backup og meta

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

    ဒီမေးခွန်းက အရမ်းအမေးများလို့ တစ်ယောက်ချင်းစီ မဖြေတော့ဘဲ တစ်ခါတည်းပေါင်းဖြေပါ့မယ်။

    ရာသီလာတဲ့ရက် နောက်ကျတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကိုယ်က အကာအကွယ်မယူ၊ တားဆေးမသောက်ဘဲ လိင်ဆက်ဆံမှုတွေပြုလုပ်ထားတယ်ဆိုရင် ရာသီနောက်ကျတာ၊ မလာတာမှာ အဖြစ်နိုင်ဆုံးက ကိုယ်ဝန်ရှိတာပဲ။

    ဆီးစစ်ကြည့်တာနဲ့ ကိုယ်ဝန်ရှိမရှိက သိနိုင်တယ်။ ကိုယ်က လိင်ဆက်ဆံမှုပြုထားတယ်ဆိုရင် ရာသီမလာတော့တဲ့အခါ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ရာသီလာအောင်ဆိုပြီး ဘယ်လိုမှ လုပ်လို့မရဘူး။ ရာသီလာဆေးဆိုပြီးသောက်တာတွေလည်း နောက်ဆက်တွဲပြဿနာတွေများတာပဲရှိမယ်။

    ရာသီလာတယ်ဆိုတာရဲ့သဘောက ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ မလိုအပ်လို့ ပြန်စွန့်ပစ်ရတဲ့ပုံစံပဲ။ ကိုယ်ဝန်ရှိနေပြီဆိုရင် ထပ်စွန့်ပစ်စရာမလိုတော့လို့ ရာသီမလာတော့တာ။ ကိုယ်ဝန်ရှိနေလို့ ရာသီမလာတော့တာကို ပြန်လာအောင်လုပ်ဖို့ဆိုရင် ကိုယ်ဝန်ဖျက်ချတဲ့နည်းလမ်းပဲရှိတယ်။

    ဘယ်ဆရာဝန်မှ ကိုယ်ဝန်ဖျက်ချဖို့အတွက် တရားဝင်လုပ်ဆောင်ပေးမှာမဟုတ်ဘူး။ ကိုယ်ဝန်လည်းမရှိဘူး ရာသီမလာတာသက်သက်ပဲ ကိုယ့်အတွက် ဘာမှ တခြားပြဿနာလည်းမရှိဘူးဆိုရင်တော့ ရာသီမလာတာက နောက်ကျတာက စိုးရိမ်စရာမလိုပါဘူး။

    ရာသီလာဖို့ရက်ထက် နောက်ကျနေရတဲ့  တခြားအကြောင်းအရာတွေလည်းရှိပါသေးတယ်။

    ၁။ စိတ်ဖိအားများခြင်း

    စိတ်ဖိအားများတဲ့အချိန်တွေ အထူးသဖြင့် စာမေးပွဲဖြေရတာ၊ အလုပ်တွေပိနေတာ၊ စိတ်ရှုပ်စရာတွေများနေတာ စသဖြင့် စိတ်ဖိအားများတဲ့အချိန်တွေမှာ ရာသီနောက်ကျနိုင်ပါတယ်။ အဆင်ပြေသွားရင် ပုံမှန်ဖြစ်သွားပါလိမ့်မယ်။ ဘာမှလုပ်စရာမလိုဘူး။

    ၂။ ကိုယ်အလေးချိန်နည်းခြင်း

    ကိုယ့်ရဲ့ ရှိသင့်တဲ့ BMI ထက် နည်းနေရင်လည်း ရာသီပုံမှန်မလာတာ နောက်ကျတာတွေဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အစားအသောက်ကို ပြန်ထိန်းသိမ်းရင် ရာသီပြန်မှန်သွားပါလိမ့်မယ်။

    ၃။ အဝလွန်ခြင်း

    ကိုယ်အလေးချိန်နည်းရင် ရာသီမမှန်သလို အဝလွန်နေရင်လည်း ရာသီမမှန်တတ်ပါဘူး။ ကိုယ်အလေးချိန်ပြန်ထိန်းရင် ပြန်မှန်သွားပါလိမ့်မယ်။

    ၄။ သားဥအိမ်ရောဂါများ၊ ဟော်မုန်းကုသမှုများ

    Polycystic Ovarian Syndrome (PcOS) သားဥအိမ်ရေအိတ်တည်တာလိုမျိုး သားဥအိမ်ရောဂါတွေရှိရင်လည်း ရာသီမမှန်တာဖြစ်တတ်ပါတယ်။ ဟော်မုန်းအစားထိုးဆေးဝါးတွေသောက်နေတာ ဟော်မုန်းကုသမှုတွေလုပ်နေတာမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။

    ၅။ သန္ဓေတားနည်းလမ်းများ

    ဟော်မုန်းနည်းလမ်းကိုယ်ဝန်တားဆေးတွေသုံးရင်လည်း ရာသီမမှန်တာ နောက်ကျတာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အရေးပေါ်တားဆေးသောက်ရင် ရာသီနောက်ကျတာ စောတာ စသဖြင့် ရာသီမမှန်တာဖြစ်နိုင်ပါတယ်။

    ၆။ နာတာရှည်ရောဂါများ

    ဆီးချိုရောဂါနဲ့ Celiac (အူလမ်းကြောင်းရောဂါ) တွေမှာလည်း ရာသီနောက်ကျတာဖြစ်နိုင်ပါတယ်။

    ၇။ သွေးဆုံးခြင်း

    ပုံမှန်အားဖြင့် ၄၅ ကနေ ၅၅ အတွင်းမှာ သွေးဆုံးတတ်ကြတယ်။ ဒါပေမယ့် တချို့တွေမှာ အသက် ၄၀ ရှေ့ပိုင်းမှာတင် စောစောစီးစီးသွေးဆုံးတာမျိုးဖြစ်နိုင်ပါတယ်။

    ၈။ သိုင်းရွိုက်ရောဂါများ

    သိုင်းရွိုက်ရောဂါသည်တွေမှာ ရာသီမမှန်တာ၊ နောက်ကျတာနဲ့ လုံးဝမလာတော့တာတွေဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement