backup og meta

ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

    ရာသီပန်း ဆိုတာက အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း လစဉ်ရှောင်လွှဲလို့မရဘဲ တွေ့ကြုံနေရတဲ့ ကိစ္စတစ်ခုပေါ့။ ရောဂါတစ်ခု မဟုတ်သလို ကြီးမားတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပေမယ့် စိတ်ရှုပ်စေတဲ့ ကိစ္စဆိုတာတော့ အမှန်ပါပဲ။ လစဉ်ပြဿနာကို ခံစားနေရတဲ့ နေ့တွေဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အလိုလိုကို ကျနေတာ။ အနံ့ဆိုးတွေများ ထွက်နေမလား၊ ပေတာတွေ၊ စွန်းထင်းတာတွေများ ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်က ရာသီလာချိန်မှာ တစ်ချိန်လုံးကို ကြီးစိုးနေရော။

    အနံ့အသက်ဆိုးတွေကို ကြောက်တတ်တဲ့ လေဒီတွေဆိုရင်တော့ အတော့်ကို စိတ်ပျက်စရာ နေ့စွဲတွေပေါ့။ ကိုယ်တိုင်လည်း အနံ့အသက်ဆိုးကို ကြောက်တယ်။ ပတ်ဝန်းကျင်ကသူတွေ ကိုယ့်ဆီကနေ အနံ့အသက်ဆိုးတွေ ထွက်နေလို့ စိတ်အနှောင့်အယှက် ဖြစ်မှာကိုလည်း စိုးရိမ်နေတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။ ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ကြည့်လိုက်တော့နော်။

    ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက် (၈)ချက်

    ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ အမျိုးသမီးတစ်ယောက် နဲ့ တစ်ယောက်ရဲ့ ရာသီသွေးဆင်းမှုအပေါ် အမြင်အမျိုးမျိုး ရှိကြပေမယ့် တူညီတဲ့ စိတ်ကူးတစ်ခုတော့ ရှိပါတယ်။ ဒါကတော့ ရာသီလာချိန်မှာ သက်သောင့်သက်သာနဲ့ ပေါ့ပါးလန်းဆန်းနေချင်တဲ့ ဆန္ဒပါပဲ။ ဒီဆန္ဒလေးကို အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဒီအချက်တွေကို လိုက်နာပေးပါ။

    ရာသီလာချိန်မှာ သန့်စင်လန်းဆန်းနေစေဖို့ လစဉ်သုံးပစ္စည်းကို တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ်လဲပေးပါ။ အရမ်းသွေးဆင်းမများရင်တောင်မှ မနက်ခင်းမှာ တစ်ခု၊ ညနေခင်းမှာ တစ်ခုလောက်တော့လဲလှယ်ပေးပါ။ လစဉ်သုံးကို အကြာကြီးမလဲလှယ်ဘဲဝတ်ဆင်ထားတာက ပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလို ဖြစ်နေနိုင်တာကြောင့်ပါ။ အနံ့အသက်ကင်းပြီးပေါ့ပါးလန်းဆန်းနေချင်တယ်ဆိုရင် ဒီအချက်ကို မေ့ထားလို့မဖြစ်ပါဘူး။

    • ပုံမှန်သန့်စင်ဆေးကြောပေးပါ။

    ရာသီသွေး ဆင်းနေချိန်မှာ အရေပြားမှာ ပေကျံနေတာမျိုးတွေဖြစ်နိုင်တာကြောင့် အနံ့အသက်ဆိုးဖြစ်ပေါ်မှုကို တားဆီးချင်တယ်ဆိုရင်တော့ သန့်စင်ဆေးကြောမှုလုပ်ပေးပါ။ Pad အသစ်မလဲခင်မှာ သေချာသန့်စင်ဆေးကြောပေးဖို့ကိုလည်း မမေ့ပါနဲ့။

    • သက်သောင့်သက်သာဖြစ်စေမယ့် ချည်သားအတွင်းခံဝတ်ဆင်ပေးပါ။

    ဒီလိုအချိန်မှာ သန့်စင်ပြီးနူးညံ့တဲ့ချည်သားအတွင်းခံကို ဝတ်ဆင်တာအကောင်းဆုံးဖြစ်မှာပါ။ အရမ်းတင်းကျပ်တဲ့ အတွင်းခံတွေက နေရထိုင်ရ ကသိကအောက်ဖြစ်စေနိုင်သလို ပိုးမွှားတွေပေါက်ဖွားဖို့အားပေးသလိုဖြစ်စေနိုင်ပါတယ်။

    • ဆပ်ပြာမသုံးပါနဲ့။ ရေ ဒါမှမဟုတ် မိန်းမကိုယ်သန့်စင်ပေးတဲ့အရာတွေကို အသုံးပြုပါ။

    ဆပ်ပြာသုံးပြီး သန့်စင်တာမျိုး မလုပ်ပါနဲ့။ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ဖို့ အားပေးသလိုဖြစ်မှာ စိုးတာကြောင့်ပါ။ ဒါကြောင့် မိန်းမကိုယ်အစ်ဆစ်ဓာတ် (pH balance) ကို ထိန်းညှိပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ Feminine wash မျိုးကို အသုံးပြုပေးလို့ရပါတယ်။ ဒါမှမဟုတ် ရေများများနဲ့ ဆေးပေးနိုင်ပါတယ်။

    • လစဉ်သုံး အသုံးပြုတဲ့အခါ တစ်မျိုးတည်းကိုပဲ အသုံးပြုပေးပါ။

    အချို့မိန်းကလေးတွေက သွေးဆင်းများတဲ့အခါ စွန်းထင်းတာမျိုးတွေ ဖြစ်မှာကို စိုးရိမ်ပြီး Tampon ရော၊ Pad ရောအသုံးပြုတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်တော့ ဒါက ပိုကောင်းသွားစေတဲ့ အရာတော့ မဟုတ်ပါဘူး။

    အရေပြားမှာ ပွန်းပဲ့တာတွေ ဖြစ်စေနိုင်သလို ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် အနံ့အသက်ဆိုးကို ပိုဖြစ်စေနိုင်တာကြောင့် နှစ်မျိုး၊ နှစ်ခုသုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။

    • ရေပုံမှန်ချိုးပါ

    ရာသီလာနေချိန်မှာ ပုံမှန်ချိန်ထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့ပြောချင်ပါတယ်။ ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေ အတွက်ရော ကျန်းမာရေးအတွက်ပါ ရေကို ပုံမှန်ချိုးပေးပါ။ ရေချိုးတာက လန်းဆန်းစေရုံတင် မဟုတ်ဘဲ ရာသီလာချိန်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုပါ ကောင်းမွန်စေနိုင်ပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးပေးတာက ပိုအဆင်ပြေစေမှာပါ။

    • ကြိုတင်ပြင်ဆင်ထားပါ။

    ရုံးသွားတဲ့အိတ်ထဲမှာ Pad အပိုတစ်ခုလောက် ဆောင်ထားပေးပေါ့။ အဆင်သင့်ဖြစ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်တာမျိုး မရှိတော့ဘူးပေါ့။ ပြင်ဆင်မှုကအကောင်းဆုံး နည်းလမ်းပါ။

    • အဝတ်တွေကို သေချာလျှော်ပေးပါ။

    ပုံမှန်ချိန်ထက် ရာသီလာချိန်မှာ ဝတ်ထားတဲ့ အဝတ်အစားတွေကို သေချာဂရုစိုက် လျှော်ပေးပါ။ ဆပ်ပြာမှုန့်နဲ့ သေချာ စိမ်ထားပြီးမှ အချိန်ယူပြီး လျှော်ပေးပါ။ အစွန်းအထင်းတွေကိုလည်းပြောင်စင်အောင်လျှော်ပေးဖို့ပါ။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ရာသီလာချိန်ကို ပေါ့ပါးလန်းဆန်းအောင် နေထိုင်လိုက်ပါနော်…..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement