backup og meta

သွေးမြင်တာနဲ့ အကြောက်လွန်ပြီး လန့်သွားဖူးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးမြင်တာနဲ့ အကြောက်လွန်ပြီး လန့်သွားဖူးလား

    သွေးမြင်တာနဲ့ ကြောက်လန့်စိတ် ဖြစ်လာခြင်း (Hemophobia) ဆိုတာ ကြောက်စိတ်လွန်ကဲခြင်း (Phobia) တွေထဲက လူတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ သွေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေ လွတ်သွားတာ၊ ပုံမှန်ထက် ပိုပြီး ကြောက်လန့်တဲ့ စိတ်ခံစားချက်မှုမျိုး၊ ရုပ်ရှင်ထဲမှာ သွေးပါတဲ့ ဇာတ်ဝင်ခန်းကို မြင်လိုက်တာနဲ့ အော့အန်ချင်သလို၊ မူးမေ့သွားချင်သလို ဖြစ်တာတွေဟာ သွေးမြင်တာနဲ့ လန့်တတ်တဲ့ စိတ်ဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။

    သွေးမြင်ရင် ဖြစ်လာတဲ့ ကြောက်လန့်စိတ်ဟာ အချိန်နဲ့အမျှ လူကို စိတ်ဒုက္ခပေးနိုင်ပြီး ကိုယ့်ရဲ့ အနာဂတ်မှာ အခက်အခဲ ပြဿနာတွေ ဖြစ်လာနိုင်သည်အထိ ဘဝကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာ အများစုဟာ သေချာကုသမှု မခံယူဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ ပြဿနာတစ်ခုခု ရှိတယ်လို့ ခံစားနေရပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်ေတွနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို အဖြေရှာဖို့ ကြိုးစားသင့်ပါတယ်။

    ဒီနေ့ဆောင်းပါးလေးကတော့ သွေးမြင်တာနဲ့ အကြောက်လွန်စိတ် ဖြစ်လာရခြင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့အရာလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    Hemophobia ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    တခြားသော အကြောက်လွန်စိတ်ဝေဒနာတွေလိုပါပဲ။ သာမန်လူတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းသွားပေမယ့် ကိုယ်ကြောက်တဲ့ အရာတစ်ခုကို မြင်လိုက်တဲ့အခါမှ စိတ်အာရုံနဲ့ ခန္ဓါကိုယ်မှာ တုန်လှုပ်ခြောက်ခြားမှုတွေ စတင်ဖြစ်ပေါ်လာတ

    Hemophobia ရှိတဲ့သူတွေ ရုတ်တရက် သွေးမြင်လိုက်တဲ့အချိန်၊ သွေးအကြောင်း ဦးနှောက်အတွေးအာရုံထဲ ပေါ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂မျိုးလုံးမှာ သိသိသာသာတွေ့ရတတ်တဲ့ လက္ခဏာတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားမှုအနေနဲ့

  • အသက်ရှူရခက်လာတာ
  • အသက်ရှူမဝသလို ခံစားရတာ
  • နှလုံးခုန်နှုန်း အလွန်အမင်း မြန်လာတာ
  • ရင်ဘတ်အောင့်လာတာ
  • တစ်ကိုယ်လုံး အသားတွေ တဆတ်ဆတ်တုန်လာတာ
  • ချွေးစေးတွေ ပြန်လာတာ
  • ခေါင်းထဲမှာ မူးဝေလာတာ
  • အော့အန်ချင်သလို ဖြစ်လာတာ
  • အသားထဲကနေ ချမ်းသလို ပူလာသလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေထဲမှာ

    • ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်တဲ့ စိတ်တွေ ဖြစ်လာတာ
    • အထိတ်တလန့် ဖြစ်တာ
    • သွေးရှိတဲ့ နေရာကနေ ပြေးထွက်သွားချင်စိတ်တွေ လွန်လွန်ကဲကဲ ဖြစ်ပေါ်လာတာ
    • အသိစိတ် လွတ်ထွက်သွားတာ
    • ကိုယ့်ရဲ့ စိတ်ကို ဘယ်လိုမှ ချုပ်ထိန်းလို့ မရတော့တာ
    • မူးလဲမတတ်၊ နှလုံးရပ်မတတ် ကြောက်လန့်လွန်တာ
    • ကြောက်ရွံ့မှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် ဘာမှမလုပ်နိုင်ဘူးလို့ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    တခြား Phobia နဲ့ မတူတာကတော့ ကြောက်လန့်စိတ် တအားပြင်းထန်လွန်းတဲ့ အခြေအနေတွေမှာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် ထိုးကျသွားပြီး ခေါင်းက ချာချာလည်မူးလာတာ၊ မေ့လဲသွားတဲ့ အထိပါ ဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုအသက်အရွယ်မှာ စပြီး ဖြစ်တတ်တာလဲ။

    အရွယ်ငယ်သေးတဲ့ ကလေးဘဝမှာကတည်းက ဒီစိတ်ဝေဒနာ လက္ခဏာတွေကို စတင်သိရှိနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ယောက်ျားလေးတွေမှာဆိုရင် အသက် ၉နှစ်ဝန်းကျင်၊ မိန်းကလေးတွေမှာဆိုရင် အသက် ၇နှစ်ဝန်းကျင်မှာ တစ်ခုခုနဲ့ ပတ်သက်ပြီး အကြောက်လွန်စိတ်တွေ ဖြစ်လာတတ်ပါတယ်။

    သာမန်ထက်ပိုပြီး သွေးမြင်လိုက်တာနဲ့ အကြောက်လွန်တဲ့ ကလေးတွေမှာ မိဘအနား အမြဲတွယ်ကပ်နေတာ၊ စိတ်အလိုမကျတာ၊ မကြာခဏ ငိုတာ၊ ချောင်လေးထဲမှာ ပုန်းနေတတ်တာမျိုး တွေ့နိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကလေးတိုင်း ကြောက်တတ်တာ သဘာဝပါပဲလို့ မိဘတွေက ပေါ့ပေါ့လေးတွေးပြီး ပစ်ထားလိုက်တဲ့အခါ ဒီပြဿနာဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်မသွားဘဲ ပိုပိုဆိုးလာပြီး ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓါ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

    ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

    မိဘမျိုးရိုးမှာ အကြောက်လွန် စိတ်ဝေဒနာ (Phobia) တစ်မျိုးမျိုးရှိရင် မွေးလာတဲ့ သားသမီးတွေကိုပါ ဒီလက္ခဏာ ပါလာနိုင်ပါတယ်။ မိဘတွေနဲ့ မတူညီတဲ့ အရာတစ်ခုခုကို အကြောက်လွန်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ မိဘတွေနဲ့ ကလေးနားမှာ အမြဲရှိနေတဲ့ အုပ်ထိန်းသူတစ်ယောက်ယောက်မှာ သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာရှိရင် ကလေးတွေအနေနဲ့ ဒါကို ကြောက်စရာကြီးတစ်ခုလို မြင်ပြီး ငယ်စဉ်ကတည်းက ကြောက်စိတ်စွဲသွားတာမျိုးလည်း ရှိနိုင်ပါတယ်။

    တချို့မိဘတွေမှာ ကလေးကို ချစ်လွန်းတဲ့ စိတ်ကြောင့် အစိုးရိမ်လွန်ြပီး ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်၊ ပိုးမွေးသလို မွေးတဲ့ အကျင့်တွေ ရှိပါတယ်။ ဒီလိုမိဘတွေအောက်မှာ ကြီးပြင်းလာတဲ့ ကလေးတချို့မှာ မိဘတွေအပေါ် မှီခိုတွယ်တာတဲ့ စိတ်တွေ အလွန်ဖြစ်ပြီး မိဘကလွဲရင် ကျန်တဲ့ အရာအားလုံးကို ကြောက်လန့်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။

    စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားခဲ့တာ၊ မတော်တဆမှုတစ်ခုခုကြောင့် နောက်ဆက်တွဲ ကျန်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာ အစပျိုးလာနိုင်ပါတယ်။

    သွေးနဲ့ ပတ်သက်ပြီး အကြောက်လွန်စိတ်ကို ကုသလို့ ရလား။

    သွေးမှမဟုတ်ပါဘူး၊ ဘယ်အရာမဆို ကြောက်လွန်းတဲ့စိတ်ဟာ တခြား စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ယှဉ်လိုက်ရင် ကုသပျောက်ကင်းဖို့ လွယ်ကူတဲ့ စိတ်ဝေဒနာလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် တခြားစိတ်ရောဂါတွေလိုမဟုတ်ဘဲ ရောဂါဇစ်မြစ်ကို သိဖို့ ပိုမိုလွယ်ကူတဲ့အတွက် အချိန်ပေးပြီး မိဘတွေဘက်က ဝိုင်းဝန်းပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ်။

    သွေးမြင်လိုက်တဲ့အချိန်မှာ စိတ်ရော ကိုယ်ပါ တုန်လှုပ်ပြီး ကြောက်လန့်သွားတဲ့ လက္ခဏာခံစားရတာ၊ ကိုယ့်ရဲ့ ကြောက်လန့်မှုဟာ သာမန်အခြေအနေထက် ပိုဆိုးနေတယ်လို့ ခံစားမိတာ၊ အနည်းဆုံး ၆လထက်ပိုပြီး ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

    ကိုယ့်ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့ ကုထုံးတွေထဲမှာ

    ၁။ အထိအတွေ့ ကုထုံး (Exposure Therapy)

    ကိုယ်က သွေးမြင်တာနဲ့ ကြောက်တတ်တဲ့သူဆိုရင် သွေးကို ကိုယ့်ဦးနှောက်ထဲမှာ ပုံဖော်ခိုင်းတာ၊ မျက်စိရှေ့တည့်တည့်မှာ အချိန်အတိုင်းအတာတစ်ခုထိ ကြည့်ခိုင်းတဲ့ စိတ်ကုထုံးဖြစ်ပါတယ်။

    ၂။ အတွေးအခေါ် ကုထုံး (Cognitive Therapy)

    သွေးမြင်လိုက်တဲ့အချိန်မှာ ကိုယ့်ဦးနှောက်ထဲမှာ ဖြစ်လာမယ့် ကြောက်စိတ်တွေ၊ စိုးရိမ်ပူပန်တဲ့ အတွေးတွေကို ပိုသဘာဝကျပြီး လက်တွေ့ဆန်ဆန် မြင်တတ်လာအောင် ကုသပေးတဲ့ စိတ်ကုထုံးဖြစ်ပါတယ်။

    ၃။ စိတ်အပန်းဖြေကုထုံး (Relaxation Therapy)

    အသက်ရှူလေ့ကျင့်ခန်း၊ ယောဂကျင့်စဉ်၊ တရားထိုင်ခြင်း၊ သာယာနာပျော်ဖွယ်တေးသံစဉ် ငြိမ့်ငြိမ့်လေးတွေကို ဖွင့်ပြီး စိတ်အပန်းဖြေခြင်း အစရှိသဖြင့် ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှု၊ စိတ်တင်းကြပ်မှုတွေ၊ ကြွက်သားတွေ တင်းမာနေတာကို ပြေလျော့စေဖို့ စိတ်လေ့ကျင့်ခန်း ကုထုံးလုပ်ပေးတာဖြစ်ပါတယ်။

    ၄။ ဖိအားပေး ကုထုံး (Applied Tension)

    ကြောက်လန့်စိတ် ဖြစ်နေချိန်မှာ မူးမေ့လဲသွားတာမျိုးကို ထိန်းချုပ်ပေးဖို့အတွက် စိတ်ကုထုံးတစ်မျိုးပါ။ အဓိကကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့တဲ့အရာကို ထိပ်တိုက်ရင်ဆိုင်ခိုင်းပြီး ခန္ဓါကိုယ်အပေါ်ပိုင်း၊ လက်မောင်း၊ ခြေထောက်ကြွက်သားတွေကို အချိန်အတိုင်းအတာတစ်ခုအထိ တင်းမာလာအောင် ဖိအားပေးလှုံ့ဆော်တာဖြစ်ပါတယ်။

    ၅။ ဆေးဝါးကုထုံး (Medication)

    ကြောက်လန့်ဝေဒနာ ပြင်းထန်လွန်းတဲ့သူတွေမှာ စိတ်ငြိမ်ဆေးမျိုး ပေးတာမျိုး ရှိပေမဲ့ ပုံမှန်အားဖြင့်တော့ ဆေးဝါးအကူအညီမလိုဘဲ သာမန်စိတ်နဲ့ ခန္ဓါကုထုံးဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဆေးသောက်ဖို့ လိုအပ်၊ မလိုအပ်ဆိုတာကိုတော့ စိတ်ဆရာဝန်၊ စိတ်ရောဂါကုထုံးပညာရှင်တို့နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

    ကြောက်ရွံ့မှုကို ရင်ဆိုင်ဖြေရှင်းမှုမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်တော့ ဘဝတစ်ခုလုံး ကိုယ့်အနောက်ကနေ အရိပ်မည်းအနေနဲ့ လိုက်လာမှာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာဆိုသလို ကိုယ့်ရဲ့ ဘဝအနာဂတ် လှပပျော်ရွှင်ဖို့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့တော့ လိုမယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement