backup og meta

အိပ်ရေးမဝကြောင်း သိနိုင်မယ့် လက္ခဏာတွေ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးမဝကြောင်း သိနိုင်မယ့် လက္ခဏာတွေ 

    ကျွန်တော်တို့တွေက စက်ပစ္စည်းတွေမဟုတ်တဲ့အတွက်ကြောင့် မနားမနေတောက်လျှောက်အလုပ်လုပ်နေလို့ မရပါဘူး။ အသက်အရွယ်အလိုက် သင့်လျော်တဲ့အိပ်စက်အနားယူချိန်ရှိမှ နောက်ရက်တွေမှာ အားအင် ပြည့်ပြည့်၀၀နဲ့ အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်ပြောပြချင်တာကတော့ အိပ်ရေးဝအောင် အိပ်စက်အနားမယူရင် ခန္ဓာကိုယ်မှာ ပြလာမယ့် လက္ခဏာတွေအကြောင်းဖြစ်ပါတယ်။

    ရေပြားက မလှပတော့ဘူး

    သင်အိပ်ရေးဝအောင် မအိပ်ရတဲ့နေ့တွေများနေပြီလားဆိုတာ သင့်အရေပြားကပြောပြနေပါတယ်။ လေ့လာမှု တချို့အရတော့ အိပ်ရေးမဝခြင်းနဲ့ မျက်နှာဝက်ခြံထွက်ခြင်းတို့ ဆက်စပ်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာတော့ သေချာမသိရသေးပေမဲ့ အိပ်ရေးပျက်လို့ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်း ပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့တော့ ယူဆကြပါတယ်။ အိပ်ရေးမဝရင် ဝက်ခြံထွက်ရုံတင်မကပဲ အရေပြားပါ စိုစိုပြေပြေမရှိတော့ဘဲ ခြောက်ကပ်ကပ်ဖြစ်သွားနိုင်ပါတယ်။

    ပို ‘ဝ’ လာမယ်

    အိပ်ရေးဝအောင်အိပ်ထားရင် ခန္ဓာကိုယ်ထဲက ghrelin နဲ့ leptin ဆိုတဲ့ဟော်မုန်းတွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ ဟော်မုန်းတစ်မျိုးက ဗိုက်ဆာအောင်လှုံ့ဆော်ပေးပြီး နောက်တစ်မျိုးကတော့ ဗိုက်ပြည့်ရင်ဆက်မစားချင်အောင် လုပ်ပေးပါတယ်။ အိပ်ရေးပျက်တဲ့သူတွေမှာ ဒီဟော်မုန်း ၂ မျိုး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် စားသင့်တာထက် ပိုစားမိနိုင်ပြီး ဝလာပါတော့တယ်။

    Junk food တွေပိုစားချင်လာမယ်

    အိပ်ရေးပျက်တာများလေ ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းကျလေပါပဲ။ ရလဒ်ကတော့ တလွဲတွေဆုံးဖြတ်လာ နိုင်တာပါပဲ။ ဒါ့ကြောင့်လည်း အိပ်ရေးပျက်တဲ့သူတွေက လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေထက် ဟမ်ဘာဂါ၊ ပီဇာ၊ အာလူးချောင်းကြော်လို Junk food တွေကို ပိုရွေးချယ်စားသုံး မိကြပါတယ်။ ဒီလိုနဲ့အချိန်ကြာလာတော့ ကျန်းမာရေးပိုထိခိုက်လာတော့တာပေါ့။

    ကော်ဖီပိုသောက်မိမယ်

    ဒါလည်းသိပ်အံ့သြစရာမရှိပါဘူး။ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က သောက်သုံးလိုက်ရင် လူကိုပိုပြီးလန်းဆန်း သွားစေတာကိုး။ တစ်ခါတစ်ရံ အလုပ်ပင်ပန်းလို့၊ အိပ်ရေးပျက်လို့ သောက်တာဘာမှမဖြစ်ပေမဲ့ အိပ်ရေးအမြဲပျက်ပြီး ကော်ဖီအမြဲသောက်နေရရင်တော့ လူကအလန်းဆန်းလွန်းပြီး ရင်တုန်တာ၊ စိတ်ဂဏာမငြိမ်တာ တွေဖြစ်နိုင်ပါတယ်။ နောက်ပြီး ကဖင်းဓာတ်က အိပ်မပျော်ဖြစ်စေတာမို့ ကော်ဖီသောက်တာနဲ့ အိပ်ရေးပျက်တာက မုန့်လုံးစက္ကူကပ်ပြဿနာလို့ ဆိုရမှာပါ။

    အာရုံစူးစိုက်မှုကျလာမယ်၊ မေ့လျော့မယ်

    တစ်ရက် ၈ နာရီအိပ်နေကျသူတစ်ယောက်က ၂ နာရီလောက်လျှော့ပြီးအိပ်လိုက်ရုံနဲ့တင် အာရုံစူးစိုက်နိုင်စွမ်း  ကျသွားနိုင်ပါတယ်။ အိပ်ရေး၀၀မအိပ်ရရင် အလုပ်မှာလည်း အမှားမှားအယွင်းယွင်းတွေ လုပ်မိပြီး ပြဿနာတက်နိုင်ပါတယ်။ ပိုဆိုးတာကတော့ ငိုက်မြည်းရင်းကားမောင်းမိတာပါပဲ။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ကိစ္စမို့ “ငိုက်ရင်မမောင်းနဲ့ မောင်းရင်မငိုက်နဲ့” လို့ မှာလိုက်ပါရစေ။

    စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေဖြစ်မယ်

    ဂနာမငြိမ်တာ၊ စိတ်တိုဒေါသထွက်လွယ်တာ၊ စိတ်ဓာတ်ကျတာ၊ အရာရာကိုသည်းမခံနိုင်တာ စတဲ့အရာတွေ အားလုံးကို အိပ်ရေးပျက်ရင် တွေ့ကြုံခံစားရနိုင်ပါတယ်။ တစ်ပတ်လောက် အိပ်ရေးမဝဖြစ်လာရင်ပဲ ဒီလိုလက္ခဏာတွေပြလာနိုင်ပါတယ်။

    ဒါတွေအားလုံးထက်ပိုပြီး အိပ်ရေးဝအောင်အိပ်ဖို့ လိုအပ်တဲ့ တစ်ချက်ရှိပါသေးတယ်။ ခန္ဓာကိုယ်ခုခံအားစနစ်တစ် ခုလုံးပုံမှန်အလုပ်လုပ်နိုင်အောင် အားပြန်ဖြည့်ပေးဖို့ လိုအပ်ပြီး အိပ်စက်ခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ ခုခံအားစနစ်ကောင်းမှပြင်ပက ရောဂါပိုးမွှားတွေအလွယ်တကူမဝင်အောင် ပြန်တိုက်ထုတ်နိုင်မှာပါ၊ အခုချိန်က ဝူဟန်တွေ၊ ကိုရိုနာတွေ ကြောက်နေရချိန်ဖြစ်လို့ ပြည့်ပြည့်၀၀အနားယူထားဖို့ ပိုလိုအပ်တယ်မဟုတ်လား။ ဒါ့ကြောင့် လူတိုင်းတစ်ရက်ကို အနည်းဆုံး ၇ နာရီ အိပ်စက်အနားယူကြဖို့ မှာကြားလိုက်ရပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement