backup og meta

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

    လူတွေ ဘာကြောင့် လေလည်တာလဲ။

    ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါ အစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။

    ထွက်လာတဲ့ လေတွေကို အူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲ လည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီး လေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။

    အိပ်နေတဲ့အချိန်မှာ ဘာလို့ လေလည်တာလဲ။

    လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေက ပြေလျော့နေပါတယ်။ စအိုကြွက်သားသည်လည်း ပြေလျော့နေတာကြောင့် အူလမ်းကြောင်းထဲမှာ ရှိတဲ့ လေတွေဟာ သူ့သဘာဝအတိုင်း အပြင်ကို ထွက်လာတာမျိုးလည်း ရှိသလို အသံအကျယ်ကြီး လေလည်လိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ လူတော်တော်များများက အိပ်ပျော်နေစဉ် လေလည်လိုက်တာကို သတိမထားမိတတ်ကြပါဘူး။ တစ်ခုခု အသံကြားလိုက်တာနဲ့ လန့်နိုးလာတတ်တဲ့ အလွန် အအိပ်ဆတ်သူတွေသာ ရံဖန်ရံခါ နိုးလာတတ်ကြတာပါ။

    အိပ်နေရင်းနဲ့ ဝမ်းသွားမိလိုက်တာရော ဖြစ်နိုင်လား။

    အိပ်ပျော်နေစဉ် စအိုနံရံကြွက်သားများ ပြေလျော့သွားခြင်းကြောင့် လေလည်နိုင်တယ်ဆိုတာ မှန်ပေမယ့် ဝမ်းထွက်လောက်တဲ့အထိတော့ မပြေလျော့ပါဘူး။ အထူးသဖြင့် ပုံမှန် ဝမ်းသွားချိန် မှန်တဲ့သူတွေဆိုရင် သူတို့ ပုံမှန်သွားတဲ့အချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ ဝမ်းသွားချင်စိတ် မဖြစ်ပေါ်ပါဘူး။ အိပ်နေရင်းကနေ ရုတ်တရက် ဗိုက်အလွန်အောင့်ပြီး ဝမ်းသွားချင်လာတယ်ဆိုတာ မတည့်တဲ့ အစားအစာတွေ စားမိတာ၊ ဖျားနာနေတာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာ၊ ဒါမှမဟုတ် ဝမ်းသွားချိန် ပုံမှန်မရှိတဲ့သူတွေမှာ ဖြစ်နိုင်ခြေရှိပါတယ်။

    လူတစ်ယောက်ဟာ တစ်နေ့ကို ဘယ်နှစ်ကြိမ် လေလည်နိုင်လဲ။

    ပုံမှန်ကျန်းမာနေတဲ့ လူတစ်ယောက်ဟာ တစ်နေ့ကို ၅ ကြိမ်မှ ၁၅ ကြိမ်အထိ လေလည်နိုင်ပါတယ်။

    အစာခြေစနစ်မှာ ပြဿနာရှိနေသူတွေ

    • ခရောင်းလို့ ခေါ်တဲ့ အူမကြီးရောဂါ ရှိသူတွေ

    • ဝမ်းချုပ်နေသူ

    • ဝမ်းပုံမှန် မသွားသူတွေ

    • ဝမ်းသွားရ ခက်ခဲတဲ့ ပြဿနာရှိသူတွေမှာ လေလည်တဲ့အကြိမ်ရေ ပိုများသလို အပြင်ကို ထွက်လာတဲ့ လေပမာဏလည်း များနိုင်ပါတယ်။

    အမျိုးသမီးများ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေနိုင်လောက်တဲ့ ကိုယ်ဝန်ဆောင်နေချိန်၊ ရာသီသွေး ဆင်းနေချိန်၊ သွေးဆုံးနေချိန်မှာလည်း လေလည်တဲ့ အကြိမ်ရေ ပိုများနိုင်ပါတယ်။ အမျှင်ဓာတ်တွေ စားသုံးခြင်းဟာ အစာခြေစနစ်ကို အထောက်အကူပြုစေတယ်၊ ဝမ်းမှန်စေတယ်ဆိုပေမယ့် သူ့ရဲ့ နောက်ဆက်တွဲ လက္ခဏာတွေထဲမှာ မကြာခဏ လေလည်တာလည်း ကပ်ပါလာနိုင်ပါတယ်။ အိပ်နေစဉ် ဝမ်းသွားချင်ကတော့ ပုံမှန် ကျန်းမာနေတဲ့သူတစ်ယောက်မှာ အမြဲတမ်းထက် ရံဖန်ရံခါမှသာ တွေ့ရနိုင်ပါတယ်။

    အိပ်နေစဉ် လေလည်ခြင်းမဖြစ်အောင် ကာကွယ်လို့ ရလား။

    တကယ်တော့ အိပ်ပျော်နေချိန် လေလည်လိုက်တယ်ဆိုတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာဖြစ်ပြီး လေလည်သူအတွက်ရော ဘေးလူအတွက်ပါ ဘာမှမဖြစ်စေနိုင်သလို ကျန်းမာရေးအရလည်း စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဘေးမှာအိပ်နေတဲ့သူအတွက် အနံ့အသက်အရ ပြောစရာ ဖြစ်နေမယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေနဲ့ ထိန်းကြည့်လို့ ရပါတယ်။

    ၁။ အမျှင်ဓာတ်ကို အများကြီးစားတာထက် လိုအပ်တဲ့ပမာဏလောက်ကိုပဲ ပုံမှန်လေး စားပေးပါ။

    ၂။ ကိုယ်သောက်နေတဲ့ ဖြည့်စွက်အားဆေးတွေထဲမှာ အမျှင်ဓာတ်အတွက် သီးသန့် အားဆေးတွေ ရှိနေရင် နေ့တိုင်း သောက်စရာမလိုပါဘူး။

    ၃။ ရေများများ သောက်ပါ။ ဂက်စ်ပါတဲ့ အအေးတွေကို ရှောင်ပါ။ အထူးသဖြင့် အိပ်ကာနီးအချိန်မှာ လုံးဝ မသောက်ပါနဲ့။

    ၄။ မအိပ်ခင် အနည်းဆုံး ၃-၄ နာရီ အလိုမှာ နောက်ဆုံး အစာစားထားပါ။

    ၅။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာကို နည်းနည်းလျှော့ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement