backup og meta

သင့်ရဲ့ စိတ်ခံစားမှု အခြေအနေက အရသာခံနိုင်စွမ်းကို ထိခိုက်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ စိတ်ခံစားမှု အခြေအနေက အရသာခံနိုင်စွမ်းကို ထိခိုက်စေသလား

    သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဒူးရင်းသီးကိတ်ဟာ အရင်ကလောက် ဘာလို့စားလို့မကောင်းတော့တာလဲလို့ တွေးနေမိသလား။ အဲဒီဒူးရင်းသီးကိတ်စားတုန်းက စိတ်ခံစားချက်အခြေအနေကို ပြန်တွေးကြည့်မိသလား။ ဟုတ်ပြီ။ ဒီထင်မြင်ယူဆချက်ဟာ နည်းနည်းခေတ်ရှေ့ပြေးကောင်းပြေးနေလိမ့်မယ်၊ အသစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအခြေအနေဟာ ရသာအာရုံခံစားမှုအပေါ်ဘယ်လိုနှောင့်ယှက်မှုပေးသလဲဆိုတာ သိရှိနိုင်ဖို့ ကမ္ဘာတဝှမ်းလုံးမှာ လေ့လာသုတေသနပြုနေကြပါပြီ။ ရလဒ်တွေအရ သင်အစာစားတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ဟာ အစားအသောက်ကို အရသာခံနိုင်မှုအပေါ်လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ယူဆရပါတယ်။

    ကောလိပ်ဘောလုံးပွဲနဲ့ ဆက်စပ်လေ့လာခြင်း

    Cornell တက္ကသိုလ်က အာဟာရသိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုကနေ ဘာကိုဖော်ထုတ်ခဲ့သလဲဆိုတော့ လူတွေဟာဝ မ်းနည်းနေတဲ့အချိန် ဒါမှမဟုတ် စိတ်ညစ်နေ၊ ခံစားနေရတဲ့အချိန်တွေမှာ အချိုတွေကို ပိုစားချင်တယ်ဆိုတာပါပဲ။ လေ့လာမှုထဲမှာ သိပ္ပံပညာရှင်တွေဟာ ဘောလုံးအသင်းပရိသတ်တွေကို ရေခဲမုန့်စားခိုင်းပြီး သူတို့ အားပေးတဲ့အသင်းရဲ့ရလဒ်တွေနဲ့ ချိန်ထိုးကြည့်ခဲ့ကြပါတယ်။ ကိုယ်အားပေးတဲ့ အသင်းနိုင်တဲ့အခါ ရေခဲမုန့်ကို ပိုစားလို့ကောင်းပြီး ကိုယ့်အသင်းရှုံးရင် ရေခဲမုန့်ကနည်းနည်းချဉ်တဲ့အရသာကို ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နဂိုကတည်းက အရသာသိပ်မကောင်းတဲ့ အစားအစာတွေဆိုရင် ပိုလို့တောင်ဆိုးသွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒီကနေ ဆက်လက်ပြီး ကောက်ချက်ချလို့ရတာက လူတွေဟာ ဝမ်းနည်းတဲ့အချိန်မှာ အစားအသောက်ရွေးချယ်တဲ့အခါ အရသာကောင်းတာ၊ ချိုတာတွေကိုပဲ ပိုမိုရွေးချယ်လေ့ရှိကြတဲ့အတွက် ကြာရှည်မှာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာပါပဲ။ ကျန်တာတွေကို စဉ်းစားမနေဘဲ လတ်တလောစိတ်ပြေရာ အရသာကောင်းတာတွေကိုပဲ စားချင်လာလို့ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ရွေးချယ်စားသောက်လေ့ရှိသူတွေဟာ ပျော်ရွှင်နေသူတွေ၊ အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်လေ့ရှိကြတယ်လို့လည်း ဒီလေ့လာမှုက ညွှန်ပြနေပါတယ်။

    အချစ်က အရာရာကို ချိုမြိန်စေသတဲ့လား

    နယ်သာလန်နိုင်ငံက ပညာရှင်တစ်ဦးဟာ သူ့အဖွဲ့နဲ့ပူးပေါင်းပြီး စမ်းသပ်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ လေ့လာမှုမှာ စမ်းသပ်ချက်သုံးခု ပါဝင်ပါတယ်။ သူတို့ဟာ ကျောင်းသားတွေကို အချစ်နဲ့ဆိုင်တဲ့(သို့) သဝန်တိုခဲ့ရတဲ့ (သို့)ပုံမှန်အကြောင်းအရာတစ်ခုနဲ့ဆိုင်တဲ့ အတွေ့အကြုံခံစားမှုသုံးခုထဲက တစ်ခုကို ချရေးခိုင်းပါတယ်။ ပြီးရင် ကြိုတင်ပြုလုပ်ထားတဲ့ ချို၊ချဉ်၊ ခါးသက်သက် အရသာရှိတဲ့သကြားလုံးတွေကို မြည်းစမ်းအရသာခံခိုင်းပါတယ်။ ဒီနောက်မှာ သူတို့စားလိုက်ရတဲ့ သကြားလုံးရဲ့ ချို၊ချဉ်၊ ခါးအရသာတွေကို အဆင့်သတ်မှတ်ခိုင်းပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက အချစ်အကြောင်း၊ အတွေ့အကြုံကိုရေးတဲ့ကျောင်းသားတွေဟာ သဝန်တိုတဲ့အကြောင်း ဒါမှမဟုတ် သာမန်အကြောင်းအရာတစ်ခုအကြောင်းရေးတဲ့ ကျောင်းသားတွေထက် ချိုတဲ့အရသာကို ပိုခံစားရတာပါပဲ။ သူတို့စားရတဲ့သကြားလုံးဟာ ပိုချိုတယ်လို့ ယုံကြည်ယူဆကြပါတယ်။

    ဒီတော့ သင့်ရဲ့စိတ်ခံစားမှုအနေအထားဟာ အရသာအာရုံခံစားမှုအပေါ်အကျိုးသက်ရောက်မှု၊ လွှမ်းမိုးမှုရှိနိုင်သလားလို့မေးရင် ရှိတယ်လို့ဖြေရပါမယ်။ လေ့လာသုတေသနပြုချက်တွေ အများကြီးမလုပ်ရသေးဖူးဆိုပေမယ့် လူတွေအနေနဲ့ဒီအချက်ကို မသိစိတ်ကခံစားဖူးမှာပါ။ ဒီလေ့လာတွေ့ရှိချက်တွေဟာ လူတွေရဲ့အရသာခံစားမှုအာရုံကို ဘယ်လိုမျိုးပြောင်းလဲလွှမ်းမိုးပစ်နိုင်သလဲဆိုတာကို အဖြေရှာဖို့ကူညီပေးမယ့်အပြင် စိတ်ဝေဒနာရှင်လူနာတွေကို ကုသပေးနေတဲ့သိပ္ပံပညာရှင်တွေ၊ စိတ်ရောဂါကုဆရာဝန်တွေအတွက်လည်း အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement