backup og meta

အိပ်ယာနဲ့ လက်ထပ်မိနေပြီလား


Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ယာနဲ့ လက်ထပ်မိနေပြီလား

    တခါတခါကျ ကြုံဖူးကြလိမ့်မယ်။ မနက်မိုးလင်းရင် မထချင်ဘူး၊ တော်တော်နဲ့ အိပ်ယာထဖို့ ခက်နေတတ်တယ်၊ အမြဲပဲ အိပ်ချင်နေတယ်၊ အိပ်ယာထဲလှဲချင်နေမိတယ်။ တနေကုန် လှဲပြီးပဲနေချင်တဲ့ စိတ်ဆန္ဒမျိုးပဲ ရှိနေတာမျိုးပေါ့။ အမြဲအိပ်ရေးဝအောင် အကြာကြီးအိပ်နေပေမယ့် ကိုယ့်မှာက အိပ်ရေးမဝသလို ခံစားနေရမယ်၊ အိပ်ယာပေါ်မှာ လှဲအိပ်နေချိန်မှ စိတ်ကျေနပ်နေသလိုမျိုးခံစားနေရတာမျိုးပေါ့။

    ဒီလိုစိတ်ခံစားချက်မျိုးက သဘာဝစိတ်ခံစားချက်မျိုးတော့မဟုတ်ပါဘူး။ Dysania လို့ ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ စိတ်ဝေဒနာ အမျိုးအစားတစ်မျိုးသာဖြစ်ပါတယ်။ Clinomania လို့လည်း ခေါ်ကြပါသေးတယ်။ ဒီလိုလူတွေအတွက်တော့ မနက်ခင်းမှာ မြည်တတ်တဲ့ Alarm တွေဟာ စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အရာတွေဖြစ်နေပါလိမ့်မယ်။ အိပ်ယာထဲကနေ ထဖြစ်ဖို့ ၁ နာရီ ၂ နာရီလောက်အထိ အချိန်ယူတတ်ပါတယ်။

    ဆရာဝန်တွေကတော့ ဒါဟာ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာလို့ တိတိကျကျကို သတ်မှတ်ထားကြပါတယ်။ Dysania ဝေဒနာခံစားနေရသူတစ်ယောက်အတွက် မနက်ခင်းတွေတိုင်းဟာ စိတ်ဆင်းရဲစရာ အခိုက်အတန့်တွေပါပဲ။ မနက်ရုံးသွား ကျောင်းတက်ဖို့ မဖြစ်မနေ ထနေရတာဟာ သူတို့အတွက် အရမ်းကို ခက်ခဲပင်ပန်းလွန်းနေမှာဖြစ်ပါတယ်။ ဒီအခြေအနေမျိုးကို ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အရာရှိတွေနဲ့ မိသားစုဝင်တွေက နားလည်ကြမှာမဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ယာထဲမှာ လှဲနေချင်စိတ်သာများနေတာ ဘာဖြစ်နေလဲဆိုတာကို တွေးမိမယ်မထင်ပါဘူး။

    သိနားလည်ထားဖို့က Dysania ဖြစ်နေတာဟာ သင် ပျင်းရိနေတာမဟုတ်ပါဘူး။ ကျန်းမာရေးထိခိုက်နေတာသာဖြစ်တယ်ဆိုတာပါပဲ။ ဒီပြဿနာမှာ သင်ခံစားနေရတာက အလွန်အမင်းပင်ပန်းနွမ်းလျနေမှုဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

    ဂရုစိုက်ရမယ့် ကျန်းမာရေးပြဿနာ

    Dysania ဟာ များပြားလှတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်မှုရှိနေပြီး အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုထက်မနည်းတဲ့ ဝေဒနာတွေခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။

  • စိတ်ဖိစီးမှု
  • Chronic Fatigue Syndrome (နာတာရှည် မောပန်းလွယ်သောရောဂါ)
  • Fibromyalgia (ခန္တာကိုယ်အနှံ့ နာကျင်ကိုက်ခဲမှုဝေဒနာ)
  • Sleep apnea (ဟောက်တတ်သည့် ရောဂါ)
  • Anemia(သွေးအားနည်းရောဂါ)
  • သိုင်းရွိုက်ဆိုင်ရာ ရောဂါများ
  • ဆီးချိုရောဂါ
  • Restless Legs Syndrome
  • နှလုံးရောဂါနဲ့
  • အိပ်စက်ခြင်းဆိုင်ရာရောဂါတွေ ဖြစ်ပါတယ်။
  • ဘယ်လိုဝေဒနာတွေ ခံစားရမလဲ

    Dysania ဝေဒနာခံစားနေရသူတွေရဲ့ ၉၀% ဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ဖိစီးမှုဒါဏ် ခံနေရသူတွေ ဖြစ်ပါတယ်။ အိပ်ယာပေါ်က မထချင်တဲ့ ဝေဒနာဟာ ဂရုတစိုက်ကုသဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ဆေးဝါးအကူအညီရယူခြင်းမရှိဘူးဆိုရင် ပိုမိုဆိုးရွားလာမှာဖြစ်ပြီး ပြင်းထန်တဲ့ စိတ်ဝေဒနာမျိုးဖြစ်လာနိုင်ပါတယ်။

    လူတစ်ယောက်ဟာ တစ်နေ့ကို ၆ နာရီနဲ့ ၈ နာရီအကြားသာ အိပ်စက်ဖို့ လိုအပ်ပြီး ယခုပမာဏထက် ကျော်လွန်ပြီး အိပ်ယာထဲမှာ အလွန်အမင်းလှဲလျောင်းနေမှုဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အိပ်ယာထဲမှာ တစ်ရက်ကို ၁၀ နာရီနဲ့အထက် ရှိနေသူတွေဟာ ကိုယ်အလေးချိန်တိုးလာတာနဲ့ ဖျားနာမှုတွေ ဖြစ်နိုင်ကြောင်း ၂၀၁၄ ခုနှစ်က ပြုလုပ်တဲ့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    European Heart Journal ရဲ့ သုတေသနပြုချက်အရ အိပ်ယာထဲမှာ ၁၀ နာရီနဲ့အထက် ကြာကြာနေသူတွေဟာ နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ သေဆုံးမှု ဖြစ်နိုင်ချေ ၄၁% ပိုများတယ်လို့ ဆိုထားပါတယ်။

    ဘယ်လိုကုစားမလဲ

    ကိုယ့်အနေနဲ့ အိပ်ယာထဲကနေ ထဖို့ စိတ်မပါလက်မပါဖြစ်လာနေပြီဆိုရင် အရင်ဆုံး ကော်ဖီ၊ အရက် သုံးစွဲမှုတွေကို လျှော့ချတာမျိုး၊ အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားတာမျိုး၊ အိပ်ယာထချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အချိန်မှန်မှန်ထနိုင်အောင် ကြိုးစားတာမျိုး၊ အိပ်ယာဝင်ချိန်ကို ညဉ့်မနက်အောင် သတိထားဆင်ချင်တာမျိုး၊ တစ်ခါတစ်ရံ ငိုက်မြည်းလာချိန်တွေမှာ နာရီဝက်ထက်မပိုပဲ အနားယူတာမျိုး၊ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ရုပ်ပိုင်းစိတ်ပိုင်း တက်ကြွလန်းဆန်းလာအောင်ပြုလုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အိပ်စက်ချိန် အလွန်အမင်း မနီးကပ်နေဖို့ ပါပဲ။

    အိပ်စက်ရာမှာလည်း အသံမဆူအောင်၊ အလင်းရောင်စူးစူးမဝင်အောင်နဲ့ အေးအေးမြမြရှိအောင် သတိထားပြီး အခန်းကိုပြင်ဆင်ထားသင့်ပါတယ်။ အိပ်ယာဝင်ခါနီးမှာ တက်ဘလက်၊ တီဗီ၊ လက်ပ်တော့၊ ဖုန်းနဲ့ တခြား အီလက်ထရွန်နစ် ပစ္စည်းတွေမသုံးဖြစ်အောင်လည်း ရှောင်ကျဉ်ဖို့ လိုအပ်မှာပါ။

    အရေးအကြီးဆုံးအချက်ကတော့ Dysania ဝေဒနာဟာ ရေရှည်ဝေဒနာတစ်မျိုးဖြစ်တာမို့ ကိုယ့်မှာ ဒီရောဂါ ရှိနေတယ်လိ့ သံသယရှိနေရင် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ် ဒီရောဂါခံစားနေရပြီဆိုရင် ကိုယ့်ကို အိပ်ယာထဲကနေ ဆွဲထုတ်နိုင်တာ ဆရာဝန်ပဲရှိတာမို့ပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement