backup og meta

အထက်လူကြီးအနေနဲ့ သင့်လက်အောက်ငယ်သားတွေကို ဘယ်လိုစောင့်ရှောက်ပေးမလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ ဒီနေရာမှာ တစ်နေ့ ၈နာရီထက်မနည်း နေရတာကိုး။ ဒီလိုဆို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကိုယ့်ရဲ့ ဒုတိယမိသားစုပါပဲ။ တစ်နေ့ တစ်နေ့ သူတို့နဲ့ အတူရှိနေရတဲ့ အချိန်က နည်းမှ မနည်းတာ။ ဒါကြောင့် သူတို့ကို မိသားစုလို သဘောထားပြီး စောင့်ရှောက်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရောပေါ့။

    ကောင်းမွန်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ အလုပ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းကိုပဲ ရှေးရှုရတာ မဟုတ်ပါဘူး။ ဒီအလုပ်ကို တိုးတက်အောင် လုပ်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးချင်းစီကိုပါ တန်ဖိုးထားတတ်ရတာပါ။ ဒါမှ သင့်ကို သူများက လေးစားမှာပါ။ ခုလို ကိုဗစ်ကာလဆို ပိုဆိုးပါတယ်။ စိတ်ရော ရုပ်ရော ပင်ပန်းနေတဲ့အချိန်မို့လို့ ပိုပြီးတောင် ဂရုစိုက်ပေးသင့်ပါတယ်။

    လက်အောက်ငယ်သားတွေကို ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ။

    • လစာ

    ဟုတ်ပါတယ်။ ဒါအရေးကြီးဆုံးပါပဲ။ လုပ်အားနဲ့ လိုက်ဖက်တဲ့ လစာ တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဥပမာ ကိုဗစ်ကာလမှာ လစာကို ဘယ်လိုပေးမလဲ။ အပြည့်ပေးမှာလား။ ဒါမှမဟုတ် ရာခိုင်နှုန်းတွေ ဖြတ်မှာလား။ တတ်နိုင်သလောက် အလုပ်သမားတွေ မနစ်နာအောင် စီစဉ်ပေးရမှာပါ။ လစာငွေက အလုပ်သမားတစ်ယောက်အတွက် motivationဆိုလည်း ဟုတ်ပါတယ်။

  • သွားရေးလာရေး

  • လုပ်ငန်းခွင်အချိန်ပေါ်မူတည်ပြီး သွားရေးလာရေး အဆင်ပြေအောင် စီစဉ်ပေးရမှာပါ။ ညဘက် နောက်ကျမှ ပြန်ရမယ်ဆိုရင် လုံခြုံမှုရှိအောင် အလုပ်က ကားစီစဉ်ပေးတာမျိုးပေါ့။ ကိုဗစ်ကာလဆိုရင်လည်း မဖြစ်မနေ အလုပ်လာရတဲ့သူတွေအတွက် တတ်နိုင်သမျှ လူအများနဲ့ အထိအတွေ့နည်းအောင် ကားကြပ်ချိန်ကို ရှောင်ပြီး ရုံးတက်၊ ရုံးဆင်းချိန် စီစဉ်ပေးတာ ဒါမှမဟုတ် ဖယ်ရီစီစဉ်ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

  • လုပ်ငန်းခွင် သန့်ရှင်းမှုနဲ့ အန္တရာယ်ကင်းရှင်းရေး

  • လုပ်ငန်းခွင် သန့်ရှင်းပြီး သက်သောင့်သက်သာရှိမှ ကြာကြာအလုပ်လုပ်နိုင်မှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်းခွင်လေးက သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်လို့ လိုပါတယ်။ ခုလို ကိုဗစ်ကာလမှာဆိုရင်လည်း ရုံးမှာ လက်ဆေးဖို့ ရေနဲ့ ဆပ်ပြာအလုံအလောက်ထားပေးတာမျိုး၊ လက်သန့်ဆေးရည်တွေ ထားပေးတာမျိုး၊ နှာခေါင်းစည်းတွေ ထားပေးတာမျိုး လုပ်ပေးရမှာပါ။

    • လုပ်ငန်းခွင် လွတ်လပ်ခွင့်

    ရုံးမှာ တစ်ချိန်လုံး ၈နာရီဆက်တိုက် အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အလုပ်လုပ်ချိန်လုပ်၊ နားချိန်နားရမှာပါ။ ထမင်းစားချိန်မှာ အေးဆေးစားနိုင်အောင် အချိန်သီးသန့်သတ်မှတ်ထားပေးမယ်။ ကျန်းမာရေးအတွက် တိုလီထွာလီ လေ့ကျင့်ခန်းလုပ်တဲ့စက်လေးတွေ ရှိမယ်။ ကော်ဖီဖျော်သောက်လို့ရမယ်ဆိုရင် သက်သောင့်သက်သာနဲ့ အလုပ်လုပ်နိုင်မှာပါ။

    • ထောက်ပံ့မှုနဲ့ အကျိုးခံစားခွင့်တွေ

    လက်အောက်ငယ်သားတွေမှာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်တွေဆိုတာ ရှိသင့်ပါတယ်။ အာမခံတွေ၊ လူမှုဖူလုံရေးတွေ၊ ခွင့်ခံစားခွင့်တွေ၊ မီးဖွားခွင့်တွေ စသဖြင့်ပေါ့။ ခုလိုအချိန်မှာ ဆိုရင်လည်း ကိုယ့်လက်အောက်ငယ်သား တစ်ယောက်ယောက် မတော်တဆ ပိုးကူးစက်ခံရရင် ဒါမှမဟုတ် ကွာရန်တင်းဝင်ရရင် ဘယ်လိုထောက်ပံ့သင့်သလဲဆိုတာ စဉ်းစားထားရမှာပါ။

    လက်အောက်ငယ်သားတွေကို စိတ်ပိုင်းဆိုင်ရာ ဘယ်လိုစောင့်ရှောက်မှု ပေးမလဲ။

    • လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ အနိုင်ကျင့်မှု

    ရာထူးအတူတူချင်းကို ပိုပြီး အခွင့်အရေးပေးတာတို့၊ ခွဲခြားဆက်ဆံတာတို့၊ စိတ်ပိုင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တာတို့ မလုပ်ရပါဘူး။ ကိုယ့်အနေနဲ့ လက်အောက်ငယ်သားတွေကို ချစ်ခင်ပြီး အားပေးနေရပါမယ်။ သူတို့အခက်အခဲကို ကူညီပေးရပါမယ်။

    • လက်အောက်ငယ်သားကို ကာကွယ်ပေးမှု

    Customer is always rightဆိုတာ တကယ်တော့ အလုံးစုံမမှန်ပါဘူး။ ကိုယ့်လက်အောက်ငယ်သား အနိုင်ကျင့်ခံရတဲ့အခါ ပြတ်ပြတ်သားသားနဲ့ အမှန်တရားဘက်က ရပ်တည်ပေးဖို့လိုပါတယ်။

    • အာဏာရှင်ဆန်မှု

    လုပ်ငန်းခွင်မှာ အာဏာရှင်မလုပ်ပါနဲ့။ ခေါင်းဆောင်ကောင်းပဲ လုပ်ပါ။ အာဏာရှင်ဆန်တာက ဒါဆို ဒါပဲ။ ညှိနှိုင်းမှု မရှိဘူး။ အလုပ်ပြီးတာပဲ လိုချင်တယ်။ ဘာဆင်ခြင်မှ မပေးနဲ့။ ငါ့တုန်းက ဒီလိုပဲ လုပ်ခဲ့ရတာပဲဆိုတာမျိုးပါ။ ခေါင်းဆောင်ကောင်းကတော့ ဘာလို့ မလုပ်နိုင်ရတာလဲ။ ဘာတွေ ကူညီပေးဖို့လိုလဲ။ ငါ့တုန်းကလိုမျိုး မဖြစ်အောင် သူ့ကို ဘယ်လိုကူညီရမလဲ စသဖြင့် တွေးခေါ်ပါတယ်။

    • အချိန်ပေးမှု

    တစ်ခါတလေ ညစာစားပွဲလေး ဘာလေးလုပ်ပြီး ပေါ့ပေါ့ပါးပါးနေပါ။ ရယ်စရာ မောစရာလေးတွေ ပြောပါ။ အချင်းချင်း ရင်းနှီးမှုရလာတဲ့အခါ လုပ်ငန်းခွင်မှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေလာပါလိမ့်မယ်။

    • စိတ်ပိုင်းဆိုင်ရာ အားပေးမှု

    အလုပ်သာ လုပ်နေရတာ စိတ်ထဲမှာ စိုးရိမ်စရာတွေ၊ ပူပန်စရာတွေ ရှိနေရင် အဆင်မပြေပါဘူး။ အလုပ်ထဲမှာ အမှားတွေ ပါလာနိုင်ပါတယ်။ လက်အောက်ငယ်သားတစ်ယောက်က အမှားတွေ ဆက်တိုက်လုပ်နေပြီဆိုရင် ဆူပူနေမယ့်အစား သူဘာဖြစ်နေတာလဲဆိုတာ အရင်ရှာဖွေပါ။ မေးမြန်းပါ။ ခုလိုအချိန်ဆို ပိုဆိုးပါတယ်။ အားလုံးက ပိုးကူးခံရမှာလား။ မိသားစုတွေနဲ့ ခွဲပြီး ကွာရန်တင်းဝင်ရမှာလား။ သူကနေ မိသားစုကို ကူးသွားမှာလား စသဖြင့် စိုးရိမ်စိတ်လေးတွေ ရှိနေမှာပါ။ ဒီလိုအချိန်မှာ ပစ်မထားဘဲ အားပေးကူညီဖို့လိုပါတယ်။

    အလုပ်ကို စက်ကြီးတစ်ခုကို မြင်ကြည့်ရင် လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆိုတာ စက်သွားသေးသေးလေးပါပဲ။ သေးပေမယ့် သူတို့တွေ ပေါင်းထားလို့သာ၊ အလုပ်ကောင်းကောင်း လည်ပတ်နိုင်တာပါ။ ဒါကြောင့် ဒီစက်သွားသေးသေးလေးတွေကို ဂျမ်းမဖြစ်ရလေအောင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ တတ်နိုင်သမျှ ဂရုစိုက်ပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement