အမျိုးသမီးတွေမှာ ကျားဟော်မုန်းပိုများတဲ့အခါ ဘာဖြစ်နိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 10, 2020 . 2 mins read
Share now

လူတိုင်းမှာ ကျားဟော်မုန်း (Testosterone သို့မဟုတ် Androgen) နဲ့ မ ဟော်မုန်း (Estrogen) ဆိုပြီး ရှိပါတယ်။ အမျိုးသားတွေမှာတော့ ကျားဟော်မုန်းပိုများပြီး အမျိုးသမီးတွေမှာ မ ဟော်မုန်း ပိုများတာက ကိုယ်ခန္ဓာရဲ့ သဘာဝပါ။ ဒီလိုမဟုတ်ဘဲ ဟော်မုန်းမျှခြေ ပျက်ယွင်းတာ ဥပမာ – အမျိုးသမီးတွေမှာ ကျားဟော်မုန်းတွေ များလာတယ်ဆိုရင် ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကို ထိခိုက်လာတော့မှာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ မ ဟော်မုန်းထက် ကျားဟော်မုန်း ပိုများနေတဲ့ အမျိုးသမီးတွေမှာ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လိုကုသဖြေရှင်းမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျားဟော်မုန်းရဲ့ လုပ်ဆောင်ချက်က ဘာလဲ။

ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေတယ်။ ကြွက်သားတွေကို သန်စွမ်းစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေတယ်။ အမျိုးသမီးတွေမှာဆိုရင် မျိုးပွားတစ်ရှူးတွေကို ပြုပြင်ပေးတယ်။ အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးပါးရောဂါ နဲ့ အရိုးပွရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေနိုင်ပါတယ်။

အသက်အရွယ်နှင့် ရှိသင့်သော ကျားဟော်မုန်း ပမာဏ

အမျိုးသမီးများ

အသက် ပမာဏ (ng/dl)

၁၀နှစ် – ၁၁နှစ် ၇ – ၄၄ ng/dl အောက်

၁၂နှစ် – ၁၆နှစ် ၇ – ၇၅ ng/dl အောက်

၁၇နှစ် – ၁၈နှစ် ၂၀ – ၇၅ ng/dl

၁၉နှစ်နဲ့ အထက် ၈ – ၆၀ ng/dl

အမျိုးသားများ

အသက် ပမာဏ (ng/dl)

၁၀နှစ် – ၁၁နှစ် ၇ – ၁၃၀ ng/dl အောက်

၁၂နှစ် – ၁၃နှစ် ၇ – ၈၀၀ ng/dl အောက်

၁၄နှစ် ၇ – ၁၂၀၀ ng/dl အောက်

၁၅နှစ် – ၁၆နှစ် ၁၀၀ – ၁၂၀၀ ng/dl

၁၇နှစ် – ၁၈နှစ် ၃၀၀ – ၁၂၀၀ ng/dl

၁၉နှစ်နဲ့အထက် ၂၄၀ – ၉၅၀ ng/dl

ဟော်မုန်းတွေဟာ အပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်မှာ စတင်မြင့်တက်လာပြီး အသက် ၂၀နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းစီ ကျသွားတတ်ပါတယ်။ အမျိုးသမီးတွေမှာတော့ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများနေပြီဆိုရင် ကျန်းမာရေးနဲ့ လိင်မှုဆက်ဆံရေးမှာလည်း ထိခိုက်လာနိုင်ပါတယ်။

မိန်းကလေးတွေမှာ ကျားဟော်မုန်းများနေတာကို ပြတဲ့ လက္ခဏာတွေ

  • မျက်နှာနဲ့ ကိုယ်ခန္ဓာမှာ အမွေးအမျှင်တွေ ထူလာမယ်
  • ဆံပင်ပါးပြီး ထိပ်ပြောင်လာမယ်
  • ဝက်ခြံတွေ ပေါက်လာမယ်
  • မ အင်္ဂါစေ့က ကြီးလာမယ်
  • ရင်သား သေးသွားမယ်
  • အသံက သြသြကြီး ဖြစ်လာမယ်
  • ကြွက်သားထုကြီး တက်လာမယ်
  • ရာသီသွေးဆင်းတာ မမှန်တာ
  • လိင်စိတ်ဆန္ဒ ကျဆင်းတာ
  • စိတ်ခံစားချက် အပြောင်းအလဲမြန်တာတွေအပြင်
  • မြုံလာတာ
  • အဝလွန်လာတာတွေပါ ဖြစ်နိုင်ပါတယ်။

ဘာကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်း များလာတာလဲ။

တချို့သော ရောဂါတွေနဲ့ ဟော်မုန်းမျှခြေ ပုံမှန်မဟုတ်တဲ့ ရောဂါတွေကြောင့် အမျိုးသမီးတွေမှာ မ ဟော်မုန်းထက် ကျားဟော်မုန်းက ပိုများလာတတ်ပါတယ်။ အဖြစ်များစေတဲ့ အကြောင်းရင်းတွေကတော့

၁။ အမွေးထူရောဂါ (Hirsutism)

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ ကျားဟော်မုန်း များလွန်းနေတဲ့အတွက် ကျောကုန်း၊ မျက်နှာနဲ့ ရင်သားပေါ်မှာ မလိုအပ်ဘဲ အမွေးအမျှင်တွေ ထူထဲစွာ ပေါက်နေတာပါ။

၂။ သားဥအိမ် ရေအိတ်များတဲ့ ရောဂါ (Polycystic Ovary Syndrome)

ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ရာသီလာချိန် ပုံမှန်မရှိတာ ဒါမှမဟုတ် လာရင်လည်း ရက်ကြာလွန်းတာ၊ ကိုယ်ခန္ဓာမှာ အမွေးတွေ ထူလာတာ၊ သားဥအိမ်က ကြီးလာပြီး ကောင်းစွာ အလုပ်မလုပ်နိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ အမျိုးအစား ၂ ဆီးချိုရောဂါတွေအပြင် အဝလွန်တာ၊ သားအိမ်အတွင်းသား ကင်ဆာရောဂါ (Endometrial Cancer) ပါ ဖြစ်လာနိုင်ပါတယ်။

၃။ မွေးရာပါ အဒရီနယ်ဂလင်း ထူခြင်း (Congenital Adrenal Hyperplasia)

ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ ကျောက်ကပ်နားမှာ ရှိတဲ့ အဒရီနယ်ဂလင်း (Adrenal Glands) တွေနဲ့ ကိုယ်ခန္ဓာရဲ့ ဟော်မုန်းထုတ်လုပ်နိုင်စွမ်းအပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။ အမျိုးသမီးတွေမှာ မျိုးမအောင်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ဆီးခုံမွေးညှင်း စောစီးစွာ ထွက်လာခြင်း၊ ဆင်ဝက်ခြံတွေ ထွက်လာခြင်း အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

အထက်မှာ ပြောပြခဲ့တဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ်ခန္ဓာပေါ်က အမွေးအမျှင်၊ ဝက်ခြံအခြေအနေအပြင် တခြားသော လက္ခဏာတွေ ရှိမရှိကို အရင်စစ်ဆေးမှာပါ။ ပြီးသွားမှ သွေးအနည်းငယ်ထုတ်ယူပြီး သွေးထဲမှာ ရှိတဲ့ ကျားဟော်မုန်း ပမာဏကို ဓာတ်ခွဲခန်းမှာ လေ့လာစစ်ဆေးကြည့်မှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကျားဟော်မုန်းတွေဟာ မနက်ခင်းပိုင်းမှာ အမြင့်ဆုံး အခြေအနေ ရောက်နေတဲ့အတွက် မနက်ပိုင်းမှာ သွေးစစ်သင့်ပါတယ်။ စစ်ဆေးနေစဉ်မှာ စမ်းသပ်မှုအဖြေကို ကမောက်ကမ ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အဖြေထွက်လာတဲ့အချိန်မှ ကိုယ့်ရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှု စတင်ခံယူဖို့ အကြံပေးပါလိမ့်မယ်။

ကုသနေစဉ်နဲ့ ပျောက်ကင်းသက်သာသွားပြီးတဲ့အခါမှာလည်း ကိုယ့်ရဲ့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ပြင်ဖို့ လိုပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ လေ့ကျင့်ခန်းကို မှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကို လျှော့ချပါ။ ညဘက်တွေမှာ ကောင်းစွာ အိပ်စက်အနားယူပါ။ စိတ်ဖိစီးမှုကို လျှော့ချဖို့လည်း အရေးကြီးပါတယ်။ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်တဲ့အတွက် ကိုယ့်မှာ လက္ခဏာတွေ စတင်တွေ့ရတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်တယ်နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိင်တံကနေ ပြည်ယိုစိမ့်ထွက်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေရဲ့ လိင်တံကနေ ဆီးနဲ့ သုက်ရည်ထွက်တာ ပုံမှန်ဖြစ်စဉ်ဆိုပေမဲ့ တခြားသော ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လိင်တံ ၂ချောင်းဖြင့် မွေးလာသော အမျိုးသားများ

မွေးလာတဲ့အချိန်မှာ ယောက်ျားလေးက လိင်တံ ၂ချောင်း ခွဲထွက်နေတဲ့အခြေအနေကို Diphallia ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Nafarelin

ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Ye Mhan Linn

သင့်အတွက် ရွေးချယ်ထားသည်

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

Hand Foot Mouth ရောဂါ စိုးရိမ်ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2019 . 2 mins read

အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 10, 2019 . 2 mins read

တစ်နေ့လုံး ခေါင်းမကြည်၊ စိတ်တိုနေတာ ညဘက်အိပ်ရေးမဝလို့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 2, 2019 . 2 mins read

နွေရာသီ ပူနေတဲ့ကြားက ချွေးလုံးဝမထွက်တာ စိုးရိမ်စရာပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2019 . 3 mins read