backup og meta

စိတ်ဓာတ်ကျချိန်မှာ ဘာတွေစားသင့်သလဲ


Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဓာတ်ကျချိန်မှာ ဘာတွေစားသင့်သလဲ

    စိတ်ဓာတ်ကျခြင်းဟာ နေ့စဉ် လူနေမှုဘဝကို ထိခိုက်နိုင်ပါတယ်။ ကာယကံရှင်ကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။ ဆေးဝါးကုသမှုအပြင် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ညီညွတ်မျှတစွာ စားသောက်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။

    စိတ်ဓာတ်ကျခြင်းအတွက် သီးသန့်စားသောက်ရမယ့် ပုံစံ မသတ်မှတ်ထားပေမယ့် အစားအစာတချို့ဟာတော့ စိတ်ဓာတ်ကျချိန်မှာ ပိုမိုအထောက်အကူပြုတာကို တွေ့ရရပါလိမ့်မယ်။ ယခု ဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ဓာတ်ကျဆင်းချိန်မှာ စားသုံးသင့်တဲ့ အစားအသောက်များနဲ့ ဘယ်လိုအစားအစောက်တွေကို ရှောင်ကြဉ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ စိတ်ကျခြင်းဝေဒနာ ခံစားနေရသူများဟာ အာဟာရ စားသုံးမှုနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကာ စနစ်တကျ စားသုံးပြီးနောက်မှာ သက်သာမှု ရှိလာတာကို တွေ့ရပါတယ်။

    ဆီလီနီယမ်

    ဆီလီနီယမ်ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်ကောင်းမွန်စေပြီး စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျဆင်းနေချိန်မှာ ပိုမိုလိုအပ်ပါတယ်။ ဆီလီနီယမ်ပါတဲ့ အစားအသောက်တွေကတော့ မပြုပြင်ထားတဲ့ အစေ့အဆန်များ၊ အခွံမာသီး၊ ပင်လယ်စာ၊ အသည်းကဲ့သို့သော ကလီစာ စတာတွေ ဖြစ်ပါတယ်။ ဖြည့်စွက်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။

    ဗီတာမင် ဒီ

    ဗီတာမင် ဒီဟာ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို သက်သာစေတယ်လို့ သိရပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရရှိနိုင်ပြီး အစားအသောက်တွေကလည်း ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီရရှိနိုင်တဲ့ အစားအသောက်တွေကတော့ အဆီများတဲ့ငါး၊ ဗီတာမင်ဒီအားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းများ၊ အမဲအသည်း၊ ဥအမျိုးမျိုး စတာတွေပဲ ဖြစ်ပါတယ်။

    Omega-3 fatty acid

    သုတေသနအချို့အရ Omega-3 ဟာ စိတ်ကျရောဂါခံစားနေရသူတွေအတွက် အထောက်အကူ ပြုပါတယ်။ ထပ်မံပြီး သုတေသနတွေပြုလုပ်ဖို့ လိုပါသေးတယ်။

    Omega-3 ဟာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုစွမ်းဆောင်နိုင်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာရုံကြောတွေအပေါ် ဖုံးအုပ်ပေးထားတဲ့ အကာလွှာကို ထိန်းသိမ်းပေးပါတယ်။ Omega-3 ရရှိနိုင်တဲ့ ရင်းမြစ်တွေကတော့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကရယ် စတဲ့ ငါးများ၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ သစ်ကြားသီး စတဲ့အစေ့အဆန်များပဲ ဖြစ်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။

    ဗီတာမင် ဘီအုပ်စု

    ဗီတာမင် B12 နဲ့ B9 (ဖောလိတ်၊ ဖောလစ်အက်ဆစ်) ဟာ ဦးနှောက်အပါအဝင် အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ စိတ်ကျခြင်း အပါအဝင် အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။

    ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကတော့ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ ကမာကောင်၊ နို့ စတာတွေပဲ ဖြစ်ပါတယ်။

    ဖောလိတ်ပါဝင်တဲ့ အစားအစာတွေကတော့ အရောင်ရင့်သော အသီးအရွက်များ၊ အသီးဖျော်ရည်များ၊ အခွံမာသီး၊ ပဲ၊ အလွန်အကျွံမပြုပြင်ရသေးတဲ့ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများ၊ အသားအမျိုးမျိုး၊ ကြက်ဘဲ၊ ပင်လယ်စာ၊ ဥအမျိုးမျိုး စတာတွပဲ ဖြစ်ပါတယ်။

    ဇင့်

    ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျဆင်းမှုကိုလည်း သက်သာရာရစေပါတယ်။ စိတ်ကျခြင်းဝေဒနာခံစားနေရသူတွေကို လေ့လာကြည့်ရာမှာ ဇင့်ဓာတ်နည်းပါးနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ သိပ်ပြီး မပြုမပြင်ရသေးတဲ့ အစေ့အဆန်များ၊ ကမာကောင်၊ အမဲသား၊ ကြက်၊ ဝက်၊ အခွံမာသီး၊ ဖရုံစေ့ စတာတွေပဲ ဖြစ်ပါတယ်။

    ယခုဖော်ပြခဲ့တာတွေကတော့ စိတ်ဓာတ်ကျဆင်းချိန်မှာ ဦးစားပေး စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေကတော့ အရက်သေစာ၊ စားကောင်းအောင် အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအစာများ၊ ကဖိန်း၊ ပြည့်ဝဆီ စတာတွေပဲ ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement