မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက အသက် ၅၀ ပတ်ချာလည်လောက်ရောက်ရင် သွေးဆုံး သွားကြပါပြီ။ အပျိုဖော်ဝင်စကနေ အလုပ်လုပ်ခဲ့တဲ့ သားဥအိမ်လေးရဲ့ ပင်စင်ယူချိန်ပေါ့။
တစ်သက်လုံး အီစထရိုဂျင်၊ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ နေခဲ့သမျှ ခုသူတို့မရှိတော့ဘူးဆိုတော့ အစပိုင်းမှာ နေရတာ ခက်မှာပါ။ ဒါကို မီးယပ်သွေးဆုံးကိုင်လို့ ပြောကြပါတယ်။ ထားပါတော့လေ။
ခုပြောချင်တာက သွေးဆုံးချိန်မှာ ဟော်မုန်းမရှိတာကြောင့် တချို့ရောဂါတွေက အရင်ကထက်စာရင် ပိုပြီး အဖြစ်များလာနိုင်ပါတယ်။ ဇရာကြောင့်လည်း ပါတာပေါ့။ ဒါကြောင့် တချို့သော ရောဂါတွေကို စောစောသိနေအောင် စစ်ဆေးစရာရှိတာ စစ်ဆေးဖို့လိုပါတယ်။ ဒါမှ စောစောသိ၊ စောစောကုနိုင်မှာပေါ့။
ဒီတော့ သွေးဆုံးချိန်မှာ ဘာရောဂါတွေ ပိုဖြစ်လာနိုင်လဲ။ ဘာတွေ စစ်ဆေးထားရင်ကောင်းမလဲဆိုတာ ပြောပြပေးပါမယ်။
သွေးပေါင်ချိန်
အရင်က သွေးတိုးမရှိခဲ့ဘူးဆိုရင်တောင် ခုတိုင်းဖြစ်အောင် တိုင်းကြည့်ပါ။ အနည်းဆုံးတော့ တစ်နှစ် ၂ကြိမ်လောက်တော့ တိုင်းဖြစ်အောင် တိုင်းပါ။ ပုံမှန်ပဲဆိုလည်း ပြီးတာပဲ။ သွေးတိုးရှိတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ကုပေါ့။
ဘာဖြစ်လို့ စစ်ခိုင်းတာလဲဆိုတော့ သွေးတိုးက လက္ခဏာမပြဘဲနဲ့ လူကို ဒုက္ခပေးတတ်လို့ပါပဲ။ ဒါကြောင့် စိတ်ချရအောင် တစ်နှစ် နှစ်ခါတော့ သွေးပေါင်ပုံမှန်တိုင်းပါ။
ရင်သားကင်ဆာ
ရင်သားကင်ဆာနဲ့ ပတ်သတ်လို့ တစ်နှစ် တစ်ခါ ဒါမှမဟုတ် နှစ်နှစ် တစ်ခါလောက်တော့ ရင်သားဓာတ်မှန် (mammogram)ရိုက်စေချင်ပါတယ်။ အထူးသဖြင့် မျိုးရိုးထဲမှာ ရင်သးကင်ဆာမျိုးရိုး (အမေ၊ ညီအစ်မ) ရှိခဲ့ဖူးရင် ပိုပြီးတောင် ခပ်စိပ်စိပ် စစ်ဆေးသင့်ပါတယ်။
ဒါတွေ လက်လှမ်းမမီဘူးဆိုရင်လည်း ကိုယ်ကိုယ်တိုင် တစ်လတစ်ခါလောက် ကိုယ့်ရင်သား ကိုယ်စမ်းပါ။ စမ်းနည်းကို ဒီမှာကြည့်ပါ။ ဒါပေမယ့် ဒီနည်းက အကျိတ်သေးသေးလေးဆို စမ်းမိချင်မှ စမ်းမိမှာမို့လို့ အကောင်းဆုံးကတော့ ရင်သားဓာတ်မှန်ရိုက်ပါ။ စောစောသိတော့ စောစောကုလို့ရတာပေါ့။
သားအိမ်ခေါင်းကင်ဆာ
သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးထိုးထားထား၊ မထိုးထားထား pap smear လို့ ခေါ်တဲ့ သားအိမ်ခေါင်းအချွဲကတော့ ပုံမှန်စစ်ရမှာပါ။ အနည်းဆုံးတော့ ၃နှစ်တစ်ခါ စစ်ရပါတယ်။ ရတဲ့ အဖြေပေါ်မူတည်ပြီး နောက်တစ်ခါ ပြန်စစ်ရမယ့်အချိန် ကွာနိုင်ပါတယ်။
တကယ်လို့ အကြောင်းတစ်ခုခုကြောင့် သားအိမ်ရော သားအိမ်ခေါင်းရော ထုတ်ထားတယ်ဆိုရင်တော့ မလိုပါဘူး။ သားအိမ်ခေါင်းကင်ဆာဖြစ်လို့ ထုတ်ထားရတာ ဆိုရင်တော့ ကျန်တဲ့ သာားအိမ်ခေါင်း အပိုင်းလေးကနေ Vault smear စစ်ဆေးရမှာပါ။
သွေးတွင်းကိုလက်စထရော စစ်ဆေးခြင်း
အီစထရိုဂျင် မရှိတော့တာနဲ့အမျှ သွေးထဲမှာ ကောင်းတဲ့အဆီတွေ နည်းပြီး မကောင်းတဲ့ အဆီတွေ များလာမှာ အသေချာပါပဲ။ အစားအသောက် အနေအထိုင် မဆင်ခြင်ရင် ပိုဆိုးပါတယ်။
ဒါကြောင့် ကိုလက်စထရော စစ်ကြည့်ပါ။ အဖြေပေါ် မူတည်ပြီး ပြန်စစ်ရမယ့်အချိန် ကွာပါလိမ့်မယ်။ လိုအပ်ရင် ဆရာဝန်က ဆေးပေးပါလိမ့်မယ်။ သင့်ဘက်ကလည်း အစားအသောက် အနေအထိုင် ဆင်ခြင်ပါ။
ကိုလက်စထရောကို ကောင်းကောင်း မထိန်းနိုင်ဘူးဆိုရင် နောက်က သွေးတိုး၊ နှလုံး၊ ဆီးချိုတွေ လိုက်လာမှာပါ။
အူမကြီးကင်ဆာ စစ်ဆေးခြင်း
အသက်ကြီးလာတာနဲ့အမျှ အမျိုးသားမှာရော အမျိုးသမီးမှာပါ အူမကြီးကင်ဆာဖြစ်နိုင်ချေ များလာပါတယ်။ ဒါကြောင့် တစ်ခါလောက်ဖြစ်ဖြစ် စစ်ကြည့်တာ မမှားပါဘူး။ အထူးသဖြင့် အူမကြီးကင်ဆာ မျိုးရိုးရှိတာ၊ ခုမှ ရုတ်တရက် ဝမ်းသွားရတာ မူမမှန်ဘူးလို့ ခံစားမိရင် စစ်သင့်ပါတယ်။
စစ်တဲ့နည်းလမ်းတွေကတော့ သွေးစစ်တာ၊ ဝမ်းစစ်တာ၊ အူမကြီးမှန်ပြောင်းကြည့်တာ၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ အဖြေကောင်းရင်တော့ ၅နှစ်တစ်ခါမှ စစ်လို့ရပါတယ်။
အရိုးသိပ်သည်းဆ စစ်ဆေးခြင်း
သွေးဆုံး ပြီးရင် အီစထရိုဂျင် မရှိတော့လို့ အရိုးသိပ်သည်းဆတွေ နည်းလာပြီး အရိုးပွတတ်ပါတယ်။ ဒါကြောင့် နည်းနည်းထိတာနဲ့ ကျိုးတော့တာပဲ။ ခြစားထားတဲ့ သစ်သားတုံးလိုပေါ့။ ဒါကြောင့် အရိုးသိပ်သည်းဆ စစ်ကြည့်ပါ။ စစ်တဲ့နည်းလမ်းတွေကလည်း အသားမနာလို့ စိတ်ချလက်ချစစ်လို့ရပါတယ်။ ပါးနေ၊ ပွနေတယ်ဆိုလည်း ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
သွားနဲ့ ခံတွင်း စစ်ဆေးခြင်း
အသက်ကြီးလာရင် သွားတွေလည်း မကောင်းတော့ပါဘူး။ ဒါကြောင့် နှစ်နှစ် တစ်ခေါက်လောက် သွားဆရာဝန်ဆီသွားလိုက်ပါဦး။ ယိုင်နဲ့နေတဲ့ သွားတွေကြောင့် အစာစားလို့ အဆင်မပြေရင် အာဟာရချို့တဲ့ပြီး ရောဂါဝင်လွယ်ပါတယ်။ လိုအပ်ရင် အံကပ်တပ်ဖို့၊ သွားစိုက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
မျက်စိစစ်ဆေးခြင်း
ဒီအရွယ်ဆို အတွင်းတိမ်တွေ ရေတိမ်တွေ ဖြစ်တတ်လို့ ၃နှစ်တစ်ခါလောက်ပဲ ဖြစ်ဖြစ် မျက်စိစစ်ဆေးပါ။ ဆီးချိုရှိတဲ့သူတွေကတော့ တစ်နှစ်တစ်ခါ စစ်ရမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။