backup og meta

ဝအောင် ငိုလိုက်ပါ၊ ခဏလောက်တော့ ငိုပါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝအောင် ငိုလိုက်ပါ၊ ခဏလောက်တော့ ငိုပါ

    ငိုသာငိုချလိုက်ပါ။ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ ခံပြင်းလို့ပဲဖြစ်ဖြစ်၊ အလုပ်မှာစိတ်ပင်ပန်းလာရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေ၊ အမြင်တွေဝေဝါးလာတာတွေ၊ မျက်ခွံတွေမို့အစ်လာတာတွေတော့ စိတ်ညစ်ရပေမယ့်အဆိုးထဲက အကောင်းဆိုသလို ငိုကြွေးခြင်းကနေ ရနိုင်တဲ့အကျိုးကျေးဇူးတွေသိရရင် ဝမ်းသာရပါလိမ့်မယ်။

    တကယ်တော့ စိတ်ဖိစီးနေတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုချုပ်တည်းထားရတာ ကျန်းမာရေးအတွက်မကောင်းပါဘူး။ ငိုချလိုက်မှသာ စိတ်ထဲပေါ့သွားပြီး သက်သာရာရသွားတာမျိုး ခံစားဖူးကြမှာပါ။ တချို့တွေက လူရှေ့မှာ မျက်ရည်ကျရမှာကို ရှက်ကြပါတယ်။ အကြောင်းမဲ့ငိုတာမဟုတ်ရင် အကြောင်းရှိလို့ငိုတာ ရှက်စရာမလိုပါဘူး။ ငိုကြွေးခြင်းဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲလို့။

    ကဲအောက်မှာရေးထားတဲ့အကျိုးကျေးဇူးတွေဖတ်ပြီးရင် အားရပါးရသာ ငိုချလိုက်တော့နော် …

    ဘာ့ကြောင့် ငိုခိုင်းရသလဲ

    (၁) အဆိပ်အတောက်ေတွသန့်စင်ပေးတယ်

    ငိုလိုက်တဲ့အခါ စိတ်ထဲကဝေဒနာတွေပေါ့သွားရုံတင်မကဘူး၊ ခန္ဓါကိုယ်ထဲမှာလည်း သန့်စင်ပေးနိုင်ပါတယ်တဲ့။ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့မျက်ရည်တွေဟာကော်တီဆောဟော်မုန်းကိုမြင့်တက်စေနိုင်တဲ့ ဓါတ်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ငိုလိုက်တဲ့မျက်ရည်တွေက အသက်ရှူထုတ်ခြင်း၊ ဆီးသွားခြင်း၊ချွေးထွက်ခြင်းအပါအဝင် တခြားစွန့်ထုတ်မှုလုပ်ငန်းစဉ်တွေလိုပဲ အဆိပ်အတောက်ဓါတ်တွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားပေးနိုင်ပါတယ်။

    (၂) ဘက်တီးရီးယားတွေသေစေတယ်

    အားရပါးရငိုလိုက်ရတဲ့အခါ ဘက်တီးရီးယားတွေသေစေနိုင်တယ်တဲ့။ မျက်ရည်ကlysozyme ဆိုတဲ့အရည်ဓါတ်ပါဝင်တယ်လေ။lysozyme ကို နို့ရည်၊သုက်ရည်၊ချွဲသလိပ်နဲ့ တံတွေးတို့မှာလည်းတွေ့ရပါတယ်။ သူက ဘက်တီးရီးယားတွေကို ၉၀ ကနေ ၉၅ ရာခိုင်နှုန်းအထိသေစေနိုင်စွမ်းရှိပါတယ်။lysozyme က ဘက်တီးရီးယားဆဲလ်တွေရဲ့နံရံကိုဖျက်ဆီးပြီး ဘက်တီးရီးယားကိုသေစေနိုင်ပါတယ်။

    (၃) အမြင်အာရုံပိုကောင်းစေတယ်

    မျက်ရည်ကြောင့် မျက်စိအမြင်အာရုံပိုကြည်လင်စေတယ်ဆို ယုံနိုင်မလား။ မယုံရင် ငိုကြည့်။ မျက်လုံးမှာ ခန်းခြောက်လာတဲ့အခါ ကြည့်ရတာ သိပ်မကောင်းတော့တာ ခံစားမိမှာပါ။ အဲလိုဖြစ်ရင် မျက်ရည်တုတောင် ဝယ်ခတ်ရသေးတယ်မလား။ မျက်ရည်က မျက်လုံးရဲ့မျက်နှာပြင်ကိုရေချိုးသန့်စင်ပေးလိုက်သလို ရှင်းလင်းစေပြီး အစိုဓါတ်ထိန်းပေးတယ်၊ ဖုန်မှုန့်တွေဘာတွေကို ဖယ်ရှားပေးတယ်။

    (၄) စိတ်ခံစားချက်ကောင်းစေတယ်

    စိတ်ငြိမ်ဆေးတွေထက် မျက်ရည်က ပိုပြီးအစွမ်းထက်ပါတယ်။ အားရပါးရငိုချလိုက်ပြီး ပေါ့သွားတာပဲဆိုတဲ့ ခံစားချက် ကြုံဖူးကြမှာပေါ့။ ငိုကြွေးခြင်းက စိတ်ကိုသက်သာရာရစေပြီး ခံစားမှုတွေကို လျော့ပါးစေပါတယ်။ နည်းနည်းတော့ ခေါင်းကြည်သွားပါလိမ့်မယ်။

    (၅) စိတ်ဖိစီးမှုကို သက်သာစေတယ်

    ခုနကပြောသလိုပဲ စိတ်ပေါ့ပါးစေတဲ့အတွက် ဖိစီးနေတဲ့ခံစားချက်တွေကို အတန်အသင့် သက်သာသွားစေနိုင်ပါတယ်။ အခြေအနေက ထူးခြားမလာဘူးဆိုရင်တောင် စိတ်သက်သာရာရစေမှာပါ။ ငိုတယ်ဆိုတာ တင်းကျပ်၊ မွန်းကြပ်နေတဲ့စိတ်ခံစားချက်တွေကို ထွက်ပေါက်လေးတစ်ခုဖန်တီးပေးလိုက်တာဖြစ်လို့ ခေါင်းကိုက်လာတာ၊သွေးပေါင်တက်လာတာ လိုမျိုး ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

    (၆) ဆက်ဆံရေးပိုကောင်းစေတယ်

    ဥပမာကွယ် ရင်းနှီးတဲ့သူတစ်ယောက်နဲ့စိတ်ဆိုးပြီး မခေါ်မပြောဘူးထား။ ကိုယ်စိတ်ပင်ပန်းလို့ ငိုလိုက်တဲ့အခါ သူက ကရုဏာသက်ပြီး လာအားပေးမယ် ဆိုရင် ပြန်မခေါ်ဖြစ်ဘူးလား။ လူတွေအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာ တင်းနေတဲ့စိတ်တွေလျှော့လာပြီး အားပေးစကားတွေပြောထွက်စေတာ ဒီနည်းပါပဲ။ ဒါ့ကြောင့် လူလည်တချို့ဆို လိုအပ်လာရင် မျက်ရည်ခံထိုးတဲ့နည်းတောင် သုံးတတ်ပါ့။ တကယ်တော့ ငိုကြွေးတယ်ဆိုတာ စကားလုံးနဲ့ ဖော်ပြလို့မရတဲ့အရာတွေကို ဖွင့်ဟတဲ့သဘောပါ။ တစ်ဖက်က မျက်ရည်ကျလာပြီဆို တ်ဖက်ကလည်း စိတ်ပျော့လာ၊ လျှော့လာမှာပါပဲ။ ဥပမာ စုံတွဲတွေရန်ဖြစ်တဲ့ပွဲမှာလည်း မျက်ရည်ဟာ စစ်ပြေငြိမ်းဖို့တစ်ဖက်က အလံဖြူပြတဲ့ သင်္ကေတတစ်ခုပါ။

    ဒါပေမယ့် မကြာခဏ ငိုတတ်လွန်းလာတာက စိတ်ကျခြင်းရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ လူက –

    • အာရုံစိုက်ရခက်ခဲလာမယ်၊ မေ့တတ်လာမယ်၊ ဆုံးဖြတ်ချက်ချရခက်လာမယ်
    • မောပန်းပြီး အားမရှိသလို ခံစားရမယ်
    • အပြစ်ရှိသလို၊ တန်ဖိုးမဲ့နေသလို၊ လမ်းပျောက်နေသလို ခံစားရမယ်
    • အဆိုးမြင်လာတယ်၊ မျှော်လင့်ချက်မဲ့လာတယ်
    • အိပ်မပျော်ဘူး၊ သို့မဟုတ် အိပ်ချိန်တအားများလာတယ်
    • စိတ်ဆတ်လာတယ်
    • အရင်က ပျော်တဲ့အလုပ်တွေမှာ မပျော်မွေ့တော့ဘူး
    • အလွန်အကျွံစားတယ် သို့မဟုတ် အစားအရမ်းနည်းလာတယ်
    • အကြောင်းရင်းမရှိ ဟိုကနာ၊ ဒီကနာ ဖြစ်လာတယ်
    • ဆေးသောက်လည်းမထူးတဲ့ အစာမကြေခြင်းပြဿနာတွေရှိလာတယ်
    • စိုးရိမ်ပူပန်စိတ်က အမြဲကြီးစိုးနေတယ် ဆိုရင် စိတ်ကျဝေဒနာရှိနေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ပြပြီး ကုသမှုခံယူသင့်ပါတယ်။ ဒီထက်ဆိုးလာရင် ကိုယ့်အသက်ကိုယ် ရန်ရှာတာတွေဖြစ်လာနိုင်လို့ ဆက်မငိုပါနဲ့တော့နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement