backup og meta

ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

    စမတ်ဖုန်းတွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်စေတယ်၊ ကျန်းမာရေး ရှုထောင့်ကနေကြည့်ရင် လူတွေကို အကျိုးမပြုနိုင်စေဘူးလို့ မကြာခဏ ပြောဖြစ်ဆိုဖြစ်ကြတယ်။

    ဒါပေမယ့် စမတ်ဖုန်း အသုံးပြုမှုကိုတော့ ဘယ်သူမှ လျှော့ချသွားတာမျိုး မရှိကြပါဘူး။ ဆိုရှယ်မီဒီယာတွေ ပိုသုံးလာတယ်၊ အားကစားပွဲတွေ၊ Live လွှင့်တာတွေ၊ ဂိမ်းဆော့တာတွေ၊ ရုပ်ရှင်ကြည့်တာတွေ၊ အလုပ်အတွက် အသုံးချတာတွေ ပိုများလာတယ်။

    ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို လူတွေက မစွန့်လွှတ်နိုင်ကြဘူးဆိုတဲ့ သဘော။ ဒီလိုဆိုရင် ပြောင်းပြန်ပြန်စဉ်းစားကြရအောင်။ မစွန့်လွှတ်နိုင်မှတော့ ကျန်းမာရေးမထိခိုက်အောင်၊ ဒီထက်တဆင့်မြင့် တွေးရရင် ပိုကျန်းမာလာအောင် လုပ်ကြရင် မကောင်းဘူးလား။

    ကျန်းမာရေးထိခိုက်စေနိုင်တဲ့ စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

    ဒီခေတ်မှာက ဘယ်နေရာသွားသွား စမတ်ဖုန်းတွေကတော့ ပါနေကြမှာပဲ။ ဒီလိုဆို ကိုယ့်လက်ထဲက စမတ်ဖုန်းကို ကျန်းမာရေး လိုက်စားဖို့ ပြန်အသုံးချကြမယ်။ ဘယ်လို အသုံးချကြမလဲဆိုရင် အောက်ပါ နည်းလမ်း ၃ သွယ်နဲ့ အသုံးချလို့ ရတယ်။

    ၁။ အစားအသောက်မှီဝဲရာမှာ စမတ်ဖုန်းတွေကို အသုံးချမယ်

    လူတစ်ယောက် ကျန်းမာစေဖို့ အစားအစာတွေ မှီဝဲစားသောက်မှုပုံစံက အရေးအကြီးဆုံးအချက်ပါပဲ။ ကိုယ့်အနေနဲ့ ဘယ်လို အစားအစာကို ဘယ်လောက်စားပြီး ဘယ်လို အာဟာရဓာတ်တွေ၊ ကယ်လိုရီတွေ၊ ကာဘိုဟိုက်ဒရိတ်တွေ၊ အဆီတွေ၊ လက်ခံရရှိထားလဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် ကိုယ့်ကျန်းမာရေးကို အထောက်အကူပြုနိုင်တာပေါ့။

    ဒီလိုလုပ်ချင်တယ်ဆိုရင် စမတ်ဖုန်းတွေကနေတဆင့် လုပ်လို့ရပါတယ်။ ကိုယ့်ရဲ့ စားသောက်မှုပုံစံကို စမတ်ဖုန်းကိုအသုံးချပြီး ပြောင်းလဲနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ကျန်းမာရေးဟာလည်း သိသိသာသာပြောင်းလဲလာမှာဖြစ်ပါတယ်။

    • ကိုယ်နေ့စဉ် ဘာစားမလဲ ရွေးချယ်မယ် – နေ့စဉ်စားသောက်မှီဝဲနေတဲ့ အစားအစာတွေကို ဘယ်လိုပုံစံစားသောက်ရမယ်၊ ဘယ်လိုအစားအစာတွေ စားသောက်လိုက်ရင် ဘယ်လိုအရာတွေ ရလာမယ်ဆိုတာကို ဖော်ပြပေးနိုင်တဲ့ Yummly လို Application တွေ ဒီနေ့ခေတ်မှာ အများအပြားရှိနေပါပြီ အသုံးချနိုင်ဖို့ပဲ လိုအပ်တာပါ။
    • စားသောက်မှုကို အစီအစဉ်ချမယ် – ဝိတ်ချချင်တဲ့လူတွေအတွက်ဆိုရင်လည်း တစ်နေ့ကို ကယ်လိုရီပမာဏ ဘယ်လောက်စာပဲ မှီဝဲစားသောက်ရမယ်ဆိုတာကို သတ်မှတ်နိုင်တဲ့ MyFitness Pal တို့ MyNetDiary တို့လို App မျိုးတွေ ရှိနေတာမို့ စနစ်တကျသာ အသုံးချမယ်ဆိုရင် အစားအစာကို စနစ်တကျ မှီဝဲစားသောက်ရုံနဲ့တင် ကိုယ်အလေးချိန်ကျသွားမှာဖြစ်ပါတယ်။
    • အစားအသောက် ရွေးချယ်မယ် – ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet စာတွေက တစ်ခါတလေမှာ ရွေးချယ်ရခက်ခဲတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ဖုန်းကနေတဆင့် အသစ်အဆန်းတွေ ရှာဖွေပြီး အပြောင်းအလဲလေးတွေ ပြုလုပ်လို့ရပါတယ်။
    • ဆိုင်ရှာမယ် – ဖုန်းထဲကနေ အနီးနားက စားသောက်ဆိုင်တွေကို ရှာဖွေနိုင်ပြီး အစားအသောက်နဲ့ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ကြိုတင်လေ့လာနိုင်တာမို့ ကိုယ့်ကျန်းမာရေးနဲ့ကိုက်ညီတဲ့ဆိုင်ကို ရွေးချယ်လို့ရပြီပေါ့။
    • ကိုယ့်ကိုယ်ကိုယ် သတိပေးလို့ရတယ် – ကိုယ်ဘယ်လောက်တွေ စားမိနေပြီလဲ၊ ကိုယ်နဲ့မတည့်တဲ့ဘာတွေ စားမိနေပြီလဲဆိုတာကိုလည်း သတိပေးချက်တွေ ပေးလို့ရနိုင်သေးတယ်။ နည်းပညာခေတ်ကြီးမှာ မလုပ်နိုင်တာ ခပ်ရှားရှားရယ်ပါ။

    ၂။ ကိုယ်လက်ကြံ့ခိုင်အောင် စမတ်ဖုန်းတွေ အသုံးချမယ်

    ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းဖို့လည်း စမတ်ဖုန်းတွေ အသုံးချလို့ရတယ်ဆိုရင် အံ့သြနေမလား။ တကယ်လုပ်လို့ရပါတယ်။ တစ်ချို့ Application တွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အထောက်အကူပြုပြီးတော့ ကိုယ်လေ့ကျင့်ခန်းလုပ်လိုက်တိုင်းမှာလည်း ဘယ်လိုအကျိုးတွေ ရလာတယ်ဆိုတာကိုလည်း ပြောပြနိုင်ကြပါတယ်။

    • ‌လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ အသုံးချပါ – Gym သွားမှ လေ့ကျင့်ခန်းလုပ်လို့ရတာမဟုတ်ပါဘူး။ အိမ်မှာနေရင်းလည်း လေ့ကျင့်လို့ရတာတွေရှိတယ်လေ။ Application တွေကိုအသုံးချပြီး လေ့ကျင့်ခန်းတွေ လုပ်လို့ရနိုင်တာမို့ အသုံးချသင့်ပါတယ်။ Nike+ Training Club တို့၊ 8fit တို့ 30 Day Fit Challenges တို့၊ Total Fitness တို့ကို အသုံးချလို့ရပါတယ်။
    • နေ့စဉ်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပါ – ကိုယ့်ရဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်ကြတဲ့ လမ်းလျှောက်တာတွေ၊ ပြေးတာတွေ၊ အတက်အဆင်းတွေကိုလည်း မှတ်သားထားလို့ရပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်ပေမယ့်လည်း ကိုယ့်ရဲ့ တစ်နေ့တာ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ကျန်းမာစေဖို့ အထောက်အကူဖြစ်စေနိုင်တာမို့ပါ။ ဒီစနစ်တွေက ဖုန်းတွေမှာ Build-in ပါဝင်တတ်သလို MapMyRun တို့၊ Google Fit တို့လို App တွေကိုလည်း အသုံးချနိုင်ပါသေးတယ်။
    • နှလုံးခုန်နှုန်းကို စောင့်ကြည့်ပါ – ဖုန်းတွေကနေတဆင့် နှလုံးခုန်နှုန်းတို့၊ သွေးခုန်နှုန်းတို့ကို စောင့်ကြည့်လို့ရပါတယ်။ ဖုန်းတွေအပြင် ဖုန်းနဲ့ချိတ်ဆက်ပြီးသုံးနိုင်တဲ့ နာရီတို့ Fitness Tracker တို့လို အရာတွေလည်း ရှိတာမို့ အသုံးချနိုင်ပါတယ်။
    • ဆီးချိုတိုင်းမယ် – ဖုန်းတွေရဲ့ အားသာချက်တွေထဲမှာ ဆီးချို၊ သွေးတိုးတိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။ Application တွေရော Build-in လုပ်ဆောင်ချက်တွေပါ အမျိုးမျိုးရှိနေတာပါ။

    ၃။ အထွေထွေကျန်းမာရေးအတွက် စမတ်ဖုန်းကို အသုံးချမယ်

    ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကောင်းမွန်ပျော်ရွှင်စွာနေနိုင်ဖို့အတွက် စမတ်ဖုန်းတွေကို အသုံးချသင့်တယ်မဟုတ်လား။

    • အလေ့အထကောင်းတွေကို ကျင့်သုံးပါ – ဖုန်းတွေသုံးပြီး နေ့စဉ် အိပ်ချိန်ကို သတ်မှတ်ကိုက်ညှိလို့ရသလို ရေဘယ်လိုသောက်မယ်၊ တက်ကြွစွာနေထိုင်ဖြစ်အောင် ဘယ်လိုနေထိုင်ကြမယ်ဆိုတာတွေကိုလည်း သတ်မှတ်နိုင်ပါသေးတယ်။
    • အပေါင်းလက္ခဏာဆောင်တဲ့ အတွေးအမြင်တွေ ယူပါ – Apps တွေသုံးပြီး ကိုယ့်ကိုယ်ကို စောင့်ကြည့်နေမယ်၊ ကျန်းမာအောင်နေမယ်ဆိုရင် ကောင်းတဲ့အချက်က အချက်အလက်တွေကို မပြတ်တွေ့နေရတာပါပဲ။ ဒါတွေကို ကြည့်ရင်း အကောင်းဘက်ကနေမြင်တတ်မယ်ဆိုရင် ပိုအကျိုးရှိမှာပေါ့။
    • အိပ်စက်ချိန်ကို စနစ်ကျအောင် လုပ်ပါ – ဖုန်းဆိုတာက နှိုးစက်ဆိုတာထက် ပိုပါတယ်။ အိပ်ချိန်မှာ ဖုန်းကို ကိုယ်နဲ့ ခပ်ဝေးဝေးမှာ ထားသင့်တယ်ဆိုပေမယ့် SleepCycle တို့၊ Sleep တို့၊ Sleep Pillow တို့လို Apps တွေကိုအသုံးချပြီး အိပ်စက်မှုကို အထောက်အကူဖြစ်အောင် ကူညီနိုင်တာကိုလည်း မေ့ထားလို့တော့မဖြစ်ပါဘူး။ အိပ်စက်ချိန်တွေကို မှတ်တမ်းတင်ထားပြီး ကိုယ့်ကျန်းမာရေးကို မပြတ်စောင့်ကြည့်လို့ရတယ်လေ။
    • ဝင်လေထွက်လေရှုဖို့ အကူအညီဖြစ်စေမယ် – Meditation app တွေ ဖုန်းထဲထည့်ထားပြီး ဝင်လေထွက်လေရှုနိုင်တာကလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို ကူညီနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် ဝင်လေထွက်လေရှုမှတ်ပေးတာက နည်းလမ်းကောင်းမဟုတ်လား။ Apps အကူအညီနဲ့ဆိုရင် ပိုပြီး စနစ်တကျ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    အထက်မှာဖော်ပြခဲ့တာတွေကတော့ စမတ်ဖုန်းတွေအသုံးချပြီး ကိုယ့်ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

    တစ်ခုသတိထားရမှာက စဉ်ဆက်မပြတ် အသုံးချနိုင်ဖို့ကတော့ ကိုယ့်ရဲ့စိတ်နဲ့သာ တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာပါပဲ။ လုပ်လိုက်မလုပ်လိုက်ဖြစ်နေရင်တော့ အကျိုးထူးဖို့ ခက်ပါလိမ့်မယ်။

    စမတ်ဖုန်းကို ကျန်းမာရေးအတွက် အသုံးချကြမယ်

    စမတ်ဖုန်းကို ကျန်းမာရေးအတွက် ဒီလို အသုံးချလို့ ရပါတယ်။
    • အစားအသောက်မှီဝဲရာမှာ စမတ်ဖုန်းတွေကို အသုံးချမယ်
    • ကိုယ်လက်ကြံ့ခိုင်အောင် စမတ်ဖုန်းတွေ အသုံးချမယ်
    • အထွေထွေကျန်းမာရေးအတွက် စမတ်ဖုန်းကို အသုံးချမယ်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement