backup og meta

အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

    လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက်အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိပေမယ့် အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေပါ သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ sleep deprivation လို့ခေါ်တဲ့ အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာကို မျှဝေပေးသွားချင်ပါတယ်။

    လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် တည်ဆောက်ပုံရော၊ ခံနိုင်ရည်ရှိမှုရော မတူညီတဲ့အတွက် ဖြစ်နိုင်တဲ့ အခြေအနေလေးတွေ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ အခုဒီဆောင်းပါးလေးမှာကတော့ သာမာန်၊ ယျေဘုယျအားဖြင့် လူတွေမှာ ဘယ်နှနာရီလောက် မအိပ်ရင် ဘယ်လိုတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးတွေ ပြောပြသွားမှာပါ။

    အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

    အိပ်ရေးပျက်တာတွေ များလာတဲ့အခါ

    ၁။ မအိပ်ဘဲနေတာ ၂၄ နာရီ (၁ရက်) ကြာတဲ့အခါ။

    ပင်ပန်းနွမ်းနယ်ပြီး၊ အိပ်ငိုက်လာမယ်၊ နှုံးလာမယ်။ ဒါ့အပြင် စိတ်တိုလွယ်ပြီး အာရုံစူးစိုက်ရခက်ခဲခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ စိတ်ဆတ်လာခြင်း၊ လက်တုန်ခြင်း၊ accident ဖြစ်နိုင်ခြေများခြင်း၊ မျက်ကွင်းညိုပြီး ချိုင့်လာခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်လာမှာပါ။

    ဒါ့ကြောင့် မအိပ်ဘဲနေတာ တစ်ရက်ကြာတဲ့သူတွေဟာ သွေးထဲမှာ alcohol ပမာဏ 0.1 % ရှိနေတဲ့ သူတွေနဲ့တူတယ်လို့ ပြောကြပါတယ်။ Alcohol 0.1 % ဟာ တရားဝင် ကားမမောင်းဖို့ တားမြစ်ထားတဲ့ ပမာဏထက်တောင် ပိုများတာကို တွေ့ရပါတယ်။

    ၂။ မအိပ်တာ ၃၆ နာရီ ကြာတဲ့အခါ။

    မအိပ်ဘဲနေတာ ၁ရက်ခွဲလောက်ရှိတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ပိုပြီးပြင်းထန်လာပါတယ်။ လိုအပ်တဲ့ အိပ်စက်ချိန် မရှိတဲ့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကလည်း တစ်ခုနဲ့ တစ်ခု ကောင်းကောင်းမချိတ်ဆက်နိုင်တော့ပါဘူး။

    ဒါ့ကြောင့် မှတ်ဉာဏ်တွေ မကောင်းတော့တာ၊ သင်ယူနိုင်စွမ်းတွေ လျော့ကျလာတာ၊ ဆုံးဖြတ်နိုင်စွမ်း ကျဆင်းလာတာတွေအပြင် ခန္ဓာကိုယ်ကလည်း လိုက်လျောညီထွေလုပ်နိုင်စွမ်းတွေ မရှိတော့ဘဲ အမှားတွေအများကြီး ဖြစ်လာတတ်ပါတယ်။

    ဒါ့အပြင် မအိပ်တာ ၁ရက်ကျော်သွားတဲ့အခါ ခန္ဓာကိုယ်က အိပ်စက်ခြင်းကို အပြင်းအထန်တောင်းဆိုလာပြီး microsleep လို့ခေါ်တဲ့ သတိမထားလိုက်မိဘဲ ခဏလေး (စက္ကန့် ၃၀လောက်) မှေးပြီး အိပ်ပျော်သွားတာမျိုးတွေ ဖြစ်လာပါတယ်။ အစားစားချင်စိတ်တွေများလာခြင်း၊ ခုခံအားတွေကျခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်း တွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

    ၃။ မအိပ်တာ ၄၈နာရီ ကျော်တဲ့အခါ။

    မအိပ်ဘဲနေတာ ၂ရက်ကျော်သွားပြီဆိုရင်တော့ extreme sleep deprivation လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ သာလွန်အဆင့်ဖြစ်သွားပြီပေါ့။ အဲဒီအဆင့်ကို ရောက်လာပြီဆိုရင်တော့ နိုးနိုးကြားကြားနေဖို့ ပိုခက်ခဲလာပြီး Microsleep လေးတွေ ပိုဖြစ်လာပါတယ်။

    ဒါ့အပြင် hallucination လို့ခေါ်တဲ့ အမှန်တကယ်မရှိတဲ့အရာတွေကို စပြီး မြင်လာ၊ ကြားလာ၊ ခံစားလာရနိုင်ပါတယ်။ အားအင်ကုန်ခမ်းပြီး စိတ်ပူပန်လာမယ်၊ လူနဲ့ စိတ်မကပ်ဘဲ ဂယောင်ခြောက်ခြားတွေလည်း ဖြစ်လာနိုင်ပါတယ်။

    ၄။ မအိပ်တာ ၇၂နာရီ ကျော်လာတဲ့အခါ။

    ဒီလို အချိန်မှာတော့ အရှေ့မှာ ဖော်ပြထားတဲ့ လက္ခဏာတွေက ပိုပိုဆိုးလာပြီး hallucination အပြင် ပိုရှုပ်ထွေးတဲ့ delusion (ထင်ယောင်ထင်မှား ယုံကြည်မှု) လို့ခေါ်တဲ့ မဖြစ်နိုင်တဲ့အရာ၊ မှားနေတဲ့အရာကို ဇွတ်ယုံကြည်နေတဲ့ လက္ခဏာ၊ Illusion လို့ခေါ်တဲ့ အမြင်မှားခြင်း လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ၅။ မအိပ်တာ ၉၆နာရီ ကြာတဲ့အခါ။

    မအိပ်တာ ၄ရက်ရှိပြီဆိုရင်တော့ ခံစားရတဲ့ ပြသနာတွေ ပိုဆိုးလာတဲ့အပြင် sleep deprivation psychosis လို့ခေါ်တဲ့ အိပ်ရေးအပျက်လွန်ပြီး စိတ်မမှန်တော့တဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။

    များသောအားဖြင့်တော့ အိပ်ရေးပျက်တာကြောင့် ဖြစ်တဲ့ လက္ခဏာတွေဟာ အိပ်ရေး၀၀ပြန်အိပ်လိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အိပ်ရေးပျက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အမှားလုပ်မိတာတွေ၊ မတော်တဆ ဖြစ်နိုင်ချေတွေ အရမ်းများတာကြောင့် လူတိုင်းလူတိုင်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ သတိပေးချင်ပါတယ်။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement