျှော့သုံးကြမယ်

    ခုလို ကိုဗစ်ကာလမှာ လူတော်တော်များများက အလုပ်သွားစရာလည်း မလို၊ အိမ်မှာလည်း အလုပ်မလုပ်ရတဲ့အတွက် အားလပ်ပြီး ဆိုရှယ်မီဒီယာကို ပိုမိုအချိန်ပေး အသုံးပြုလာကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ စိတ်ဓာတ်ပေါင်းစုံ၊ လူတန်းစားပေါင်းစုံ အသုံးပြုနေကြတဲ့ အရာပါ။ ခေတ်ကာလနဲ့ နည်းပညာတိုးတက်မှုလို့ ဆိုရပေမယ့် ဆိုးကျိုးအရကြည့်မယ်ဆိုရင်လည်း စိတ်ကျန်းမာရေးကို တော်တော်ဒုက္ခဖြစ်စေပါတယ်။

    ဆိုရှယ်မီဒီယာ အဆိပ်အတောက်

    ဆိုရှယ်မီဒီယာဟာ လူ့ဘဝနဲ့ စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက်လို့ကို ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ လူပေါင်းစုံအသုံးပြုနေတာဖြစ်တဲ့ လူတွေရဲ့ အရေးတယူ အာရုံစိုက်မှုတွေကို လိုချင်တာဖြစ်စေ၊ အမုန်းတရားကို ဖြန့်ချိတာဖြစ်စေ၊ မှားယွင်းတဲ့ သတင်းအတုတွေကို ဖြန့်ချိတဲ့အခါဖြစ်စေ၊ အွန်လိုင်းပေါ်ကနေ အပြန်အလှန် ဆဲဆိုရန်ဖြစ်တာမျိုး အစရှိသဖြင့် နေ့စဉ် စိတ်ညစ်စရာ သတင်းပေါင်းစုံကို မြင်ရ၊ တွေ့နေရတဲ့အခါ စိတ်က ဘယ်လိုမှ ချမ်းသာနေနိုင်တော့မှာ မဟုတ်ပါဘူး။

    ဒါကြောင့် ခန္ဓာအပြင် စိတ်ရဲ့ကျန်းမာရေးကပါ အောက်ဆုံးကို ထိုးကျနေတဲ့ ခုလိုအချိန်မျိုးမှာ ဆိုရှယ်မီဒီယာကို တတ်နိုင်သလောက် လျှော့သုံးတာက ကိုယ့်ရဲ့ စိတ်ကို အဆိပ်အတောက်လျှော့ကျွေးတာနဲ့ အတူတူပါပဲ။

    ဒါဆို တစ်နေ့လုံး အားနေတာ ဖေ့ဘုတ်မပွတ်လို့ ဘာပွတ်ရမှာလဲ။

    အင်တာနက်ဆိုတာ ဖေ့ဘုတ် (Facebook) လို ဆိုရှယ်မီဒီယာတစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ အသိပညာ၊ အတတ်ပညာတွေ ရှာဖွေသင်ယူလို့ ရတဲ့ ဝက်ဘ်ဆိုဒ်တွေ၊ နောက်ဆုံးပေါ် ကျန်းမာရေးသတင်းတွေကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတဲ့ ဝက်ဆိုဒ်တွေ၊ စိတ်ချမ်းသာစရာ ဗီဒီယိုတွေ ပြည့်နေတဲ့ သတင်းအစီအစဉ်တွေ အများကြီးပါပဲ။ ဒီတော့ ဖေ့ဘုတ်ပဲ ပွတ်နေမယ့် အချိန်တွေထဲက နည်းနည်းစီ ဖဲ့ပေးပြီး ကိုယ့်အတွက် အကျိုးရှိစေမေယ့်၊ စိတ်ကိုလည်း အပန်းဖြေစေမယ့်အရာတွေအတွက် အသုံးပြုလိုက်တာ ပိုအကျိုးရှိမှာပါ။

    ဝက်ဘ်ဆိုဒ်တွေ ရှာမကြည့်ချင်ရင်ရော ဘာလုပ်လို့ ရမလဲ။

    တချို့က ဝက်ဘ်ဆိုဒ်တွေ လိုက်ရှာရမှာ ပျင်းတယ်၊ ဒါမှမဟုတ် ဖတ်ရမှာ ပျင်းတယ်ဆိုပြီး ညည်းတတ်ကြပါတယ်။ ဒါဆိုရင်တော့ အကောင်းဆုံးက ဖုန်းကို ပိတ်ပြီး ပြင်ပလောကမှာ အချိန်ကုန်ဆုံးစေတဲ့ နည်းလမ်းပဲ ရှိပါတယ်။ ဒီနည်းလမ်းက တကယ်တော့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်လည်း အကျိုးရှိသလို မျက်စိနဲ့ ဦးနှောက်ကို အနားပေးရာလည်း ရောက်ပါတယ်။ မွေးကတည်းက အခုလက်ရှိအချိန်ထိ ဆက်တိုက် အလုပ်တွေခိုင်း၊ ဖိအားတွေ ပေးနေခဲ့တဲ့အတွက် ခုလိုအချိန်မျိုးမှာ သေချာ အနားယူပေးသင့်ပါတယ်။

    တခြားဘာတွေ လုပ်ပေးလို့ရမလဲဆိုရင်

    • ကိုယ့်ရဲ့ ရုံးကနေ မပြီးပြတ်သေးတဲ့ အလုပ်တွေ လုပ်ပါ။
    • အိမ်သန့်ရှင်းရေးနဲ့ အိမ်အလုပ်တွေကို မိသားစုများနဲ့အတူ ကူလုပ်ပေးပါ။
    • အိမ်ရှေ့ကနေ နောက်ဖေးထိ ချောင်ကြိုချောင်ကြားမကျန် တိုက်ချွတ်ဆေးကြောပါ။
    • ပန်းပင်တွေကို ရေလောင်းပါ။
    • သဘာဝအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမျိုးမှာ စိတ်အပန်းဖြေစေမယ့်၊ အသိပညာ ရနိုင်တဲ့ စာအုပ်စာပေတွေ ဖတ်ရှုလေ့လာပါ။
    • အပျင်းပြေ ရုပ်ရှင်ကြည့်ပါ။
    • မိသားစုနဲ့အတူ စကားလက်စုံကျပါ။ ထမင်းအတူစားရင်း ရယ်ရယ်မောမော ဘဝအကြောင်းတွေ ပြန်ပြောပြပါ။
    • အလေးတုံးမလိုဘဲ အိမ်မှာအလွယ်တကူ လုပ်လို့ရတဲ့ ဒိုက်ထိုးတာ၊ ထိုင်ထလုပ်တာ၊ အိပ်ထမတင်လုပ်တာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။
    • အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ အသားအရေ ထိန်းသိမ်းကြည့်ပါ။
    • ကလေးတွေ၊ ညီငယ်၊ ညီမငယ်လေးတွေကို စာသင်ပြပေးပါ။
    • ညဘက်ကို ၁၂ နာရီထက် နောက်မကျဘဲ စောစောအိပ်ပါ။ ညစောစောအိပ်ပြီး မနက်စောစောထတဲ့ အကျင့်ကို ခုလို အနားရနေတဲ့အချိန်မှာ ပြန်ပြီးမွေးမြူပါ။

    ဆိုရှယ်မီဒီယာကို လုံးဝစွန့်လွှတ်ဖို့ ပြောတာမဟုတ်ပေမဲ့ တတ်နိုင်သလောက် လျှော့သုံးပေးခြင်းဖြင့် ကိုယ့်ရဲ့ ဘဝမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်လာလိမ့်မယ်ဆိုတာ အာမခံပေးလို့ ရပါတယ်။ တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါ။ အကောင်အထည် ဖော်မရတဲ့ ဖုန်းထဲမှာပဲ တန်ဖိုးရှိတဲ့ ကိုယ့်ဘဝနဲ့ အချိန်တွေကို ကုန်ဆုံးစေမယ့်အစား ကိုယ့်အတွက်ရော၊ အနာဂတ်အတွက်ပါ အကျိုးရှိစေမယ့် အရာတွေကို ပိုလုပ်ကြည့်ဖို့ ခုကတည်းက အားမွေးပြီး ကြိုးစားကြည့်ပါဗျာ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement