home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

စိတ်ကြွစိတ်ကျခြင်းကြောင့်ဖြစ်လာသော ကိုယ်ခန္ဓာအပေါ် ရိုက်ခတ်မှုများ

စိတ်ကြွစိတ်ကျခြင်းကြောင့်ဖြစ်လာသော ကိုယ်ခန္ဓာအပေါ် ရိုက်ခတ်မှုများ

စိတ်ကြွစိတ်ကျခြင်းဆိုတာ စိတ်ရဲ့တက်ကြွခြင်း၊ ကျဆင်းခြင်း စတဲ့အစွန်းနှစ်ဖက်ကို အပြောင်းအလဲမြန်တဲ့ အခြေအနေဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းတဲ့ အခြေအနေပါ ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာဆိုပေမယ့် ကိုယ်ခန္ဓာရဲ့စွမ်းအင်ကို လျော့ကျစေခြင်း၊ ခံတွင်းပျက်စေခြင်း စတာတွေကြောင့် ကြွက်သားများအားနည်းခြင်း၊ လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း စတဲ့ပြဿနာတွေပါ ဖြစ်လာတတ်ပါတယ်။

စိတ်ကြွနေတဲ့ အခြေအနေမှာ ပုံမှန်ထက်ကို စွမ်းအားမြင့်နေတတ်ပြီး သိပ်တောင် မအိပ်တတ်ပါဘူး။ သည်းမခံနိုင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ လိင်စိတ်တက်ကြွခြင်း စတာတွေ ဖြစ်ပေါ်ပါတယ်။

စိတ်ကျတဲ့ အခြေအနေမှာတော့ ဆန့်ကျင်ဖက် အခြေအနေတွေ ကြုံတွေ့ရပါတယ်။ အားအင်ကုန်ခမ်းသွားခြင်း၊ ပိုမိုအိပ်စက်လိုခြင်း၊ စိတ်ဓာတ်ကျဆင်းပြီး မျှော်လင့်ချက်မဲ့သလို ခံစားရခြင်း စတာတွေ ဖြစ်ပေါ်စေပါတယ်။ တစ်ခါတစ်ရံမှာ အနေအထားနှစ်မျိုးစလုံးကို ရောပြီးကြုံရတတ်တာမျိုး ရှိပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ကြွစိတ်ကျခြင်းပြဿနာက သင့်ခန္ဓာကိုယ်အပေါ် ဘယ်လိုရိုက်ခတ်သလဲ ဆိုတာပါပဲ။

ဗဟိုအာရုံကြောစနစ်အပေါ်သက်ရောက်ခြင်း

စိတ်ကြွစိတ်ကျခြင်းဟာ ဗဟိုအာရုံကြောစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်အပေါ် အဓိကသက်ရောက်ပါတယ်။ ဒီသက်ရောက်မှုကြောင့်

– သည်းမခံနိုင်ဖြစ်ခြင်း

– စိတ်ခက်ထန်ခြင်း

မျှော်လင့်ချက်မဲ့သလိုခံစားရခြင်း

– အပြစ်ရှိသလိုခံစားရခြင်း

– ကြေကွဲဝမ်းနည်းခြင်း

– ပုံမှန်ပျော်ရွှင်ခံစားဖူးသည့် ကိစ္စများကို စိတ်မဝင်စားတော့ခြင်း

– အလွန်အမင်းစိတ်အခြေအနေကောင်းသလို ခံစားနေရခြင်း

– တက်ကြွလွန်ခြင်း

– လွယ်ကူစွာအာရုံပြောင်းတတ်ခြင်း

– မေ့တတ်ခြင်း

– ရန်စတတ်သောသဘောရှိခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ကြွစိတ်ကျတဲ့ အခြေအနေမှာ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲပါတယ်။ တက်ကြွနေတဲ့စိတ်အခြေအနေမှာ မိမိရဲ့ စိတ်အလျဉ်ဟာ မြန်လွန်းလို့ မလိုက်နိုင်သလို ဖြစ်နေတတ်ပါတယ်။ အတွေးတွေလည်း ထိန်းချုပ်ဖို့ခက်ပါတယ်။ ပုံမှန်ထက် စကားပြောလည်း မြန်လာတတ်ပါတယ်။

စိတ်ကျတဲ့အခြေအနေမှာတော့ ပုံမှန်ထက်နှေးကွေးလေးလံသွားပါတယ်။ အာရုံစိုက်ဖို့ခက်ပြီး ဆုံးဖြတ်ချက်တွေလည်း ချဖို့ခက်ခဲသွားပါတယ်။ မှတ်ဉာဏ်လည်း အားနည်းသွားပါတယ်။

နှလုံးနှင့်သွေးကြောများစနစ်

စိတ်ကြွစိတ်ကျတဲ့ အခြေအနေအပြင် စိုးရိမ်ပူပန်ခြင်းပါ ရှိနေမယ်ဆိုရင် နှလုံးကိုပါ ထိခိုက်နိုင်ပါတယ်။ နှလုံးအပေါ် သက်ရောက်တဲ့အခါ

– နှလုံးခုန်မြန်ခြင်း

– ရင်တုန်ခြင်း

– သွေးပေါင်ချိန်တက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

သွေးပေါင်ချိန်မြင့်တက်ခြင်းကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ ကြုံတွေ့နိုင်ပါတယ်။

ဟော်မုန်းစနစ်အပေါ် သက်ရောက်ခြင်း

ဟော်မုန်းများဟာ ဦးနှောက်ကပေးလိုက်တဲ့ အချက်ပြထုတ်လွှင့်မှုများပေါ် မူတည်ပါတယ်။ အဆိုပါအချက်ပြစနစ်တွေ ချို့ယွင်းရင် ဟော်မုန်းထုတ်လုပ်မှုမှာ အတက်အကျများ ဖြစ်တတ်ပါတယ်။ စိတ်ကြွစိတ်ကျခြင်းကြောင့် လိင်စိတ်ကို အပြောင်းအလဲဖြစ်တတ်ပါတယ်။ စိတ်ကြွချိန်မှာ လိင်စိတ်ထက်သန်နေတတ်ပြီး စိတ်ကျချိန်မှာတော့ လိင်စိတ်လည်း သိသိသာသာကျဆင်းနေတတ်ပါတယ်။

ဒါဟာ လိင်ပိုင်းဆိုင်ရာ ထိန်းချုပ်တဲ့ ဟော်မုန်းများ အပြောင်းအလဲနဲ့ ဆိုင်ပါတယ်။ ဒါ့အပြင် စားသောက်ချင်စိတ်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ စားချင်သောက်ချင်စိတ်နည်းသွားပြီး ကိုယ်အလေးချိန်ကျသွားတတ်သလို ပိုပြီးစားသောက်လာတာကြောင့်လည်း ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။

အရိုးနှင့်ကြွက်သားများအပေါ်သက်ရောက်ခြင်း

စိတ်ကြွစိတ်ကျခြင်းဟာ အရိုးနဲ့ကြွက်သားတွေအပေါ် တိုက်ရိုက်မသက်ရောက်ပါဘူး။ ဒါပေမယ့် စိတ်ကျနေချိန်တွေမှာ အရိုးနဲ့ကြွက်သားတွေကို သက်ရောက်မှုဖြစ်စေပါတယ်။ စိတ်ဓာတ်ကျနေချိန်မှာ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ နာကျင်ကိုက်ခဲနေခြင်းမျိုးတွေ ဖြစ်တတ်ပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်လာစေတဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ ဒီအဆင်မပြေမှုတွေကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလည်း မလုပ်ဖြစ်တော့ပါဘူး။ အလွယ်တကူ ပင်ပန်းအားနည်းလာတတ်ပါတယ်။

အစာခြေစနစ်ပေါ်သက်ရောက်ခြင်း

စိတ်ကြွစိတ်ကျခြင်းကြောင့် ဗိုက်နာဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့တက်ခြင်း၊ အန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အစာမကြေခြင်း ဖြစ်တတ်ပြီး စားသောက်ချင်စိတ်ကို အတက်အကျဖြစ်စေတတ်ပါတယ်။

အခြားသက်ရောက်မှုများ

စိတ်ကြွစိတ်ကျပြဿနာဟာ လူမှုဆက်ဆံရေးမှာပါ ထိခိုက်စေပါတယ်။ မိသားစုတွင်း ဆက်ဆံရေးပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ အထိန်းအကွပ်မရှိဘဲ စိတ်လွတ်လက်လွတ်ပြုမူခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ကြွစိတ်ကျပြဿနာကို ထိရောက်စွာ မကုသဘဲ လစ်လျူရှုထားရင် ကြာလာတာနဲ့အမျှ ပြဿနာပိုကြီး လာနိုင်ပါတယ်။ မိမိကိုယ်ကို ဒုက္ခပေးမယ့်အတွေးတွေ ဝင်လာတတ်ပြီး သေကြောင်းကြံစည်တဲ့အထိ ဖြစ်တတ်လို့ အထူးဂရုပြုသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 26/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။