backup og meta

သင် အရက်စွဲနေပြီလား


Ye Zon Aung မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် အရက်စွဲနေပြီလား

    အရက်စွဲလမ်းတာကို တချိန်တုန်းက “Dipsomania” လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ ၁၈၄၉ ခုနှစ်ရောက်မှသာ ဆွီဒင်ဆေးပညာရှင် မက်ဂ်နက်စ် ဟက်စ်က ဒီကနေ့ခေတ်မှာ သုံးစွဲနေတဲ့ “Alcoholism” လို့ စတင်ပြောင်းလဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။ အရက်ဟာ လူ့သမိုင်းတစ်လျှောက်လုံး နည်းမှန်လမ်းမှန်ရော၊ မတော်လောဘနဲ့ရော အသုံးပြုခြင်းကို ခံခဲ့ရတဲ့ အရာတစ်ခုပါ။ ဘေဘီလိုနီးယန်း၊ အီဂျစ်၊ ရောမခေတ်တွေတစ်လျှောက် သမိုင်းမှတ်တမ်းတွေတိုင်းမှာ အရက်ဟာ မပါမဖြစ် အရာတစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးတော့ ကိုးကွယ်ယုံကြည်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာရော ဆိုးသွမ်းယုတ်ညံ့တဲ့ ဖြစ်ရပ်တွေမှာပါ ပါဝင်ဆက်နွယ်နေလေ့ရှိပါတယ်။

    WHO ရဲ့ Globa Alcohol Report အရ ကမ္ဘာပေါ်မှာ နှစ်စဉ် လူ ၂ ဒဿမ ၅ သန်းလောက်ဟာ အရက်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ရောဂါတွေကြောင့် သေဆုံးနေကြရတယ်လို့ ဆိုပါတယ်။ ဆိုလိုချင်တာက နှစ်စဉ် ကမ္ဘာပေါ်က သေဆုံးမှု ၄% လောက်ဟာ အရက်နဲ့ ပတ်သက်နေတယ်ဆိုတဲ့သဘောပါ။ ဒါ့အပြင် အရက်စွဲလမ်းမှုဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်လွှားမှာ တားဆီးလို့ရနိုင်တဲ့ ရောဂါဝေဒနာတွေထဲက စတုတ္ထမြောက် အများဆုံး လူသေဆုံးမှုစေတဲ့ ဘေးဆိုးတစ်ခုဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အရက်စွဲလမ်းမှုဝေဒနာဟာ အံ့အားသင့်စဖွယ် ကောင်းလောက်အောင်ကို လူအများအပြားအကြားမှာ ပျံ့နှံ့တိုးပွားနေဆဲဖြစ်ပြီး သေပျောက်နှုန်းလည်း ရပ်တန့်မသွားပါဘူး။

    ဒါပေမယ့် လူတွေအနေနဲ့ အရက်သောက်သုံးခြင်းဟာ စွဲလမ်းနိုင်တယ်ဆိုတာကို သိနားလည်မှုရှိကြပေမယ့် မိမိကိုယ်တိုင် သောက်သုံးချိန်တိုင်းမှာတော့ စွဲလမ်းမှုမဖြစ်ပေါ်နိုင်လောက်ပါဘူးဆိုတဲ့ အသိမျိုး အံ့အားသင့်စဖွယ် ထင်မြင်နေကြတယ်လို့ ဆိုင်ရာသုတေသန အစီရရင်ခံစာတွေကဆိုကြပါတယ်။

    တကယ်တော့ အရက်ဟာ ထင်မှတ်ထားတာထက်ပိုပြီး စွဲလမ်းစေနိုင်ပါတယ်။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ စွဲလမ်းမှုဖြစ်ပေါ်နိုင်စေပါတယ်။ ကိုယ်တွင်းကိုယ်ပြင် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    ရုပ်ပိုင်းဆိုင်ရာအရ အရက်စွဲလမ်းခြင်း

    ရုပ်ပိုင်းဆိုင်ရာမှာတော့ အရက်မှာပါဝင်တဲ့ ဓာတ်တုဗေဒပါဝင်ပစ္စည်းတွေဟာ ဦးနှောက်ကို သက်ရောက်စေပါတယ်။ GABA receptor (Gamma-Aminobutyric acid) ဆိုတဲ့ ဗဟိုအာရုံကြောစနစ်အတွင်းက ကွန်ပေါင်းတွေကို သက်ရောက်စေတာပါ။ အဆိုပါ GABA receptor တွေဟာ ဦးနှောက်အတွင်းက Opioid receptor တွေကို နှိုးဆွပေးပြီး စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်ဝမ်းမြောက်မှုတွေကိုဖြစ်စေတဲ့ Endorphins တွေကို ထုတ်လွှတ်ပေးပါတယ်။ အရက်ရဲ့ အစွမ်းသက်ရောက်မှုကြောင့် သဘာဝအတိုင်းမဟုတ်ပဲဖြစ်ပေါ်လာတဲ့ အဆိုပါခံစားချက်ဟာ အယ်လ်ကိုဟောဓာတ်ကို စွဲလမ်းစိတ်ဖြစ်ပေါ်စေပြီး အရက်ကို ထပ်မံသောက်သုံးဖို့ တောင့်တလာစေပါတယ်။ GABA receptors တွေက ပျော်ရွှင်ဖွယ်ရာစိတ်ခံစားချက်ကို ပိုမိုထုတ်လွှတ်ပေးလေလေ အရက်သောက်သုံးမှုပမာဏ ပိုမိုမြင့်တက်လာလေလေဖြစ်ပြီး တားဆီးနိုင်မယ့် ချင့်ချိန်နိုင်စွမ်းကို တဖြည်းဖြည်းလျော့နည်းသွားစေမှာဖြစ်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာအရ အရက်စွဲလမ်းခြင်း

    အရက်သေစာကို စွဲလမ်းခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုတည်းမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့တွေဟာ မပျော်ရွှင်လို့၊ စိတ်ညစ်နေလို့စတဲ့ အကြောင်းပြချက်တွေကြောင့် အရက်ကို သောက်သုံးမိတာမျိုးရှိတတ်ပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အရက်သောက်သုံးခြင်းဖြင့် ဖြေလျှော့နိုင်မယ်ဆိုတဲ့ အတွေးမျိုးနဲ့ သောက်သုံးကြတာဖြစ်ပါတယ်။

    ဒီလိုသောက်သုံးခြင်းကြောင့် အလေ့အကျင့်ဖြစ်လာပြီး ပိုပြီး စွဲစွဲလမ်းလမ်းသောက်သုံးဖြစ်လာမှာဖြစ်ပါတယ်။ စိတ်ညစ်မှုစတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အဆင်မပြေမှုတွေရှိတိုင်း ပုံမှန်သောက်သုံးဖြစ်လာမှာဖြစ်သလိုနောက်ပိုင်းမှာတော့ ဘာအကြောင်းပြချက်မှ မလိုတော့ပဲ ဒီအတိုင်းကို သောက်သုံးကြတော့မှာဖြစ်ပါတယ်။

    အရက်စွဲစေနိုင်တဲ့ အကြောင်းအရင်းများ

    “လူတွေ ဘာကြောင့် အရက်ကို စွဲလမ်းသွားကြတာလဲ?” ဒါဟာ လူမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အရက်ကို သောက်သုံးဖြစ်နေသူတွေကိုယ်တိုင် ရှင်းလင်းစွာ မသိကြပါဘူး။

    အရက်စွဲလမ်းတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ကို အလွန်အကျွံသောက်သုံးမှုဟာ အဓိက ပြဿနာဖြစ်ပေမယ့် တစ်ချို့တွေဟာ အချိန်တိုအတွင်းမှာ စွဲလမ်းသွားတတ်ပြီး တစ်ချို့ကတော့ အချိန်အတော်ကြာမှာ စွဲလမ်းတဲ့အဆင့်ကို ရောက်တတ်ပါတယ်။

    • ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ တစ်ခုကတော့ မျိုးဗီဇကြောင့်ဖြစ်ပါတယ်။ တစ်ချို့မိသားစုတွေမှာ အရက်စွဲရောဂါဖြစ်ဖူးတဲ့ သမိုင်းကြောင်းရှိခဲ့ဖူးသူတွေရဲ့ မျိုးဆက်တွေဟာ အရက်စွဲလမ်းနိုင်ချေပိုမြင့်ပါတယ်။

    • နောက်ထပ်တစ်ချက်ကတော့ စိတ်ကျန်းမာရေး အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ သူတွေဟာလည်း အရက်စွဲလွယ်ပါတယ်။

    • မိမိကိုယ်ကို အားနည်းတဲ့ လိင်ခံယူချက်ရှိသူလို့ ယုံကြည်ခံစားနေမိတာကြောင့်လည်း အရက်စွဲနိုင်ချေမြင့်မားပါတယ်။

    • ကြီးပြင်းလာတဲ့ ဘဝအခြေအနေအရ မိသားစုအတွင်းမှာ Alcohol Abuse ပြဿနာရှိခဲ့တာမျိုး ဒါမှမဟုတ် တခြားပြင်းထန်တဲ့ စိတ်ဒါဏ်ရာတွေရခဲ့ဖူးခဲ့ရင်လည်း အရက်ပိုမို လျှင်မြန်စွာ စွဲစေနိုင်ပါတယ်။

    • ပတ်ဝန်းကျင် ဖိအားတွေနဲ့ ဆွဲဆောင်မှုတွေကြောင့်လည်း အရက်စွဲ လွယ်ကူစေပါတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ ပံ့ပိုးမှုမရသူတွေ၊ ဆင်းရဲမွဲတေမှုဒါဏ် ခံစားနေရသူတွေ၊ ပြစ်မှု/ပြစ်ဒါဏ်ဆိုင်ရာ ပြဿနာရှိသူတွေလည်း ဒီအတိုင်းပါပဲ။

    • ငယ်ရွယ်စဉ်မှာကတည်းက အရက်သောက်သုံးတဲ့ အလေ့အထရှိသူတွေဟာလည်း အရက်စွဲရောဂါ ရနိုင်ပါတယ်။

    • ကျန်းမာရေး အခြေအနေတွေကြောင့်လည်း အရက်ကို ဖိသောက်မိပြီး စွဲလမ်းသွားနိုင်ပါသေးတယ်။ ဥပမာ ထိခိုက်ဒါဏ်ရာကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူတွေ၊ ကိုယ်အလေးချိန် လျှော့ချဖို့ ခွဲစိတ်ပြုပြင်ထားသူတွေဖြစ်ပါတယ်။

    ဒီအချက်တွေကြောင့် သေချာပေါက် အရက်စွဲမယ်လို့ မဆိုနိုင်ပေမယ့် ဖြစ်နိုင်ချေမြင့်မားတာတော့ အမှန်ပါပဲ။ ကြိုက်နှစ်သက်လို့ သောက်သည်ဖြစ်စေ၊ အကြောင်းတိုက်ဆိုင်လို့ သောက်ဖြစ်နေသည်ဖြစ်စေ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို သတိမူပြီး ချင့်ချိန် သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။

    ကိုယ်အရက်စွဲ၊ မစွဲ ဘယ်လိုသိနိုင်မလဲ?

    ဒီလိုမှမဟုတ်ပဲ ကိုယ်ဟာ အသိမိတ်ဆွေတွေနဲ့ မကြာခန၊ ဒါမှမဟုတ် နေ့စဉ် ရက်ဆက်တွေ သောက်ဖြစ်လာတယ်ဆိုရင် အသိစိတ်ဝင်နေချိန်လေးမှာ ကိုယ်အရက်စွဲနေပြီလား၊ ဒါမှမဟုတ် စွဲနိုင်ချေရှိနေပြီလားဆိုတာကို အရင် ဆန်းစစ်ဖို့ လိုပါတယ်။

    တကယ်လို့ မိမိကိုယ်ကို အရက်စွဲလမ်းနေပြီလားဆိုတာကို ဝေခွဲလို့မရဘူးဆိုရင် အောက်ပါ အချက်တွေနဲ့ နိုင်းယှဉ်သုံးသပ်ပြီး ဆန်းစစ်နိုင်ပါတယ်။ ပညာရှင်တွေသတ်မှတ်ထားတဲ့ အရက်စွဲလမ်းခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • သောက်သုံးတဲ့ ပမာဏ ဒါမှမဟုတ် အကြိမ်အရေအတွက် မြင့်တက်လာနေတယ်။

    • အရက်အပါအဝင် အယ်လ်ကိုဟော ပါဝင်တဲ့ အရာတွေကို သုံးစွဲရာမှာ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်မြင့်တက်လာမယ်၊ အရက်နာကျတာမျိုး အဖြစ်နည်းလာမယ်။

    • ပုံမှန်မဟုတ်တဲ့ အချိန်တွေမှာပါ သောက်သုံးဖြစ်လာမယ်။

    • အရက်ရှိနိုင်တဲ့နေရာတွေဆီကို ပိုသွားချင်လာပြီး၊ အရက်မရှိနိုင်ဘူးလို့ စိတ်ကသိနေတဲ့ နေရာကို အသွားအလာနည်းလာမယ်။

    • အပေါင်းအသင်း မိတ်ဆွေ ပေါင်းသင်းပုံ ပြောင်းလဲလာမယ်။ အရက်ပုံမှန် တွဲသောက်ချင်သူတွေနဲ့ ပိုပေါင်းဖြစ်လာမယ်။

    • ချစ်သူခင်သူတွေနဲ့ ရှောင်ဖယ်ဖယ်ဖြစ်လာမယ်။

    • ပုံးလျှိုးကွယ်လျှိုးပိုသောက်ချင်လာမယ်။

    • နေ့စဉ်ဘဝမှာ အရက်ကို ဦးတည်ပြီး စဉ်းစားတာမျိုးတွေဖြစ်လာမယ်။

    • လုပ်ချင်ကိုင်ချင်စိတ် လျော့နည်းလာမယ်၊ စိတ်ဖိစီးမှုများလာမယ်၊ စိတ်တိုလွယ်လာမယ်။ စိတ်ခံစားချက်နဲ့ ဆက်နွယ်တဲ့ ပြဿနာတွေ များလာမယ်။

    ဒီအချက်တွေထဲက အချက်တော်တော်များများနဲ့ ကိုက်ညီနေမယ်ဆိုရင်တော့ သင်အရက်စွဲနေပြီလို့ ဆိုလို့ရပါတယ်။ ဒီလိုဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး အရက်ဖြတ်ဖို့ ကြိုးပမ်းတာဟာ လူနေမှုဘဝအတွက်ရေ ကျန်းမာရေးအတွက်ပါ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement