backup og meta

ရာသီရက် ရွှေ့ ချင်တဲ့ ပျိုမေများအတွက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီရက် ရွှေ့ ချင်တဲ့ ပျိုမေများအတွက်

    သူ့ဟာသူ လာနေတဲ့ ရာသီရက် ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။

    ဥပမာ ပြောပြမယ်နော်။ နောက်အပတ်မှာ စာမေးပွဲရှိတယ်။ ၃ရက်လောက် ဖြေရမယ်။ တိုက်တိုက်ဆိုင်ဆိုင် ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ကလေးတွေခမျာ စာကျက်လို့ စိတ်ညစ်တာ တစ်မျိုး၊ ဒီရာသီကတစ်မျိုးနဲ့ ဝက်ခြံလေးတွေတောင် ထွက်လို့။ နောက်တစ်ခု ခရီးသွားမယ့်အချိန်မှာ ရာသီလာရင်လည်း တော်တော် စိတ်ညစ်ရပါတယ်။ လည်လို့ ပတ်လို့ မကောင်းတော့ဘူးလေ။ Beachသွားမယ်လို့ စီစဉ်ထားတဲ့သူဆို ပိုဆိုး။ ရေထဲတောင် ဆင်းလိုက်ရမှာ မဟုတ်ဘူး။ နောက်ထပ် ပိုဆိုးတာက မင်္ဂလာဆောင်မယ့်ရက်နဲ့ ရာသီလာမယ့်ရက်နဲ့ တိုက်နေတာပါ။ ဒါဆိုရင်တော့ သတို့သားပါ ထိုင်ငိုကိန်းပဲ။ ဤသို့ ဤသို့သော အကြောင်းတွေကြောင့် ဆရာမရယ် ရာသီရက် ရွှေ့ ပေးပါဆိုတဲ့ complaintပေါ်လာပါတယ်။

    ရာသီရက် ဆိုတာ ရွှေ့လို့ရလို့လား။

    ရပါတယ်။ ဟော်မုန်းကြောင့် ဖြစ်နေတဲ့ ရာသီစက်ဝန်းဖြစ်နေတာကြောင့် ဟော်မုန်းနဲ့ ရွှေ့လို့ရပါတယ်။

    ဘယ်လိုရွှေ့ရမှာလဲ။

    တချို့ သဘာဝနည်းလမ်းတွေနဲ့ ရွှေ့တဲ့သူလည်း ရှိပါတယ်။ အလုပ်ဖြစ်မယ်လို့တော့ အာမခံလို့ မရပါဘူး။။ ခုပြောမှာကတော့ ဟော်မုန်းနဲ့ ရက်ရွှေ့တဲ့ နည်းလမ်းပါ။ နည်းလမ်း နှစ်ခုပြောပေးပါမယ်။

  • Norethindrone (norethisterone)
  • ဒါက အီစထရိုဂျင်ပါတဲ့ ဟော်မုန်းဆေးပါ။ တားဆေး မသောက်နေတဲ့သူတွေ ရာသီရက်ရွှေ့ချင်ရင် သုံးကြပါတယ်။ သိထားရမှာက ဟော်မုန်းဆေးမို့လို့ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးပါ။ ဒီတိုင်း ဝယ်လို့မရပါဘူး။ ရာသီလာမယ့်ရက် မတိုင်ခင် ၃၊ ၄ရက်လောက် အလိုမှာ တစ်နေ့ကို ၃လုံးသောက်ရတာပါ။ ကိစ္စဝိစ္စပြီးလို့ ရာသီပြန်လာချင်ရင် ဆေးရပ်လိုက်ပါ။ ၂ရက် ၃ရက်နေရင် ပြန်လာပါတယ်။

    သတိထားရမှာက ဒီဆေးက အီစထရိုဂျင်ပါပေမယ့် ကိုယ်ဝန်တားနိုင်တဲ့ သတ္တိပြည့်ပြည့်ဝဝမရှိပါဘူး။ ဒါကြောင့် ဒီဆေးသောက်နေပေမယ့် အတူနေမယ်ဆိုရင် တခြား ကိုယ်ဝန်တားတဲ့နည်းလမ်း (ဥပမာ ကွန်ဒုံးပဲဖြစ်ဖြစ်) သုံးရမှာပါ။

    ဘေးထွက်ဆိုးကျိုးကတော့ ပျို့တာ၊ ခေါင်းကိုက်တာ၊ ရင်သားတွေတင်းတာ၊ စိတ်အတက်အကျဖြစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူပါဘူး။ နောက်ပြီး အရင်က သွေးခဲဖူးတဲ့ ရောဂါရာဇဝင်ရှိရင် မသုံးသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ ပြပြီး ဆရာဝန် ညွှန်ကြားချက်နဲ့မှ ဝယ်လို့ရတာပါ။

    • ပေါင်းစပ် သန္ဓေတားဆေး

    ဒါက လက်ညိုးလို့ အလွယ်ခေါ်ကြတဲ့ ဆေးပေါ့။ အီစထရိုဂျင်ရော ပရိုဂျက်စတုန်းရော နှစ်မျိုးပါလို့ ပေါင်းစပ်လို့ သုံးလိုက်တာပါ။ ဒီဆေးသောက်နေတဲ့ သူတွေဆိုရင် ဆေးကတ်မှာ ပါတဲ့ ၄တန်းက နောက်ဆုံးအတန်းကို မသောက်ဘဲနဲ့ ၃တန်းမြောက်က ဆေးတွေ ကုန်ပြီဆိုတာနဲ့ နောက်အသစ်တစ်ကတ် ဖောက်သောက်လိုက်ပါ။ အားလုံးသိတဲ့အတိုင်း နောက်ဆုံးတန်းက ဆေးတွေက ဘာအာနိသင်မှ မရှိပါဘူး။ ဒါကြောင့် ၃တန်းမြောက်က ဆေးတွေ ကုန်တာနဲ့ ရာသီလာကြတာပေါ့။

    နှစ်ကတ်ဆက်တိုက်သောက်ပြီး ဒုတိယကတ်ရဲ့  ၄တန်းမြောက်ရောက်ရင် ရာသီပြန်လာပါလိမ့်မယ်။ ဒါကတော့ သန္ဓေတားဆေး သောက်တဲ့သူတွေပေါ့။ တခြားနည်းလမ်းနဲ့ သန္ဓေတားတဲ့ သူတွေကတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    သာမန်အမျိုးသမီးတွေမှာ အပေါ်က ဟော်မုန်းဆေးဝယ်ရခက်တဲ့အခါ ဆရာဝန်က ပေါင်းစပ်သန္ဓေတားဆေးကိုသုံးပြီး ရာသီရက်ရွှေ့ပေးတတ်ပါတယ်။

    ရာသီရက် ရွှေ့ တာ အန္တရာယ်ကင်းပါ့မလား။

    ရာသီရက် ရွှေ့တာရဲ့  ဘေးထွက်ဆိုးကျိုးကတော့

    • ရာသီရက်က ရွှေ့တိုင်းလည်း ရွေ့ချင်မှ ရွေ့တာပါ။ သဘာဝနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ်၊ ဆေးသောက်ပြီးပဲ ဖြစ်ဖြစ် တစ်ခါတစ်လေ မအောင်မြင်ဘဲ သူ့ရက်နဲ့သူ လာသွားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒါဟာ လူနည်းစုပါ။
    • ရာသီရက် အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဆိုလိုတာက သွေးထဲမှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်သွားတာကြောင့် ရာသီရက် စောတာ၊ နောက်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။
    • ရာသီတစ်ခုနဲ့ တစ်ခုကြားမှာ ကြားဖောက်သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါတွေက ခဏပါပဲ။

    တခြား ကြီးကြီးမားမား ကျန်းမာရေးထိခိုက်တာမျိုးတော့ မရှိတတ်ပါဘူး။

    မှာချင်တာကတော့ ရာသီရက်သည် ရွှေ့လို့ရပါတယ်။ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်မှာ ကိစ္စကြီးကြီးမားမားရှိရင် ရွှေ့ပါ။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုး အနည်းအပါး ရှိတတ်တာလည်း သိထားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement