backup og meta

အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

    သိတ္တဒ္ဓမင်းသားဟာ ညဉ့်ယံအချိန် တောထွက်ခါနီးမှာ စိတ်လွတ်ကိုယ်လွတ် အိပ်မောကျနေကြတဲ့ မောင်းမမိတ်သံ၊ အခြွေအရံတွေကို မြင်ပြီး သံဝေဂတရားရခဲ့တယ်ဆိုတာ တကယ့်အဖြစ်မှန်ဖြစ်နိုင်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ လူတွေ အိပ်စက်နေရင် စိတ်ပျက်စရာ ကောင်းလောက်အောင် ပုံဆိုးပန်းဆိုးဖြစ်နေတတ်တာ သဘာဝလို့ သိပ္ပံပညာရှင်တွေက ဆိုထားတာကြောင့်ပါ။ လူတွေ အိပ်ပျော်သွားရင် ဘာစွဲဆောင်မှုမှ မရှိတော့ပါဘူးတဲ့။

    လူတွေ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်အရေပြားက သန့်စင်မှုတွေလုပ်တတ်ပြီးတော့ အနံ့ဆိုးတွေ အညစ်အကြေးတွေလည်း ထွက်နေတတ်ပါတယ်။ ဒီကြားထဲ ဟောက်ပါ ဟောက်တတ်သေးတယ်ဆိုရင်တော့ ကိုယ်နဲ့အတူ အိပ်စက်တဲ့ အဖော်အတွက်တော့ စိတ်ညစ်စရာဖြစ်စေပြီပေါ့။

    ညိုမည်းနေတဲ့ ပန်ဒါမျက်လုံးကြီးတွေနဲ့ ဖောင်းတင်းနေတဲ့ နှုတ်ခမ်းဖူးဖူးကြီးတွေရှိနေမယ့် ကိုယ့်မျက်နှာကို တွေးပြီး မြင်ယောင်ကြည့်ပါလား။ ဒီလို ပုံဆိုးပန်းဆိုးကြီးနဲ့ အိပ်ပျော်နေမှာကို စိုးရိမ်သူတွေလည်း ရှိနေမှာသေချာပါတယ်။

    လှချင်တဲ့ ကိုကိုတွေ၊ မမတွေကတော့ အိပ်စက်ချိန်မှာတောင် လှတပတလေး ဖြစ်နေချင်ကြမှာ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ အိပ်စက်ချိန်တိုင်အောင် လှလှပပလေး ဖြစ်နေစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့ ဘာတွေလုပ်ရမလဲ။

    အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

    အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့ ဒီအချက်လေးတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။ အိပ်ပျော်နေလဲ လှနေဖို့ဆိုရင်

  • အိပ်ချိန် မနည်းစေနဲ့။
  • များများအိပ်လေ အသားအရေ လှပလေပါပဲ။ အိပ်နေချိန်မှာ ခန္ဓာကိုယ်က အရေပြားကို သန့်စင်ပေးတယ်လေ။ ဒါကြောင့် အိပ်ချိန်နည်းရင် ဝက်ခြံတွေ၊ တင်းတိပ်တွေ၊ အမည်းကွက်တွေ၊ အဆီတွေပိုများလာမယ်။ ပိုပြီး ရုပ်ဆိုးမယ်။ အိပ်ရေးဝဝ အိပ်မှဖြစ်မယ်နော်။ အိပ်ရေးပျက်တာများလာလေလေ ကိုယ်အိပ်စက်တဲ့ပုံစံက ကြည့်ရဆိုးလေပါပဲ။

    • မျက်ကွင်းတွေ မမည်းစေနဲ့။

    မျက်ကွင်းညိုတာ မည်းတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်လို့ကနေစလို့ မျိုးရိုးလိုက်တာကြောင့်အထိ ဖြစ်နိုင်ခြေအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် မျက်ကွင်းအညိုအမည်းတွေဟာ၊ ညပိုင်း အိပ်ပျော်နေချိန်တွေမှာ ပိုပြီး မြင်ရနိုင်ကို သိထားပါ။

    • ကြည့်ကောင်းနေစေဖို့ ဆိုရင်

    လွယ်ကူပါတယ်။ ကျန်းမာအောင်နေပြီး မပင်ပန်းနေစေဖို့က အဓိကပါပဲ။ လူတစ်ယောက်က ပင်ပန်းနွမ်းနယ်နေရင် အိပ်ပျော်နေချိန်မှာ ပိုပြီး ပုံပျက်ပန်းပျက်ဖြစ်နေနိုင်တယ်လို့ ဆွီဒင်သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။

    အိပ်ပျော်နေချိန် ဒါမှမဟုတ် တရေးတမော အိပ်နေချိန်၊ အိပ်ရာနိုးကာစ အချိန်တွေမှာ မျက်လုံးတွေ ဖောင်းနေတတ်တယ်။ မဟုတ်လား။ ဘယ်လောက်ကြည့်ရဆိုးလဲ။ အဝတ်ခပ်အေးအေးလေးနဲ့ မျက်လုံးတစ်ဝိုက်ကို ၂ မိနစ်လောက် ကပ်ထားပေးရင် သက်သာစေမှာပါ။

    • ဆားကို ရှောင်ပါ။

    ဆားဓာတ်များတဲ့ အစားအစာတွေက သင့်ရဲ့ မျက်နှာကို ဖောင်းတင်းနေစေပါလိမ့်မယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ပါ။ အထူးသဖြင့် အိပ်ရာဝင်ခါနီးတွေမှာပေါ့။

    • အိပ်ရာဝင်ခါနီး ရေသောက်ပါ။

    အိပ်ခါနီးမှာ ဝိုင်တစ်ခွက်လောက် သောက်ပေးတာက အိပ်လို့ ပျော်စေမှာပါ။ ဒါပေမယ့် အိပ်နေစဉ်နဲ့ နောက်တစ်နေ့ မနက်မှာ ချွေးပေါက်တွေ ကျယ်စေမှာကိုတော့ သတိထားပါ။ အကောင်းဆုံးက အိပ်ရာဝင်ခါနီးမှာ ရေသောက်ပေးတာပါပဲ။ ကျန်းမာရေးအတွက် သင့်လျော်စေသလို ချွေးပေါက်တွေလည်း ကျဉ်းစေမှာပါ။

    • အိပ်ရာဝင်ခါနီး မျက်နှာကို သန့်စင်ပေးပါ။

    အိပ်ခါနီးပြီဆိုရင် မျက်နှာပေါ်က အညစ်အကြေးတွေ၊ မိတ်ကပ်နဲ့ အလှပြင်ဆင်ထားတာတွေကို သန့်စင်သွားအောင် လုပ်ဖို့ လိုအပ်ပါတယ်။ သန့်စင်တဲ့မျက်နှာလေးဟာ ညအချိန်မှာပဲဖြစ်နေနေ ကြည့်ရတာ နှစ်လိုဖွယ်ဖြစ်နေမှာဖြစ်ပါတယ်။

    ညအိပ်ခါနီး ရေကြက်သီးနွေးနဲ့ ရေချိုးတာက လူကို လန်းဆန်းစေသလို ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကိုလည်း သန့်စင်ဖယ်ရှားပေးပါတယ်။ အိပ်ရာထဲရောက်ချိန်မှာလည်း ခန္ဓာကိုယ်အပူချိန်က မဆိုစလောက်လေး ပိုကဲနေမှာမို့ အိပ်လို့လည်း ကောင်းစေမှာပါ။ ကိုယ်အပူချိန်နည်းနေရင် အိပ်ရခက်တတ်ပါတယ်။

    • တည့်တည့်အိပ်ပါ။

    အိပ်ပျော်သွားရင် ပုံစံမျိုးစုံဖြစ်နိုင်တာမှန်ပေမယ့် စအိပ်ချိန်မှာတော့ မျက်နှာကို အပေါ် တည့်တည့်မှာထားပြီး အိပ်တာက နည်းမှန် လမ်းမှန်ဖြစ်ပါတယ်။ တချို့တွေက ခေါင်းအုံးဆီ မျက်နှာအပ်ပြီး အိပ်တတ်ကြပါတယ်။ ဒါက အလွန်ဆိုးရွားတဲ့ အပြုအမူဖြစ်ပြီးတော့ မျက်နှာမှာ အရေးကြောင်းတွေ ထင်စေဖို့ သေချာနေတဲ့ နည်းလမ်းဖြစ်ပါတယ်။

    • တောက်ပတဲ့ မျက်လုံး

    မျက်လုံးလေးက ရွှန်းစိုနေအောင် ပြင်ဆင်ထားတာက ကျန်တဲ့အချိန်မှာဆို အင်မတန် ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အိပ်ပျော်နေချိန် မှောင်မှောင်မည်းမည်းထဲမှ မျက်လုံးအပြည့်အဝ မပိတ်ပဲ အိပ်ပျော်နေတယ်ဆိုရင် တောက်ပတဲ့မျက်လုံးကြီးက တခြားလူအတွက်တော့ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်ချင်စရာပါ။

    နှစ်ခြိုက်စွာအိပ်စက်ခြင်းက သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ဒါကြောင့် အိပ်ပျော်နေချိန်မှာ လူတွေက အသားအရေပိုပြီး ကြည်လင်တတ်ပါတယ်။ အိပ်ရေးပျက်တာတွေ၊ အိပ်ရေးမဝတာတွေဆိုရင်တော့ ဆန့်ကျင်ဘက်ပါပဲ။ တချို့ အင်မတန်လှချင်တဲ့ အမျိုးသမီးတွေကတော့ အိပ်ခါနီးချိန်မှာ ဖောင်ဒေးရှင်းဖို့တာမျိုး၊ ပေါင်ဒါသုံးတာမျိုးတွေလုပ်တတ်ပါတယ်။ ဒါပေမယ့် အိပ်ချိန်မှာ ဒါတွေ သုံးမယ့်အစား skin careသုံးတာက ပိုကောင်းပါတယ်။

    အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့ ဒီနည်းလမ်းလေးတွေက ကူညီပေးနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement