အမျိုးသမီးတွေအတွက် မဟော်မုန်းတိုးစေမယ့် နည်းလမ်းကောင်းများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အမျိုးသမီးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ မဟော်မုန်းဓာတ်ဆိုတာကတော့ အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်း (Progesterone) တို့ပဲဖြစ်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်းသည် အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအချိုးအစားလှပစေဖို့၊ မျိုးအောင်နိုင်စေဖို့ ကူညီပေးပြီး ပရိုဂျက်စတီရုန်းဟော်မုန်းကတော့ ရာသီစက်ဝန်းမှန်စေဖို့၊ ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်နဲ့ ကလေးကို ကျန်းမာစေဖို့ ပံ့ပိုးပေးနိုင်ပါတယ်။

အမျိုးသမီးတွေ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ မဟော်မုန်းပမာဏဟာ အဆမတန် မြင့်တက်လာပြီး အသက် ၂၀ မှ ၄၀ ကြားကာလဟာ မဟော်မုန်းပမာဏ မြင့်တက်မှု အများဆုံးအချိန်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီသွေးဆုံးချိန်မှာတော့ ပမာဏပြန်နည်းသွားကာ ဟော်မုန်းမျှခြေကို ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒီလိုဟော်မုန်းမျှခြေပျက်ယွင်းတဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ လိင်စိတ်ဆန္ဒ၊ အရိုးနဲ့ ကြွက်သား၊ ရုပ်ခန္ဓာကျန်းမာရေး ဒါတွေအားလုံးကို သွားပြီး အဆိုးဘက်ကသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒီအတွက်ကြောင့် အမျိုးသမီးတွေအတွက် မဟော်မုန်းပမာဏဟာ အလွန်အရေးကြီးပြီး ဒီပမာဏကို နည်းမသွားစေဖို့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

တစ်နေ့တာ စားသောက်မှုပုံစံကို ဘယ်လိုပြင်မလဲ။

ပုံမှန်အတိုင်း အစာအုပ်စုကို သမမျှတစွာ စားသောက်ပေးဖို့ လိုအပ်သလို ခုအောက်မှာ ပြောပြပေးမယ့် မဟော်မုန်းတိုးစေတဲ့ အစားအစာတွေကိုလည်း များများစားပေးဖို့ အရေးကြီးပါတယ်။ ဒီအစားအစာတွေကတော့

ပဲပိစပ်
• နှမ်းကြတ်စေ့
• နှမ်းစေ့
ကြက်ဥအနှစ်
• အဆီများတဲ့ ငါး
• အုန်းနို့
ပန်းသီ
• အခြောက်ခံထားတဲ့ ပဲ
• နွားနို့
• အာလူးတွေပဲ ဖြစ်ပါတယ်။

နေထိုင်မှုပုံစံကိုရော ဘယ်လိုပြောင်းလဲသင့်လဲ။

၁။ တစ်နေ့ကို အိပ်ချိန်အနည်းဆုံး ၈နာရီရအောင်အိပ်ပါ။ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက ဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို အိပ်ချိန်က အများကြီးသက်ရောက်စေနိုင်ပါတယ်။

၂။ အစာအာဟာရကို မျှတစွာစားပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ အကြော်အလှော်တွေ၊ အချိုများလွန်းတဲ့အစားအစာတွေ၊ လမ်းဘေးစာတွေကို ရှောင်ပါ။

၃။ လေ့ကျင့်ခန်းများများလုပ်ပေးပါ။ အမျိုးသားများကဲ့သို့ အပြင်းအထန်လုပ်စရာမလိုတဲ့တိုင်အောင် ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားခြင်း ရှိဖို့ အရေးကြီးပါတယ်။

၄။ လမ်းများများလျှောက်ပေးပါ။ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာမျိုးလည်း လုပ်ပေးလို့ရပါတယ်။

၅။ နေရောင်ခြည်နဲ့ အရေပြားကို နေ့စဉ်ထိတွေ့မှုပေးပါ။

မဟော်မုန်းနည်းလွန်းတဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုလက္ခဏာတွေပြနိုင်လဲ။

• မိန်းမကိုယ်ခြောက်သွေ့ခြင်း
• လိင်ဆက်ဆံတဲ့အခါ အလွန်အမင်းနာကျင်ခြင်း
ဆီးလမ်းကြောင်းပိုးဝင်ဖို့ လွယ်ကူခြင်း
• စိတ်ခံစားချက် အပြောင်းအလဲဖြစ်ခြင်း
• ရင်သားပျော့တွဲလာခြင်း
• ခေါင်းကိုက်ခြင်း
• ချမ်းတုန်နေခြင်း
စိတ်ဓာတ်ကျခြင်း
• စိတ်အာရုံစုစည်းလို့ မရခြင်း
• မောပန်းလွယ်ခြင်း
• အရိုးများကျိုးအက်ရန် လွယ်ကူခြင်း စတဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

များသောအားဖြင့် အမျိုးသမီးများတွင် မဟော်မုန်းကျဆင်းလာခြင်းဟာ အသက်အရွယ်ကြီးရင့်လာခြင်းနဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာသာ ဖြစ်တတ်ပြီး အသက်ငယ်ငယ်လေးနဲ့ မဟော်မုန်းကျဆင်းတဲ့သူတွေမှာတော့ နေထိုင်စားသောက်မှုပုံစံကြောင့် ပိုအဖြစ်များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မဟော်မုန်း အရမ်းနည်းနေတယ်လို့ သံသယရှိတယ်ဆိုရင်တော့ အမျိုးသမီးရောဂါ အထူးကုဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။

ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အသက်အရွယ်၊ တခြားသောကျန်းမာရေးပြဿနာရှိမရှိ ဆိုတာကို စစ်ဆေးပြီးသွားရင် ဘာတွေကို များများစားသောက်ပေးသင့်လဲ၊ ဘယ်အာဟာရဓာတ်က နည်းနေလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။ မဟော်မုန်းအရမ်းနည်းလွန်းနေတဲ့ အခြေအနေမျိုးမှာဆိုရင် မဟော်မုန်း အစားထိုးကုထုံးတွေဖြစ်တဲ့ ဆေးထိုးခြင်း၊ သောက်ဆေး၊ လိမ်းဆေး၊ မိန်းမကိုယ်အတွင်းထည့်ဆေးများကို ညွှန်းပေးမှာဖြစ်ပါတယ်။

များသောအားဖြင့် မဟော်မုန်းနည်းခြင်းကြောင့် ကျန်းမာရေးပြဿနာ ကြီးကြီးမားမား ဖြစ်စေတာမျိုး မရှိပေမဲ့ ကိုယ့်ရဲ့ တစ်နေ့တာ စိတ်နဲ့ ခန္ဓာကို အနှောင့်အယှက်ပေးနိုင်လောက်တဲ့အထိတော့ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုဆိုရင် ဝေဒနာကို ကြိတ်မှိတ်သည်းခံတာမျိုး မလုပ်ဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ အမြန်ဆုံးပြသဖို့ ထပ်ပြီးအကြံပေးလိုက်ချင်ပါတယ်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 23, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 23, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။