backup og meta

သူငယ်ချင်းဘဝကနေ အဆင့်တက်ဖို့ဆိုရင် ဘာတွေလိုမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သူငယ်ချင်းဘဝကနေ အဆင့်တက်ဖို့ဆိုရင် ဘာတွေလိုမလဲ

    သင့်အနေနဲ့လူတစ်ယောက်ကို သူငယ်ချင်းအနေနဲ့မဟုတ်ဘဲ ချစ်သူရည်းစားလက်တွဲဖော်အနေနဲ့ပဲ ချစ်ချင်တာမျိုး ဖြစ်ဖူးပါသလား။ အိုကေ ဟုတ်ပြီ။ ဘာမှစိတ်မပူနဲ့တော့။ သူငယ်ချင်းအဆင့်ကနေ ဘယ်လိုမျိုးရုန်းထွက်ရမယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ သေချာပြောပြထားတာမို့ဖတ်ကြည့်လိုက်ပါဦး။

    ဒါဟာ တကယ်ထိုက်တန်ရဲ့လားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။

    တကယ်လို့သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို အဆင့်ကျော်ချင်တာ မအောင်မမြင်များဖြစ်ခဲ့မယ်ဆိုရင် သင်ချစ်မြတ်နိုးရသူနဲ့သင့်အကြားကဆက်ဆံရေးဟာ အတိုင်းအတာတခုထိ ထိခိုက်သွားပါလိမ့်မယ်။ ကံဆိုးရင် လုံးဝအခေါ်အပြောမရှိတော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့ကို တကယ်ဂရုစိုက်ပြီး သူပျော်ရွှင်ဖို့အမှန်လိုလားတယ်ဆိုရင် အဆင့်မတက်ခင် ထပ်ပြန်တလဲလဲ စဉ်းစားသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တချိန်ချိန်ကျရင် သင့်အနေနဲ့ချစ်သူဘဝကို အဆင့်တက်ဖို့ကြိုးစားရင်း ဆိုးဆိုးရွားရွားရလာဒ်တွေ ဖြစ်လာစေမယ့်အစား ဒီတိုင်းလေး အဖြူရောင်သူငယ်ချင်းဆက်လုပ်နေတာ ပိုကောင်းမယ်လို့ယူဆလာနိုင်လို့ပါ။

    သင့်အနေနဲ့အမျိုးမျိုးအဖုံဖုံတွေးပြီးပြီ။ ဖြစ်လာနိုင်တာတွေကို အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင် အောက်ပါအချက်တွေကို အရင်စဉ်းစားပါ။

    • သင်တို့နှစ်ယောက် အတူတူရှိခဲ့တဲ့အချိန်တွေအကြောင်းကို ပြန်စဉ်းစားပါ။ သူ့အနေနဲ့သင့်အပေါ်မှာ စိတ်ဝင်စား၊ စိတ်ကစားတဲ့ဟန်ပန်၊ ကြိတ်ခိုက်နေတဲ့အမူအရာမျိုးတွေ ရှိသလား၊ ပြသလားဆိုတာကို သုံးသပ်ပါ။ သင်တို့နှစ်ယောက် သူငယ်ချင်းစဖြစ်တဲ့အချိန်ကစလို့ဘာတွေ ဘယ်လောက်တိုးတက်လာပြီလဲ ဆိုတာကို ပြန်စဉ်းစားပါ။

    • သင်ဟာ သူ့အတွက် အရမ်းကောင်းတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်း ဒါမှမဟုတ် အစ်ကိုလို၊ အစ်မလိုပဲဖြစ်ကြောင်း တစ်ခါတလေပြောပြတတ်တယ်ဆိုရင်တော့ သင့်အနေနဲ့လက်ရှိအခြေအနေနဲ့ ကျေနပ်လိုက်တာပဲ ပိုကောင်းပါလိမ့်မယ်။

    နှစ်ဦးလုံးနဲ့သိတဲ့ သူငယ်ချင်းတွေနဲ့စကားပြောပါ။

    တကယ်လို့သင့်အနေနဲ့ချီတုံချတုံဖြစ်နေတယ်၊ မဝေခွဲနိုင်ဘူး ဖြစ်နေတယ်ဆိုရင် သင်တို့နှစ်ဦးလုံးနဲ့သိတဲ့ သူငယ်ချင်းတယောက်ကို အသာလေးကပ်ပြီး အကြံဉာဏ်တောင်းကြည့်ပါ။ ကာယကံရှင်တွေထက် အပြင်ကကြည့်နေရတဲ့သူက အကျိုးအကြောင်းကို ပိုပြီးဝေဖန်ပိုင်းခြားရလွယ်တဲ့အတွက် သူတို့အနေနဲ့ သင့်ကို အဖိုးတန်လှတဲ့ အကြံဉာဏ်ကောင်းတွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ သင်ကြိတ်ခိုက်နေရသူအနေနဲ့သင့်ကိုစိတ်ဝင်စားသလား၊ ဘယ်လိုသဘောထားသလဲဆိုတာမျိုးကို သူငယ်ချင်းတွေကနေတစ်ဆင့် သိရှိနိုင်သလို အဆင့်တက်သင့်မတက်သင့်နဲ့ပတ်သက်ပြီးလည်း သူတို့ဆီက ထင်မြင်ယူဆချက်တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါမှ သင့်အနေနဲ့ ငြိမ်နေရမလား၊ ဆက်လှုပ်ရှားရမလားဆိုတာကို ပိုပြီး ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

    တကယ်လို့သင်ချဉ်းကပ်အကြံဉာဏ်တောင်းတဲ့ သူငယ်ချင်းအနေနဲ့သင်တို့နှစ်ယောက်တွဲဖြစ်သွားဖို့အခြေအနေကောင်းတယ်၊ သင်အိုကေလောက်တယ်လို့ထင်တယ်ဆိုရင် ဟိုတစ်ယောက်ရှေ့မှာ သင့်ကိုလှော်ပေးဖို့၊ ရိပ်ဖမ်းသံဖမ်းပြောပေးဖို့အကူအညီတောင်းပါ။ ကိုယ်နဲ့နီးစပ်တဲ့သူတယောက်ဆီက “မင်းတို့နှစ်ယောက်ကတော့ တကယ်လိုက်တာပဲဟေ့” ဒါမှမဟုတ် ” နင်တို့နှစ်ယောက်ကြိုက်သွားရင် မုန့်လိုက်ကျွေးနော်” စသဖြင့် စကားတွေကြားရတာဟာ သင်ကြိုက်နေရသူလေးက သင့်အပေါ်ထားတဲ့စိတ်သဘောတွေကိုလည်း မရိုးမရွ ဖြစ်စေမှာပါ။

    အခွင့်ကောင်းကို စောင့်ပါ။

    သင့်ရဲ့အချစ်အိုးကြီးက ဘယ်လောက်ပဲ ဆူပွက်နေပါစေ၊ ချက်ကောင်းကိုစောင့်ပါ။ မသင့်တော်တဲ့အချိန်မျိုးမှာ သင့်ရဲ့အချစ်တွေကို သွားပြီးမကြေငြာမိပါစေနဲ့။ ဥပမာ-သင်ကြိတ်ခိုက်နေရသူလေးအနေနဲ့ အကြာကြီးတွဲလာတဲ့ရည်းစားနဲ့ ပြတ်ပြီးစ အချိန်မျိုး၊ တခုခုစိတ်ညစ်စရာ၊ စိတ်ထိခိုက်စရာကြုံနေတဲ့အချိန်မျိုး စသဖြင့်ပေါ့။

    အဖြူရောင်သူငယ်ချင်းဘဝကနေ ရောင်စုံချစ်သူအဆင့်ကို တက်လှမ်းဖို့ကြိုးစားတော့မယ်ဆိုရင် သင့်အနေနဲ့ အများကြီးတွေးဖို့လိုအပ်သလို အဖြစ်ရှိရှိလုပ်ဖို့သတ္တိလည်းလိုပါတယ်။ ဒါ့ကြောင့် ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိဆိုတာမျိုး မဖြစ်ရလေအောင် ထပ်ခါတလဲလဲထောင့်စေ့အောင် စဉ်းစားကြံစည်လုပ်ကိုင်ဖို့လိုကြောင်းမြှောက်ပေးရင်း ဆောင်းပါးလေးကို အဆုံးသတ်ပါပြီ။

    သူငယ်ချင်းအဆင့်ကနေ ရဲရဲကြီးအောင်မြင်စွာ ခုန်ထွက်နိုင်ကြပါစေ။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 29/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement