backup og meta

စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ

    စိတ်ကျရောဂါ (Depression) ဆိုတာ ယနေ့ခေတ် လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစား အပြောများတဲ့ ပြဿနာပါ။ တစ်ခုသိထားဖို့ လိုတာကတော့ စိတ်မပျော်ရွှင်မှုကို စိတ်ကျရောဂါလို့ လုံးလုံး ခေါင်းစဉ်တပ်လို့ မရဘူးဆိုတာပါပဲ။ စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေက သီးသန့်ရှိပါတယ်။ မိဘတွေနဲ့ အဆင်မပြေဖြစ်တာ၊ သူငယ်ချင်းတွေ၊ ချစ်သူနဲ့ ရန်ဖြစ်လို့ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်မပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ စိတ်ကျရောဂါ မဟုတ်ပါဘူး။ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ စိတ်ခံစားချက် အပြောင်းအလဲတစ်ခုသာဖြစ်ပါတယ်။

    စိတ်ကျရောဂါဆိုတာ အကြောင်းရင်း တစ်ခု သို့မဟုတ် အများကြီးပေါ်မှာ အခြေခံပြီး အချိန်အကြာကြီး ကိုယ့်ရဲ့ စိတ်နဲ့ ဘဝတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဝါးမြိုသွားတဲ့ ကြောက်စရာစိတ်ရောဂါဖြစ်ပါတယ်။ လူတွေတော်တော်များများ သေကြောင်းကြံစည်ဖို့ ကြိုးစားကြတာ၊ ကိုယ့်အသက်ကိုယ် စတေးခံလိုက်တာတွေရဲ့ နောက်ကွယ်တရားခံထဲမှာ စိတ်ကျရောဂါဆိုတာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါကြောင့် လုံးဝပေါ့ဆလို့ မဖြစ်တဲ့ စိတ်ကျရောဂါရဲ့ လက္ခဏာ (၈) မျိုးကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာ (၈) မျိူး

    ၁။ မျှော်လင့်ချက် ကင်းမဲ့သွားတာ

    ကိုယ့်ဘဝအနာဂတ်ကို ဘယ်လိုမှ ပုံဖော်စဉ်းစားလို့ မရတော့တဲ့အထိ မျှော်လင့်ချက်ကင်းမဲ့သွားတာပါ။ စိတ်ခံစားချက်တင်မကဘဲ ဒီလက္ခဏာရှိနေတဲ့သူ တစ်ယောက်ကို ကြည့်လိုက်တာနဲ့ ရယ်ခြင်း၊ ပြုံးခြင်း၊ ဝမ်းနည်းခြင်း အစရှိတဲ့ ခံစားချက်အရိပ်အယောင်တွေ ပျောက်ဆုံးနေပါတယ်။

    အရာရာဟာ အသက်မဲ့နေသလို၊ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘဲ အမှောင်ပကတိ ကျသွားသလို ပုံစံဖြစ်နေတတ်ပါတယ်။

    ၂။ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားတာ

    စိတ်ကျရောဂါဆိုတာ ကိုယ့်ကို ဘယ်အရာမှ လုပ်ချင်စိတ် မရှိတော့တဲ့အထိ စိတ်ကို အောက်ဆုံးအခြေအနေရောက်အောင် ဆွဲချနိုင်တဲ့ ရောဂါပါ။ ကိုယ်ပုံမှန်လုပ်နေကျ ပျော်ရွှင်ဖွယ်ရာ ကိစ္စတွေ လုပ်နေရင်တောင် ဘယ်လိုမှ မပျော်၊ စိတ်လည်း မပါတော့တာ၊ သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ မုန့်စားတာ၊ လိင်စိတ်ဆန္ဒတွေပါ ပျောက်ဆုံးသွားတဲ့ လက္ခဏာဖြစ်ပါတယ်။

    ၃။ ညဘက်မှာ ဘယ်လိုမှ အိပ်မပျော်နိုင်တော့တာ

    စိတ်ကျရောဂါ ဖြစ်နေတဲ့သူတွေဟာ အမှောင်ထဲမှာ ဘာမှကို တွေးမနေဘဲ ငူငူငိုင်ငိုင်ကြီး ထိုင်ကြည့်နေတတ်ပါတယ်။ အမှောင်ကို ကြည့်နေရင်းနဲ့ အိပ်ချင်စိတ်လည်း မဖြစ်မိ၊ အဆိုးဆုံးကတော့ အမှောင်ထဲမှာ ကိုယ့်အတိတ်မှာ ဖြစ်ဖူးတဲ့ ပျော်စရာ၊ ဝမ်းနည်းစရာ ကိစ္စတွေကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ တွေးနေရင်း အသိစိတ်လွတ်သွားတဲ့ အခြေအနေပါ။

    ညဘက်တွေမှာ အိပ်ဖို့ကို ဘယ်လိုမှ စိတ်မပါတော့ဘဲ မနက် နေလုံးဝထွက်လာပြီဆိုမှ အိပ်ပျော်တတ်တာကြောင့် တဖြည်းဖြည်းနဲ့ စိတ်ရော ခန္ဓာပါ ကျန်းမာရေးဆုတ်ယုတ်လာပါတယ်။

    ၄။ စိုးရိမ်ပူပန်လွန်ကဲခြင်း

    ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့အခါ စိတ်အခြေအနေ၊ အတွေးအခေါ်တွေက ဘယ်လိုမှ ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်တို၊ ဝမ်းနည်းလွယ်လာတာ၊ ကိုယ့်ကို တစ်ယောက်ယောက်က လာပြီး အန္တရာယ်ပြုတော့မယ်၊ လူတစ်ယောက်ယောက်က ကိုယ့်ကို သတ်ဖို့ ကြံစည်နေတယ်လို့ တွေးလာပါတယ်။

    ဒါ့ပြင် နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ အသက်ရှူသံတွေ ပြင်းလာမယ်၊ ချွေးစေးတွေ ပြန်လာပြီး ကိုယ်လက် ကတုန်ကယင်ဖြစ်လာမယ်၊ ကိုယ်စိုးရိမ်နေတဲ့ အရာကလွဲပြီး တခြားဘယ်အရာကိုမှ တွေးလို့မရတော့တဲ့အထိ အသိစိတ်တွေက ပျံ့လွင့်လာမှာပါ။

    ၅။ စိတ်ဂဏာမငြိမ်တော့တာ

    အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအတွေ့များတဲ့ စိတ်ရောဂါလက္ခဏာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရာဇဝတ်မှု ကျူးလွန်ဖို့ ကြံစည်တာ၊ မူးယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲတာ၊ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒေါသ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဘေးပတ်ဝန်းကျင်ကလူတွေဆီ လွှဲချတာ အစရှိတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    ၆။ ကိုယ်အလေးချိန် ကျသွားတာ

    စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်က ဘယ်လိုမှ အစာစားချင်စိတ်၊ ညဘက်မှာ အိပ်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကြာလာရင် ကိုယ်အလေးချိန်က သိသိသာသာ ကျပြီး လူက ပိန်ချုံးသွားပါမယ်။

    ဘာမှ မလုပ်ချင်၊ မကိုင်ချင်နဲ့ အိပ်ရာထဲ လဲသွားမယ်၊ နောက်ဆုံးမှာ စိတ်ရော ခန္ဓာ ၂ခုလုံး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ တချို့လူတွေမှာတော့ ပြောင်းပြန်အနေနဲ့ အစားအလွန်အကျွံစားတာ၊ အချိန်အကြာကြီး အိပ်နေပြီး နိုးလာရင်တောင် အိပ်ရာပေါ်က မဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

    ၇။ စိတ်ခံစားချက်ကို ထိန်းချုပ်မရတာ

    အခုပဲ စိတ်ဆိုးပြီး ဒေါသတွေ ထွက်နေတယ်၊ နောက်တစ်မိနစ်လောက်နေတော့ ချက်ချင်းကြီး ငိုချတယ်။

    ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ ငြိမ်သွားပြီး အခန်းထဲမှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတယ် အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တာ၊ ထိန်းချုပ်ဖို့လည်း အသိစိတ် မရှိတော့တာမျိုးကို ဆိုလိုပါတယ်။

    ၈။ သေကြောင်း ကြံစည်တာ

    စိတ်ကျရောဂါ ခံစားနေရတာ ကြာလာတဲ့ ဝေဒနာရှင်တွေမှာ တဖြည်းဖြည်းနဲ့ ဘဝကြီးက အဓိပ္ပာယ်မဲ့ပြီး အသက်ရှင်ရတာ ပင်ပန်းလာတာ၊ ကိုယ်အသက်ရှင်နေရတဲ့ အကြောင်းရင်း၊ ဘဝရဲ့ အနှစ်သာရကို သေချာ စဉ်းစားတွေးတောလို့ မရတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားလာကြပါတယ်။

    ဒီအချက် (၈) ချက်ဟာ စိတ်ကျရောဂါ ရှိနေပြီဆိုတာကို ပြနေတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်၊ မိသားစုဝင်တွေမှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိရင် စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒီရောဂါကြောင့် ကိုယ့်ရဲ့ ဘဝကို ဆက်ပြီး အနှောင့်အယှက်မဖြစ်စေဖို့နဲ့ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ဖို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် မပေါ့ဆသင့်ဘူးနော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 17/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement