backup og meta

စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်လာတဲ့အခါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်လာတဲ့အခါ

    စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့စကားက တကယ်ကိုမှန်ပါတယ်။ စိတ်ဓာတ်ကျလာပြီဆို အစားလည်းမစားချင်၊ အလုပ်လည်းမလုပ်ချင်၊ ဘယ်သူ့မှလည်းမတွေ့ချင်၊ အရာရာ စိတ်မပါတော့ဘဲ ဂျုံးဂျုံးကျတော့တာပါပဲ။ ပိုဆိုးတာက စိတ်ခံစားချက်တင်မကဘဲ လူကိုပါထိခိုက်လာတာပါပဲ။ အစားမမှန်၊ အအိပ်မမှန်တဲ့အပြင် စိတ်ဖိစီးမှုဟော်မုန်းတွေကြောင့် ကျန်းမာရေးမှာ အနုတ်လက္ခဏာပြလာပါလိမ့်မယ်။

    ဘာတွေအနုတ်လက္ခဏာပြလာမလဲ

    ကိုယ်အလေးချိန်ကျမယ် သို့မဟုတ် တက်မယ်

    စိတ်ကျဝေဒနာခံစားနေရသူတွေဟာ အစာစားချင်စိတ်မှာ အပြောင်းအလဲတွေဖြစ်စေနိုင်လို့ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တက်တာ၊ ကျတာတွေဖြစ်နိုင်ပါတယ်။ အဲဒီမှာ ကိုယ်အလေးချိန်တက်ရင် ဆီးချို၊ နှလုံးလိုရောဂါတွေဖြစ်လာနိုင်တယ်၊ ကိုယ်အလေးချိန်နည်းရင် နှလုံးထိခိုက်နိုင်တယ်၊ ကလေးရနိုင်စွမ်းကိုထိခိုက်စေနိုင်တယ်၊မောပန်းအားကုန်လွယ်စေတယ်။

    နာကျင်ကိုက်ခဲမှုတာရှည်မယ်

    စိတ်ကျဝေဒနာဖြစ်နေတဲ့သူတွေမှာ အဆစ်နာ၊ ကြွက်သားနာကျင်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း တို့လို အကြောင်းရင်းမည်မည်ရရမရှိတဲ့ နာကျင်မှု၊ ကိုက်ခဲမှုတွေ တာရှည်ခံစားနေရမယ်။ပြီးရင် အဲဒီနာကျင်ကိုက်ခဲမှုတွေကြောင့်ပဲ စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါသေးတယ်။

    နှလုံးရောဂါအန္တရာယ်ရှိတယ်

    စိတ်ဓာတ်ကျနေတော့ အစားအသောက်အနေအထိုင်တွေမှာ အရာရာဘာကိုမှ ကျန်းမာရေးနဲ့ညီအောင် အမှန်မဆုံးဖြတ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ နှလုံးရောဂါအန္တရာယ်ပိုများလာနိုင်တာပေါ့။ သုတေသနတွေအရ နှလုံးပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်သူ ငါးဦးမှာ တစ်ဦးနှုန်းက စိတ်ကျဝေဒနာခံစားနေရသူတွေဖြစ်နေတာတွေ့ရပါတယ်။

    ကိုယ်ခံအားကျလာနိုင်တယ်

    စိတ်ကျနေပြီဆိုရောဂါဝင်လွယ်တယ်နော်။ ချူချာလာတယ်၊ အားနည်းလာတယ်၊ ခဏခဏနေမကောင်းဖြစ်လာတယ်။ အကြောင်းရင်းက စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့cortisol နဲ့adrenaline ပမာဏပိုများလာတာကြောင့်လည်းပါဝင်ပါတယ်။

    စိတ်ဖိစီးမှုက ကိုယ်ခံအားကိုကျစေပြီး ခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်နိုင်စွမ်းကိုလျော့နည်းစေပါတယ်။

    လိင်စိတ်လျော့နည်းလာတယ်

    စိတ်ကျဝေဒနာခံစားရသူတွေက လိင်စိတ်လျော့နည်းလာနိုင်တဲ့အတွက် အိမ်ထောင်ရေးအဆင်မပြေဖြစ်လာနိုင်တယ်။

    ရောဂါအခံတွေ ပိုဆိုးလာစေနိုင်တယ်

    နာတာရှည်ရောဂါအခံတစ်ခုခုရှိနေပြီးသားလူတစ်ယောက်မှာ စိတ်ကျရောဂါဖြစ်လာရင် သူ့ရဲ့ရောဂါအခြေအနေပိုဆိုးစေနိုင်ပါတယ်။ နဂိုကမှရောဂါကြောင့် စိတ်ဖိစီးနေရတဲ့ကြားထဲ စိတ်ကျနေရင် ပိုဆိုးသွားစေတာပါ။ စိတ်ကျရောဂါကြောင့် ကုသမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    အိပ်မပျော်တော့ဘူး

    စိတ်ကျရောဂါဖြစ်နေသူဟာ ညအိပ်မပျော်ခြင်း ကိုခံစားလာရနိုင်ပါတယ်။ အိပ်ရေးပျက်ထားတဲ့သူက တခြားကျန်းမာရေးပြဿနာတွေနဲ့ပိုနီးစပ်သွားပါပြီ။သွေးတိုး၊ဆီးချို၊ ကိုယ်အလေးချိန်ပြဿနာ၊ကင်ဆာရောဂါတွေနဲ့ဆက်နွှယ်နေပါတယ်။

    အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေရှိနိုင်တယ်

    စိတ်ကျရောဂါရှိသူတွေဟာ အစာအိမ် သို့မဟုတ် အစာမကြေပြဿနာတွေဖြစ်တတ်တဲ့အပြင် ဝမ်းပျက်ခြင်းပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့လို အူလမ်းကြောင်းပြဿနာတွေခံစားရနိုင်ပါတယ်။

    စိတ်ကျဝေဒနာက ကုလို့ရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်စေတဲ့အထိ မဖြစ်အောင် စိတ်ပေါ့ပါးကျန်းမာစေမယ့်နည်းလမ်းတွေ၊ စိတ်ဖိစီးမှုလျော့ပါးစေမယ့်နည်းလမ်းတွေကိုရှာဖွေပါ။ လိုအပ်ရင် ဆရာဝန်ပြပြီး အကြံပြုချက်ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement