backup og meta

အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘယ်လို ပျောက်အောင်လုပ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘယ်လို ပျောက်အောင်လုပ်ကြမလဲ။

    ခပ်ကျပ်ကျပ် အဝတ်အစားဝတ်လိုက်တိုင်းမှာ သိသိသာသာ ရှေ့ထွက်နေတာကတော့ ဆီးခုံပါပဲ။ နဂိုကမှ တင်ပဆုံရိုးကွင်းမှာ ဆီးခုံရိုးက ထူတဲ့အတွက် ရှေ့ကို နည်းနည်းထွက်နေပါတယ်ဆိုမှ အဆီတစ်ရှူးတွေပါ များနေရင် ပိုလို့တောင် သိသာလာပါရော။ တစ်ကိုယ်လုံး ချပ်ရပ်နေရင်တောင် ဆီးခုံလေးပဲ ကွက်မောက်နေတာက အတော်ကို အသည်းယားစရာပါ။ ဒါဆို ဆီးခုံမောက်တာ ဘယ်လို လုပ်ကြမလဲ လေဒီတို့။ ဒီတိုင်းပဲ ကြည့်နေရတော့မှာလား။

    ဆီးခုံဘာကြောင့်မောက်

    ဆီးခုံ အတိအကျပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာက ဆီးခုံရိုး နှစ်ခုဆုံတဲ့ နေရာပါ။ အရိုးဖြစ်တဲ့အတွက် နဂိုတည်းက အနည်းငယ် သိသာနေပါတယ်။ အဆီတွေ စုလာရင် ပိုပြီးသိသာလာမှာပါ။ ဒီအဆီတွေက ဘယ်ကရောက်လာတာလဲဆိုတော့

    • မျိုးဗီဇ

    ပိန်တာ၊ ဝတာ၊ ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ဘဲ ဒီတစ်နေရာထဲမှာပဲ မျိုးဗီဇကြောင့် မွေးရာပါ အဆီတွေ စုနေတာမျိုးပါ။

  • အဝလွန်တာ
  • ဒါကတော့ တစ်ကိုယ်လုံး ဝလာလို့ ဆီးခုံမှာပါ အဆီတက်လာတာပါ။

    ဒီအဆီတွေကို လျှော့ချလို့ မရနိုင်ဘူးလား။

    ရပါတယ်။ ခွဲစိတ်ကုသမှုနည်းလမ်းတွေနဲ့ ဒီအဆီတွေကို ရှင်းထုတ်လိုက်လို့ရပါတယ်။ အသုံးများတဲ့ ခွဲစိတ်နည်းတွေကတော့

    အဆီစုပ်ထုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထုံဆေးပေးပြီး အဆီတွေကို စုပ်ထုပ်ပစ်တာပါ။ နဂို အသားအရေတင်းတဲ့သူတွေကို ပိုကောင်းပါတယ်။ အဆီများလွန်းတဲ့ သူတွေ၊ အသားအရေလျော့တွဲတဲ့သူတွေဆိုရင် အဆီတွေ စုပ်ထုပ်ပြီးရင် အရေပြားက အိကျလာပါလိမ့်မယ်။

    • Monoplasty

    အရေပြားတွေ အိတွဲကျတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ဒီဆီးခုံပင့်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဆီကို ဖယ်ရှားပေးတဲ့အပြင် လျော့တွဲနေတဲ့ အရေပြားကိုပါ ပြန်လည်ပြုပြင်ပေးပါတယ်။

    ဒါကတော့ အဆီတွေကြောင့် ဆီးခုံမောက်တာအတွက် အထိရောက်ဆုံး နည်းလမ်းပါပဲ။

    ဆီးခုံမောက်တာ သက်သာစေမယ့် သဘာဝနည်းလမ်းတွေ မရှိဘူးလား။

    ဆီးခုံမောက်တာကို အစားအသောက်တွေ ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့ ချလို့ မရဘူးလားလို့ မေးကြပါတယ်။ ဒါကတော့ ဖြစ်တဲ့ အကြောင်းပေါ် မူတည်ပါတယ်။

    လူက ပိန်ပိန်လေး၊ မျိုးဗီဇကြောင့် တစ်နေရာထဲကွက်ပြီး အဆီများ ဆီးခုံမောက်နေတဲ့ သူတွေမှာ အစားရှောင်၊ လေ့ကျင့်ခန်းလုပ်ပြီး ချတာက သိပ်တော့ မထိရောက်လှပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပြီး ကျန်တဲ့ နေရာတွေ ချပ်ရပ်သွားရင် ဆီးခုံမောက်တာတောင် ပိုပြီး သိသာလာနိုင်ပါတယ်။

    သူတို့ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ ခွဲစိတ်နည်းလမ်းတွေကိုပဲ အသုံးပြုစေချင်ပါတယ်။ ခွဲစိတ်တယ်ဆိုပေမယ့် အသေးစားခွဲစိတ်မှုတွေ ဖြစ်လာကြောင့် နာလန်ထူမြန်ပါတယ်။

    တစ်ကိုယ်လုံးလုံး ဝနေလို့ ဆီးခုံအဆီပါ များနေတဲ့သူတွေကတော့ အစားရှောင်၊ လေ့ကျင့်ခန်း လုပ်တဲ့ နည်းကို လုပ်နိုင်ပါတယ်။ အမျှင်ဓာတ်ပါတာတွေကို ပိုစားပေးမယ်၊ လေ့ကျင့်ခန်း လုပ်ရင်လည်း ဆီးခုံကို အားပြုပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် အဆီတွေ လောင်ကျွမ်းပြီး ဝိတ်ပါကျလာမှာပါ။

     မျိုးဗီဇကြောင့် ကွက်ပြီး ဖောင်းနေတဲ့သူတွေအတွက် မခွဲဘဲ ချပ်သွားမယ့် နည်းလမ်း မရှိဘူးလား။

    လက်ရှိမှာတော့ အဆီတွေ စုပ်ထုပ်တဲ့နည်းက အသိသာဆုံးနဲ့ အထိရောက်ဆုံးပါပဲ။

    ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်နဲ့ အစားအစာတွေစားတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာကလည်း အကျိုးမယုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းတွေက အဝမလွန်အောင် ကာကွယ်ပေးတယ်လေ။ ဒါကြောင့် ဆီးခုံမှာ နောက်ထပ် အဆီပိုတွေ ထပ်စုမလာတော့ပါဘူး။ စိတ်ရှည် လက်ရှည်လုပ်မယ်ဆိုရင် ဆီးခုံက နဂိုရှိပြီးသား အဆီတွေလည်း ကျကောင်း ကျသွားနိုင်ပါတယ်။

    နောက်တစ်ခုက အမြင်လှည့်စားတာပေါ့။ ဆီးခုံမှာ အဆီစုနေတဲ့ သူက အဝတ်အစားကျပ်ကျပ်တွေ (ဥပမာ ရေကူးဝတ်စုံ၊ အသားကပ်ဘောင်းဘီ) ဝတ်ရင် သိသာတတ်ပါတယ်။ ဒါကြောင့် ဒီလို အဝတ်တွေကို ရှောင်ပါ။ ဝတ်မယ်ဆိုရင်လည်း အသားနည်းနည်း ထူတာကို ဝတ်ပါ။ ဒါမှမဟုတ် ဗိုက်နဲ့ ဖောင်းနေတဲ့ ဆီးခုံ တပြေးတည်း ဖြစ်သွားအောင် လိုသလို ပြင်ဆင်ပြီး ဝတ်ပါလို့ အကြံပြုချင်ပါတယ်။

    ဆီးခုံမောက်တယ်ဆိုတာ အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အမြင်အရ တစ်မျိုး ဖြစ်နေလို့သာ စိတ်ဒုက္ခရောက်နေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စရာမလိုပါဘူး။ ဆီးခုံမောက်တဲ့ သဘော သဘာဝကို နားလည်ထားမယ်ဆိုရင် ဖုဖုဖောင်းဖောင်း ကိုယ်အဆင်ပြေနေသလို နေလို့ရပါတယ်။ သက်သာသလို ဝတ်လို့ရပါတယ်။ သူများဖုဖောင်းနေတဲ့အခါမှာလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement