backup og meta

ဆေးလိပ်ဖြတ်ခြင်းကို ရင်ဆိုင်နိုင်စေသော အချက်၇ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်ခြင်းကို ရင်ဆိုင်နိုင်စေသော အချက်၇ချက်

    ခြုံပြောရမယ်ဆိုရင် နီကိုတင်းဖြတ်တယ်ဆိုတာ တိုးတောင်းသော်လည်း တော်တော်လေးပြင်းထန်ပါတယ်။ အထူးသဖြင့် ဘာတွေရင်ဆိုင်ရမလဲဆိုတာ မသိရင် ပိုဆိုးပါတယ်။

    ဆေးလိပ်စစဖြတ်ချင်းမှာ ဘာတွေ ကြုံတွေရမယ်ဆိုတာ သိအောင်လုပ်ထားပါ။ အဲဒါကို ကိုင်တွယ်နိုင်လိမ့်မယ်၊ ပြီးတော့ ခဏတာလေးပဲဆိုတာ သင်သိသွားပါလိမ့်မယ်။

    ၁။ ဘာကြောင့် ဆေးလိပ်ဖြတ်ချင်တာလဲ ပြန်ဆန်းစစ်ပါ။

    ဆေးလိပ်ဖြတ်တဲ့လူတိုင်း အကြောင်းပြချက်ရှိကြပါတယ်။ တော်တော်များများဟာ အကြောင်းပြချက်တွေ တူညီနေကြလေ့ရှိပါတယ်။

    အချို့ကတော့ တခြားသူတွေနဲ့မတူတဲ့ အကြောင်းပြချက်မျိုးရှိပါတယ်။

    ကိုယ်တိုင်အကြောင်းပြချက်တစ်ခုကို ခိုင်မာအောင်ထားပြီး ဆက်လုပ်သွားရပါမယ်။ စိတ်ထဲမှာ ပေါ်လာတဲ့အကြောင်းပြချက်တွေကို ထပ်ထည့်ရပါမယ်။ ချရေးထားပြီး မကြာခဏ ပြန်ဖတ်ပေးပါ။ အဲဒီအကြောင်းပြချက် အစုအဝေးကြီးက သင်ဆေးလိပ်ပြတ်စေဖို့ အကောင်းဆုံးလက်နက်ပါပဲ။

    ၂။ ကျိုးသင့်ကြောင်းသင့်ဆင်ခြင်နေရမယ့်အချိန်ကို သိပါစေ။

    ဆေးလိပ်စဖြတ်တဲ့နေ့တွေမှာဆိုရင် ဆေးလိပ်တစ်လိပ်လောက် သောက်လိုက်မယ်ဆိုတဲ့ အတွေးတွင်ဝင်လာမှာ ဧကန်မုချပါပဲ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ပထမ၁ပတ်၊၂ပတ်လောက်မှာ ဆေးလိပ်သောက်ဖို့ပဲ ခေါင်းထဲရှိနေပါလိမ့်မယ်။

    စွဲလမ်းမှုမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက ပိုပြင်းထန်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ အတွင်းစိတ်က ဆေးလိပ်ပြန်သောက်ဖို့ ဆွဲဆောင်နေပါလိမ့်မယ်။

    ကိုယ်စိတ်ကိုနိုင်အောင် ပြင်ဆင်ထားပါ။ ဆေးလိပ်ဖြတ်တဲ့သူတိုင်း ကြုံတွေ့ရနိုင်ပါတယ်။ နီကိုတင်းစွဲလမ်းမှုကို တိုက်ခိုက်တဲ့နေရာမှာ တစ်စိတ်တစ်ဒေသဖြစ်ပြီး သင့်ကြိုးပမ်းမှုကို ဖျက်စီးမခံရဖို့ မှတ်ထားပါ။

    များသောအားဖြင့်တော့ ဆေးလိပ်ဖြတ်ပြီး ပထမလလောက်ဆိုရင် အဆိုးဆုံးချိန်တွေ ပြီးဆုံးသွားပါပြီ။

    ၃။ ဆေးလိပ်သောက်အောင်လုပ်မယ့်အရာတွေကို အနိုင်ယူလိုက်ပါ။

    နီကိုတင်းကို ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေက ဆေးလိပ်သောက်ချင်စိတ်ပေါက်စေပါတယ်။ နီကိုတင်းသွေးထဲမှာ မရှိတော့ဘူးဆိုရင် နှစ်နဲ့ချီပြီး ခံနိုင်သွားပါလိမ့်မယ်။ ဒါပေမယ့်လည်း ဆေးလိပ်ပြန်သောက်စေတဲ့အရာတွေက ထိုအရာတွေကို ပျက်စီးစေပါတယ်။ မနက်အိပ်ရာနိုးတဲ့အချိန်ကစပြီး ညအိပ်ရာဝင်တဲ့အထိ ဆေးလိပ်က ကျွန်တော်တို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါတယ်။

    ဆေးလိပ်ပြန်သောက်စေတဲ့အရာတွေဟာ ရုတ်တရက်ပြန်ပေါ်လာတတ်ပြီး သွေးထဲမှာနီကိုတင်းမရှိဘဲနဲ့ ဆေးလိပ်စဖြတ်တဲ့ အချိန်မျိုးကို ပြန်ရောက်သွားစေတတ်ပါတယ်။ သေချာလေ့ကျင့်လိုက်မယ်ဆိုရင် အကျင့်ဟောင်းတွေ ပျောက်ပြီး ကောင်းမွန်တဲ့ အကျင့်တွေ ပေါ်ပေါက်လာမှာပါ။

    ဆေးလိပ်သောက်ချင်စိတ်ပြန်ပေါ်လာတဲ့အခါမှာ ကျော်လွှားနိုင်မယ့် အောက်ပါအချက်များကို စမ်းကြည့်သင့်ပါတယ်။

    • စိတ်ကို အခြားနေရာပို့ထားပါ။ မိမိဝါသနာပါတာတွေနဲ့ အလုပ်ရှုပ်နေပါစေ။
    • ဆေးလိပ်၊လက်၊ပါးစပ် အကျင့်ပါနေမှုကို ဖြေရှင်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေကို လက်ထဲမှာ အမြဲထားပါ။ သစ်သီးစိ၊ မြေပဲ၊ မြေပဲထောပတ် စတာတွေက ကောင်းမွန်တဲ့ရွေးချယ်မှုတွေပါ။ သကြာမပါထားတဲ့ ပီကယ် ဒါမှမဟုတ် ကောက်ရိုးတွေ ဝါးပေးခြင်းကလည်း အသုံးဝင်နိုင်ပါတယ်။
    • အရက်သောက်ခြင်းကို ရှောင်ကျဉ်ပါ။ ဆေးလိပ်သောက်နေတဲ့သူတွေကြားထဲ့ အစောကြီးပြန်မသွားပါနှင့်။ အဲဒါတွေ လုပ်နိုင်မယ့် အချိန်ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်လောက်နဲ့တော့ မမျှော်လင့်ပါနဲ့။ အချိန်ယူပါ။ လုပ်နိုင်တာထက် ပိုပြီး တွန်းအား အရမ်းမပေးပါနှင့်။

    ၄။ ကူညီအားပေးနှစ်သိမ့်မှုတွေ ယူပါ။

    သင့်ဘေးမှာ အပြုသဘောနဲ့ အားပေးမယ့်သူတွေရှိနေမယ်ဆိုရင် ဆေးလိပ်ဖြတ်ရတာပိုလွယ်ပြီး တာရှည်ခံပါလိမ့်မယ်။ မိသားစု၊ မိတ်ဆွေက အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေ ဆေးလိပ်တစ်ခါမှ မသောက်ဖူးရင် သင့်အခက်အခဲတွေကို နားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။ သင်လိုချင်တဲ့ အားပေးမှုမရတာမျိုး ဖြစ်သွားတတ်ပါတယ်။

    ၅။ မိမိကိုယ်ကို ဆုချပါ။

    ဆေးလိပ်စဖြတ်တဲအချိန်မှာ တစ်လိပ်မှမသောက်ပဲ နေလိုက်တဲ့နေ့တွေက ရိုးရှင်းတဲ့ အောင်မြင်မှုတွေပါပဲ။ သင်ထင်ချင်မှထင်ပါလိမ့်မယ်။ နောက်ဆုံးဆေးလိပ်သောက်ခဲ့တဲ့ရက်ကနေ လက်ရှိအချိန်ရှိနေ့ရက်အရေအတွက်တွေက ဆေးလိပ်ဖြတ်ဖို့ ခွန်အားတွေပေးနေပါလိမ့်မယ်။ ဆေးလိပ်မရှိပဲ ဘယ်လိုနေထိုင်ရမလဲဆိုတာ မိမိဘာသာ နည်းနည်းချင်းစီ သင်ယူနေရပါမယ်။ အနည်းဆုံး ပထမလလောက် ရုန်းကန်တိုက်ထုတ်လိုက်ပြီး တစ်နေ့တစ်ကြိမ်လောက် မိမိကိုယ်ကို အလိုလိုက်လိုက်ပါ။ တခြားလူတွေ အားပေးနှစ်သိမ့်တာကို စောင့်မနေပါနဲ့။ ကိုယ့်ဘာသာကြိုးစားပါ။

    နေ့စဉ် မိမိကိုယ်ကို ဆုချီမြှင့်ခြင်းက အသေးစိတ်စီစဉ်နေဖို့ မလိုပါဘူး။ တစ်ယောက်တည်း စာဖတ်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းတို့လိုမျိုး ရိုးရိုးရှင်းရှင်းလေးတွေက ဆေးလိပ်ကို အချိန်ကြာကြီး တိုက်ထုတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုလျော့နည်းစေမယ့် ဆုလဒ်တွေကို ရွေးချယ်နိုင်မယ်ဆိုရင် အရာအားလုံးပိုအဆင်ပြေလာပါလိမ့်မယ်။

    ၆။ ကိုယ်ဘဝကို ပြောင်းလဲချင်ရင် စိတ်ကိုပြောင်းလဲလိုက်ပါ။

    ပုံမှန်လူတစ်ယောက်မှာ တစ်နေ့လျှင် အတွေးပေါင်း၆၀၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ စိတ်ဟာ အမြဲအလုပ်လုပ်နေလျက်ရှိပါတယ်။ အဲအတွေးတွေထဲက ဘယ်လောက်ဟာ အပျက်သဘောဆောင်နေမယ်ဆိုတာသိရင် သင်အံ့သြသွားပါလိမ့်မယ်။ ပိုဆိုးတာက အဲဒီဆိုးတဲ့ အတွေးတွေကိုပဲ ထပ်ခါထပ်ခါ ပြန်တွေးနေကြတာပါ။

    ဘာတွေတွေးနေတယ်ဆိုတာ အာရုံစိုက်ပေးရပါမယ်။ အပျက်သဘောဆောင်တဲ့ အတွေးတွေဝင်လာပြီဆိုရင် သတိထားပြီး အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ ပြန်လည်အစားထိုးပေးပါ။ မလုပ်နိုင်ဘူးဆိုတဲ့အတွေးတွေကို လုပ်နိုင်တယ်ဆိုတဲ့အတွေးနဲ့ အစားထိုးလိုက်ပါ။ အပြုသဘောဆောင်အောင်နေပါ။

    ဥပမာအားဖြင့် အောက်ပါကဲ့သို့ တွေးနိုင်ပါတယ်။

    “ငါစိတ်ထဲမှာ ဆေးလိပ်ပဲရှိတယ်။ ငါဆေးလိပ်ကို တမ်းတနေတာ ဘယ်တော့မှ ရပ်သွားမှာမဟုတ်ဘူး။”

    အောက်ပါကဲ့သို့သော အတွေးဖြင့် အစားထိုးလိုက်ပါ။

    “ငါနီကိုတင်းစွဲနေတာမို့ိလို့ ငါ့စိတ်ကငါ့ကို လှည့်စားနေတာ။ ငါသီးခံလိုက်တာနဲ့ ဆေးလိပ်ပြတ်တော့မှာပါ”

    ကိုယ်လိုချင်တဲ့ဘဝဟာ ကိုယ့်အတွေးတွေကနေ စတင်တာပါ။ အရှုံးပေးတဲ့စိတ်တွေ၊ အပျက်သဘောဆောင်တဲ့ စိတ်တွေမထားပါနဲ့။ သင်ဒီထက်ပိုလုပ်ဆောင်နိုင်ပါတယ်။ ကိုယ့်စိတ်ကို လေ့ကျင့်ပါ။ ဆေးလိပ်က ကိုယ့်အတွက်ဘာလဲဆိုတဲ့ အရာကို ပြောင်းလဲလိုက်ပါ။ သင့်လွတ်လပ်မှုကို ရှာဖွေတွေ့ရှိလာပါလိမ့်မယ်။

    ၇။ စိတ်ရှည်ခြင်းနဲ့ အချိန်ကာလက သင့်မိတ်ဆွေတွေပါ။

    ဆေးလိပ်ဖြတ်တဲ့လူတွေဟာ အစပိုင်းမှရလာတဲ့ ဝေဒနာအားလုံးကို မြန်မြန်ပြီးဆုံးစေချင်ကြပါတယ်။ ဒါလက်ခံပေးနိုင်ပေမယ့်လည်း လက်တွေ့မကျပါဘူး။ ဆေးလိပ်ပြတ်ဖို့က အချိန်လိုပါတယ်။ စိတ်အေးအေးနဲ့ အချိန်ယူနိုင်လေ ပိုအဆင်ပြေလေပါပဲ။

    ကိုယ်က ကုစားတဲ့အဆင့်တစ်ခုဖြတ်သန်းနေတာကို နားလည်ပြီး စိတ်ရှည်ရှည်ထားပါ။ ဘယ်လောက်ကြာမယ်ဆိုတာ မိမိနဲ့ပဲသက်ဆိုင်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရရင် သင့်ကိုယ်သင်အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနှင့်။ ကိုယ်တိုင်ယုံကြည့်မှုထားပြီး အချိန်ယူလိုက်ပါ။

    နေ့တိုင်းဆေးလိပ်မသောက်ဘူးဆိုတဲ့ ဆုံးဖြတ်တစ်ခုကို လက်ကိုင်ထားပြီး အိပ်ရာထပါ။ ဆေးလိပ်မသောက်ဖြစ်တဲ့နေ့တိုင်းကို ဝမ်းသာဂုဏ်ယူလိုက်ပါ။ အချိန်ကြာလာလေ ဆေးလိပ်နဲ့ဝေးလေပါပဲ။ ဒါကြောင့်စိတ်အေးအေးထားပြီး အသာမျှောလိုက်သွားလိုက်ပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement