backup og meta

စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို အားပေးတော့မယ်ဆိုရင်


Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို အားပေးတော့မယ်ဆိုရင်

    စိတ်ဓါတ်ကျတယ်၊ စိတ်ကျန်းမာရေးပြဿနာရှိတယ်ဆိုတာ ပျော့ညံ့တဲ့သူတွေမှာပဲရှိတယ် ဆိုတဲ့ အယူအဆတွေဟာ စိတ်ကျန်းမာရေးနဲ့ လူ့သဘာဝအကြောင်း သေချာနားလည်ထားခြင်းမရှိတဲ့ သူတွေမှာပဲရှိတာပါ။

    ပြောရမယ်ဆိုရင် လူတိုင်းမှာ နေ့စဉ်ဘဝအခက်အခဲတွေ ရှိပါတယ်။ ဒီပြဿနာရဲ့ သက်ရောက်မှုချင်းကွာသွားမယ်၊ ပြဿနာကို ဖြေရှင်းပုံတွေ ကွာသွားမယ်၊ ငယ်စဉ်က ကြီးပြင်းလာခဲ့ရတဲ့ မိသားစုပတ်ဝန်းကျင်၊ စိတ်ခံစားချက်တွေ၊ ချောင်ပိတ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ ဒါတွေကလည်း စိတ်ကျန်းမာရေးအခြေအနေကို ပိုကောင်းသွားစေနိုင်သလို ပိုဆိုးသွားစေနိုင်တဲ့ အဓိကအချက်ဆိုလည်း မမှားပါဘူး။ အဲ့တော့ လူတိုင်း စိတ်ဓါတ်ကျနိုင်ပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့အခါ၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာကို မြိုသိပ်လိုက်တဲ့အခါ ပိုပြီးမှားယွင်းတဲ့ အမှားတွေ၊ ကိုယ်တိုင်ရော ကိုယ်ချစ်တဲ့သူတွေကိုပါ ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ လုပ်မိတတ်ပါတယ်။

    အဲ့တော့ အကောင်းဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စိတ်ဓါတ်ကျနေတယ်လို့ ယူဆရတဲ့သူတွေကို ကိုယ်တတ်နိုင်သလို ကူညီအားပေးဖို့၊ စိတ်ခွန်အား၊ စိတ်လုံခြုံမှု ခံစားချက်တစ်မျိုးမျိုး ပေးစွမ်းနိုင်ဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်။ စိတ်ဓါတ်ကျနေတဲ့သူတွေကိုတော့ ကူညီချင်တယ်၊ ဘယ်လိုကူညီရင် အကောင်းဆုံးဖြစ်မလဲ၊ သူ့အတွက်ရော ဘယ်လိုအားပေးမှုမျိုးက အထောက်အကူဖြစ်မလဲဆိုတာ သေချာမသိသေးတဲ့ သူတွေအတွက် ဒီဆောင်းပါးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။

    ၁။ စိတ်ဓါတ်ကျခြင်းအကြောင်းကို ကိုယ်တိုင်နားလည်အောင် ကြိုးစားပါ။ စိတ်ဓါတ်ကျတယ်ဆိုတာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ စိတ်ရောဂါတစ်ခုအဖြစ် အစမပျိုးလာအောင် ကူညီပေးဖို့က ဝေဒနာရှင်ရော၊ ဘေးကလူတွေမှာပါ တာဝန်ရှိပါတယ်။

    ၂။ စိတ်ဓါတ်ကျနေတဲ့ သူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေ ဥပမာ – ဝမ်းနည်း၊ စိတ်ထိခိုက်လွယ်တာ၊ မျက်နှာမှာ အရယ်အပြုံး မတွေ့ရတော့တာ၊ တမှိုင်မှိုင်နဲ့ အလုပ်လုပ်ရတာ စိတ်မပါသလိုဖြစ်နေတာ၊ ကိုယ့်ဘဝကို အကောင်းမမြင်နိုင်တော့တာ၊ တန်ဖိုးမဲ့နေတယ်လို့ ယူဆရတာ၊ လူတွေနဲ့ မပတ်သက်တော့ဘဲ တစ်ယောက်ထဲ သီးခြားဖြစ်နေတာ၊ စိတ်ပါဝင်စားမှုမရှိတော့တာ၊ အစာပိုစားလာတာ၊ ဒါမှမဟုတ် ဘာမှမစားဘဲ နေတာ၊ သတ်သေဖို့ ကြံစည်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီလားဆိုတာ ကြည့်ပါ။

    ၃။ ဝမ်းနည်းခြင်းနဲ့ စိတ်ဓါတ်ကျခြင်းသည် မတူပါဘူး။ ဒါပေမယ့် ဝမ်းနည်းတဲ့စိတ်ခံစားချက်ကို မြိုသိပ်ထားလိုက်ပြီး ကြာလာတဲ့အခါ စိတ်ဓါတ်ကျတဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။ ဒါကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

    ၄။ ကိုယ်က ရင်ဖွင့်တိုင်ပင်လို့ရမယ့် သူတစ်ယောက်ဖြစ်ကြောင်း သူသိအောင် ပြောပြပါ။ သူယုံကြည်လာအောင်၊ သူ့ခံစားချက်တွေကို အမှန်အတိုင်း ဖွင့်ဟဝန်ခံလာနိုင်အောင် ကိုယ်တိုင်ကလည်း အရိုးသားဆုံး၊ အပွင့်လင်းဆုံး နေထိုင်ပါ။

    ၅။ အကောင်းဆုံးသော အကြံတွေ ပေးစရာမလိုပါဘူး။ အနည်းဆုံးတော့ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်က သူခံစားနေရတဲ့ အကြောင်းတွေကို ဖွင့်ထုတ်ပြလိုက်တဲ့အခါ ဝေဒနာက နည်းနည်းတော့ သက်သာသွားပါတယ်။

    ၆။ သူဖြစ်နေတဲ့ ပြဿနာက ကိုယ်ကူညီလို့ရတဲ့ကိစ္စလား ပြန်စဉ်းစားပါ။ ကူညီလို့ ရရင် ကူညီပေးပါ။ ဒါမှမဟုတ် ကူညီပေးနိုင်မယ့် သူတွေကို ရှာပေးပါ။ စိတ်ဓါတ်ကျခြင်း အခြေအနေ ပြင်းထန်နေတဲ့သူဆိုရင်တော့ စိတ်ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးပါ။

    ၇။ များသောအားဖြင့် စိတ်ဓါတ်ကျရောဂါသည် စိတ်ခံစားချက်ကို အခြေတည်ပြီး ဖြစ်လာတဲ့ စိတ်ရောဂါဖြစ်တာကြောင့် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုထုံးပညာရှင်နဲ့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။

    ၈။ အကောင်းမြင်စိတ်မွေးပါ၊ စိတ်ကို အားတင်းထားပါ စတဲ့ အကြံတွေ မပေးပါနဲ့။ တကယ်စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်သည် ဒီလိုစကားတွေကို နားမဝင်သလို ဘယ်လိုလုပ်ရမှန်းလည်း သိမှာမဟုတ်ပါဘူး။ ဒါကြောင့် သူခံစားနေရတဲ့ပြဿနာကို ဖြေရှင်းပေးဖို့၊ ကူညီနှစ်သိမ့်ပေးဖို့သာ အဓိကပါ။ ခံစားနေရတဲ့ ပြဿနာက အထိုက်အလျောက်ပြေလည်သွားမယ်၊ စိတ်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုရင် ဝေဒနာရှင်အနေနဲ့ နဂိုအတိုင်း အကောင်းမြင်စိတ်၊ မျှော်လင့်ချက်၊ ပျော်ရွှင်ခြင်းတွေ ပြန်ဖြစ်လာမှာပါ။

    ၉။ သူ့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်တတ်နိုင်သလောက် ကူညီပေးလို့ရတဲ့ ကိစ္စတွေရှိရင် ကူညီပေးပါ။ ကိုယ်တစ်ယောက်တည်း လုပ်ဖို့တော့ မလိုပါဘူး။ အရေးကြီးတာက စိတ်ဓါတ်ကျနေတဲ့သူကို တစ်ယောက်ထဲ မထားခဲ့လိုက်ဖို့၊ သူ့ဘေးနားမှာ ကူညီပေးတဲ့ သူတစ်ယောက် အမြဲရှိနေပါတယ်ဆိုတဲ့ စိတ်လုံခြုံမှုကို ရိုက်သွင်းပေးဖို့ပါပဲ။

    ၁၀။ စိတ်ရှည်ပါ။ ပြောတဲ့စကား၊ ဖြစ်နေတဲ့ ပြဿနာကို သေချာနားထောင်ပါ။ သူပြောနေတဲ့ စကားကို ဖြတ်မပြောပါနဲ့၊ ကိုယ့်အနေနဲ့ ပေးချင်တဲ့အကြံရှိရင်လည်း သူ့စကားပြောလို့ ဆုံးသွားပြီဆိုမှ အကြံပေးပါ။

    ၁၁။ အဆက်အသွယ် မဖြတ်ထားပါနဲ့။ အပြင်မှာ မတွေ့ဖြစ်ရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ နေကောင်းလား၊ အဆင်ပြေလား၊ ပြဿနာတွေ ပြေလည်သွားပြီလား၊ မိသားစုကိစ္စ ရင်ဖွင့်တိုင်ပင်ချင်တာတွေကို အချိန်ခဏလောက်ပေးပြီး ပြောပါ။ သူ့ဘက်က ဖုန်းခေါ်လာလို့ စကားပြောလို့ အဆင်မပြေသေးရင်လည်း ဖုန်းပြန်ခေါ်မယ့်အကြောင်းကို စာတိုဖြင့် လှမ်းပို့ပေးလိုက်ပါ။

    ၁၂။ လုပ်မိတတ်တဲ့ အမှားတစ်ခုက ဘာလဲဆိုတော့ တစ်ကမ္ဘာလုံးမှာ ကိုယ့်ထက်အခြေအနေဆိုးတဲ့ သူတွေ အများကြီးရှိနေတာ၊ ဘာလို့ စိတ်ဓါတ်ကျရမှာလဲဆိုတဲ့ အကြံပါ။ တကယ့်ကို ဆိုးဆိုးရွားရွား၊ စိတ်ဝေဒနာခံစားနေရသူတွေကို မပေးသင့်ဆုံးအကြံ၊ မပြောသင့်ဆုံး စကားတစ်ခုပါပဲ။ လူတွေက ကြီးပြင်းလာတဲ့ဘဝပုံစံ မတူသလို စိတ်ခံစားချက်၊ တွေးခေါ်ပုံချင်း မတူပါဘူး။ ယုတ်ဆွအဆုံး စိတ်ဓါတ်ကျနေတဲ့ သူနှစ်ယောက်မှာတောင်မှ ဖြစ်နေတဲ့ ပြဿနာ၊ အကြောင်းရင်း၊ ခံစားပုံတွေဟာ အတိုင်းအတာ၊ ပုံစံချင်းတူမှာ မဟုတ်ပါဘူး။ မတူတဲ့ ပြဿနာနှစ်ခုကို အတင်း ညီမျှခြင်းမချပါနဲ့။

    စိတ်ဓါတ်ကျတယ်ဆိုတာ သေချာကူညီအားပေးမှုမရှိရင် ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတာကြောင့် ဒီဆောင်းပါးကိုသေချာဖတ်ပြီး ကိုယ်ချစ်ရတဲ့သူငယ်ချင်း၊ မိသားစုဝင်တွေကို ကူညီအားပေးဖို့ ခုကတည်းက စတင်လိုက်ရအောင်လို့ မှာလိုက်ချင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement