backup og meta

သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သာမာန် စိတ်ဓာတ်ကျ ခြင်းနှင့် စိတ်ကျရောဂါ ဝေဒနာ

    အတက်အကျတွေနဲ့ တစ်လှည့်စီ ဖွဲ့စည်းထားတဲ့ လူ့ဘဝကြီးမှာ လူသားတွေဟာ ရယ်မောလိုက်၊ ပူဆွေးလိုက်နဲ့ တစ်လှည့်စီ ရှင်သန်နေကြပါတယ်။ ဒါ့ကြောင့်လည်း ဘဝမှာ ဝမ်းနည်းစရာ၊ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျ စရာတွေကို မလွဲမသွေ တွေ့ကြုံခံစားကြရပါတယ်။ ဒါဟာ လူသားတိုင်းဖြစ်တတ်တဲ့ သဘာ၀ ဖြစ်စဉ် တစ်ခုပါပဲ။ ဒါကို စိတ်ကျရောဂါ လို့ မခေါ်ပါဘူး။ စိတ်ကျရောဂါဟာ ကုသမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့ ဝေဒနာဖြစ်ပြီး မသိလိုက်ဘဲ မကုသဘဲထားမယ်ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့ သေသေချာချာ ပြသပေးသင့်တဲ့ ဝေဒနာ တစ်ခုဖြစ်ပါတယ်။ ဆရာဝန်သာမက မိသားစု အပေါင်းအသင်းတွေရဲ့ အထောက်အပံ့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သေချာသိပြီး စောစီးစွာ ကုသမှုခံယူနိုင်ရန်အတွက် ရိုးရိုးသာမာန် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကျရောဂါဝေဒနာကို ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားချင်ပါတယ်။

    ရိုးရိုးသာမာန် စိတ်ဓာတ်ကျ ခြင်း

    အကြောင်း တစ်ခုခုကြောင့်၊ ပြဿနာတစ်ခုခုကြောင့် ဝမ်းနည်း၊ စိတ်ညစ်တဲ့အခါမှာလည်း စိတ်ဓာတ်ကျသလို ခံစားချက်မျိုးဖြစ်လာကြပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးဆက်တိုက် မဖြစ်ဘဲ ပုံမှန်နေ့စဉ်ဘဝထဲ ပြန်ရောက်သွားတဲ့အခါမှာ၊ အချိန်တစ်ခုကြာသွားတဲ့ အခါမှာ သူ့ဘာသာသူ ပြန်အဆင်ပြေသွားလေ့ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျပေမယ့် အခြား အကြောင်းအရင်းတွေကြောင့် ပျော်ရွှင်နိုင်ပါသေးတယ်။ ဒါ့ကြောင့် စိတ်ဓါတ်ကျတဲ့ ခံစားမှုတွေ ဖြစ်လာတဲ့အခါ လေ့ကျင့်ခန်းတွေလုပ်၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ စိတ်ဝင်စားတဲ့ အရာလေးတွေကိုလုပ်ရင်း မကောင်းတဲ့ စိတ်တွေကို တိုက်ထုတ်ပစ်မယ်ဆိုရင် အမြန်ပြန်ပြီး ကောင်းလာနိုင်ပါတယ်။

    ဒါဆို ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်လာရင် စိတ်ဓာတ်ကျ ဝေဒနာ လို့ သတ်မှတ်မလဲ။

    ၁။ စိတ်ဓာတ်ကျသော ခံစားမှုသည် ရက်သတ် နှစ်ပတ်ထက်ကျော်လွန်သည်အထိ တောက်လျှောက်ခံစားနေရလျှင်။

    ၂။ ထိုစိတ်ကြောင့် အလုပ်အပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်သည်အထိ ဖြစ်လာပြီး သတ်သေချင်တဲ့ စိတ်တွေ အကြိမ်ကြိမ်ဖြစ်လာခဲ့လျှင်။

    စတဲ့ အခြေအနေ နှစ်ခုအပြင် အောက်ပါရောဂါလက္ခဏာတွေ တွေရပြီဆိုရင်တော့ စိတ်ကျဝေဒနာလို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

  • မစခင်ကတည်းက ကြိုတင် အပြစ်မြင်၊ မကောင်းမြင်ခြင်း။
  • အာရုံမစိုက်နိုင်ခြင်း။
  • ဆုံးဖြတ်ချက် မချနိုင်ခြင်း။
  • ကောင်းသော အိပ်စက်ခြင်းမျိုး မရခြင်း။
  • အိပ်မက်မျိုးစုံအောင် မက်လေ့ရှိခြင်း။
  • မိမိကိုယ်ကို အပြစ်ရှိသည်၊ တန်ဖိုးမဲ့ နေသည်ဟု အမြဲ ခံစားနေရခြင်း။
  • အစားအသောက်ပုံ မမှန်ဖြစ်လာခြင်း။
  • အနာဂတ်တွင် မျှော်လင့်ချက်မရှိဟု ခံစားရခြင်း။
  • အများအတွက် စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့အရာ တွေကို စိတ်ပါဝင်စားမှု မရှိတော့ခြင်း။
  • ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်လာခြင်း။
  • ဘယ်လိုလူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်နိုင်လဲ။

    ၁။ ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခဲ့သူများ။

    ၂။ မိသားစုဝင်ထဲတွင် စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုခု ရာဇဝင်ရှိသူများ။

    ၃။ မိမိကိုယ်ကို ယုံကြည်မှုအလွန်နည်းသူများ။

    ၄။ ဆေး(သို့) အရက်စွဲနေသူများ။

    ၅။ မိသားစု၊ သူငယ်ချင်း၊ ရင်းနှီးတဲ့ မိတ်ဆွေ မရှိသောသူများ။

    ၆။ အကြောင်းတစ်ခုခုကြောင့် ခန္ဓာကိုယ် တစ်ပိုင်းသေသွားခြင်း၊ ဆိုးရွားသောရောဂါ ဥပမာ- ကင်ဆာ၊ AIDS ရောဂါ တစ်ခုခု ရှိနေကြောင်း ရုတ်တရက်သိလိုက်ရခြင်း၊ အရမ်းရင်းနှီး အားထားရတဲ့ မိသားစုဝင်တစ်ဦးဦး သေဆုံးသွားခြင်း စတဲ့ လက်ခံနိုင်ဖို့ခက်ခဲတဲ့ အခြေအနေနဲ့ တွေ့ကြုံလိုက်ရတဲ့သူတွေမှာ စိတ်ကျဝေဒနာ ပိုဖြစ်နိုင်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ရိုးရိုးသာမာန်စိတ်ဓာတ်ကျလို့ ဝမ်းနည်းနေတဲ့ သူတွေလည်း စိတ်ဓာတ်ကျခြင်းကို အမြန်တိုက်ထုတ်နိုင်ကြပြီး ဖော်ပြပါ စိတ်ဓာတ်ကျဝေဒနာရဲ့ လက္ခဏာတွေရှိနေတဲ့ သူတွေအနေနဲ့လည်း အမြန်ပြန်ကောင်းနိုင်အောင် စောစီးစွာကုသမှုခံယူနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

    ရေးသားသူ- Khine Phoo Ngon

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement