backup og meta

ဆယ်ကျော်သက် အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုပြဿနာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက် အရွယ်မှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုပြဿနာ

    အပူအပင်မရှိတဲ့ ကလေးဘဝ ကို ကျော်လွန်ခဲ့ပြီးနောက်ပိုင်း ပူပန်စိတ်ကို စပြီးရင်ဆိုင်ရတာ မြီးကောင်ပေါက် ဆယ်ကျော်သက် အရွယ် ပါ။ အပြောင်းအလဲတွေ စပြီးဖြစ်လာတဲ့အရွယ်ဆိုတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ရော၊ စိတ်ခံစားချက်အပြောင်းအလဲတွေလိုမျိုး အကြောင်းအရာတွေကြောင့် စိတ်ဖိစီးမှုတွေရှိလာနိုင်တာပေါ့။ စိတ်ဖိစီးမှုရှိနေတဲ့ လူငယ်တွေမှာ ဒီလိုအပြောင်းအလဲလက္ခဏာတွေရှိလာနိုင်တယ် –

  • စိတ်ခံစားချက်အပြောင်းအလဲ – စိတ်ဆတ်လာမယ်၊ စိုးရိမ်တတ်နေမယ်၊ စိတ်ဓါတ်ကျနေမယ်။
  • ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲ – စိတ်ဖိစီးမှုခံစားနေရတဲ့လူငယ်တွေကနေမကောင်းပိုဖြစ်တတ်တယ်၊ မကြာခဏခေါင်းကိုက်တယ်၊ ဗိုက်အောင့်တယ်၊ နာကျင်ကိုက်ခဲမှုတွေဖြစ်နေနိုင်တယ်။
  • အပြုအမူပိုင်းအပြောင်းအလဲ – စားသောက်ပုံနဲ့အိပ်စက်ပုံအလေ့အထတွေပြောင်းလဲလာတယ်၊ ပုံမှန်လုပ်နေကျအလုပ်တွေကိုရှောင်လာမယ်။
  • ဦးနှောက်စွမ်းရည်အပြောင်းအလဲ – အာရုံစူးစိုက်နိုင်စွမ်းကျဆင်းလာမယ်၊မေ့တတ်လာမယ်၊ နမော်နမဲ့ဖြစ်လာမယ်။
  • ဆယ်ကျော်သက် တို့ ဘာကြောင့် စိတ်ဖိစီးရတာလဲ

    အဓိကအားဖြင့် –

    ပညာရေး

    ကျောင်းမှာအတန်းကြီးလာလေ စာကြိုးစားဖို့တာဝန်နဲ့ အမှတ်အများဆုံးရလိုတဲ့စိတ်က ပခုံးပိုလေးလာလေဖြစ်လာတာသဘာဝပါပဲ။ တက္ကသိုလ်ဝင်တန်းအတွက် ရည်မှန်းချက်ပြည့်မီအောင်ကြိုးစားရတယ်၊ ဆရာတွေနဲ့မိဘတွေကျေနပ်အောင်အပြင် အချိန်ဇယားနဲ့ လှုပ်ရှားရတဲ့ယန္တရားမှာလည်ပတ်နေရတယ်ဆိုတာ ဖိစီးမှုတွေရဲ့အစပါ။ မှန်းထားတဲ့အတိုင်းမပြည့်မီတဲ့အခါ ၊ စိတ်ပင်ပန်းလာတဲ့အခါ ဖိအားတွေနဲ့ ရင်ဆိုင်လာရပါတယ်။

    လူမှုရေး

    ဆယ်ကျော်သက်အရွယ်ဟာ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းအလေးထားတဲ့အရွယ်ပါ။ အပေါင်းအသင်းမင်တယ်၊ သူငယ်ချင်းတွေနဲ့ပဲ သွားချင်၊လာချင်၊စကားပြောချင်ကြသလို စာတောင်အတူတူကျက်ရမှ ဆိုတာမျိုး။ ဒါ့ကြောင့် သူငယ်ချင်းတွေငြိုငြင်တာ၊ ပစ်ပယ်တာခံရမှာစိုးရိမ်စိတ်၊ ရွယ်တူချင်းအကျောခံရမှာ၊ အရှုံးပေးလိုက်ရမှာစိုးတဲ့စိတ်၊ စတဲ့ ဆက်ဆံရေးပိုင်း စိတ်ဖိစီးမှုေတွအမျိုးမျိုးရှိနေနိုင်ပါတယ်။

    မိသားစုပြဿနာ

    ကိုယ်မျှော်လင့်တဲ့မိသားစုပုံစံမရတာ၊ အိမ်ထောင်ကွဲမိသားစု ဖြစ်နေတာ၊ အတူနေမိသားစုတွေနဲ့အဆင်မပြေတာ၊ မိသားစုစီးပွားရေးအဆင်မပြေတာ စတဲ့အချက်တွေကြောင့်လည်း လူငယ်တွေမှာစိတ်ဖိစီးမှုအဖြစ်များပါတယ်။

    ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ

    ကိုယ့်မှာ စိတ်ဖိစီးနေပြီဆိုရင် –

  • ကိုယ်နှစ်သက်ရာ လှုပ်ရှားမှုတစ်ခုခုလုပ်ပါ၊တက်တက်ကြွကြွနေပါ။ စိတ်ညစ်စရာတွေနဲ့မှိုင်နေမယ့်အစား လူငယ်ပီပီ လှုပ်လှုပ်ရှားရှားနေရင်း စိတ်ဖိစီးမှုကိုဖြေဖျောက်လိုက်ပါ။ အစုအဖွဲ့လိုက် အားကစားလုပ်တာက ပုံမှန်လှုပ်ရှားမှုဖြစ်စေတဲ့အပြင် တခြားသူတွေနဲ့ပြောဆိုဆက်ဆံဖြစ်တော့ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။
  • အကောင်းမြင်ဖို့ အဓိကထားပါ။ အဆိုးဘက်ကိုတွေးပူတတ်တဲ့ ကိုယ့်စိတ်ကိုသတိထားမိတာနဲ့ အကောင်းမြင်တွေးကြည့်ဖို့အာရုံပြောင်းလိုက်ပါ။ အခက်ခဲဆုံးအခြေအနေတွေမှာတောင် တောက်ပလာမယ့်ပန်းတိုင်ကိုသာ တွေးမျှော်ကြည့်ပါ။ စိတ်ညစ်စရာတွေကို ဟာသလုပ်ပြီး လုပ်စရာရှိတာဆက်လုပ်ပါ။
  • အခွင့်အလမ်းတွေရှာဖွေပါ။ မအောင်မြင်ခဲ့တာရှိရင်တောင်မှ ကျရှုံးပြီလို့ ကိုယ့်ကိုယ်ကိုယ်မတွေးနေပါနဲ့။ ဒီတစ်ခါမဖြစ်ရင်နောက်တစ်ကြိမ်အောင်မြင်မှာပဲ။ ဒီတစ်လမ်းမဖြစ်ရင်နောက်တစ်လမ်းကထိုးဖောက်ပါ။
  • စိတ်ကျရောဂါလက္ခဏာတွေ ဖြစ်လာရင် ဒီအတိုင်းမနေပါနဲ့။ စိတ်ညစ်စရာတွေကို ယုံကြည်ရတဲ့တစ်ယောက်ယောက်ဆီ ရင်ဖွင့်ပါ။
  • အစားကိုပုံမှန်စားပါ။ အာဟာရမပြည့်ရင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး တခြားရောဂါတွေဝင်လာနိုင်ပါတယ်။
  • အားပြည့်လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိစေမယ့် အားဆေးတွေလည်းလိုအပ်လာရင် သောက်သုံးနိုင်ပါတယ်။ ဥပမာ တစ်နေ့တာအတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို အစားအသောက်ကနေ အလုံအလောက်မရရှိနိုင်သူတွေအတွက် ဗီတာမင်အားဆေးေတွက အစားမှန်၊ အအိပ်မှန်ပြီး စိတ်ကြည်လန်းဆန်းစေဖို့ ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။
  • အသက်ရှူလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်း၊ စာရေးခြင်း၊ တရားထိုင်ခြင်း၊ ပန်းချီဆွဲခြင်းတို့လို စိတ်ဖြေလျှော့တဲ့အလုပ်တွေကို လုပ်ကြည့်ပါ။
  • ကဖင်းဓာတ်များတဲ့ သောက်စရာတွေ၊ ဆေးလိပ်၊ အရက်တို့ကို ရှောင်ပါ။
  • လက်တွေ့ကျတဲ့ရည်မှန်းချက်တွေ ထားပါ။ ပုံနေတဲ့ လုပ်စရာတွေကို နည်းနည်းချင်းခွဲပြီးလုပ်ပါ။
  • စိတ်ဖိစီးမှုဖြစ်စေတဲ့ လူတွေ၊နေရာနဲ့ အရာဝတ္တုတွေကိုရှောင်ပါ။ အားပေးဖေးမတဲ့ မိတ်ဆွေတွေနဲ့ မကြာမကြာတွေ့ပြီး စကားပြောဆိုပါ။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement