backup og meta

ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ


Ye Myo Myat မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ

    ပုံမှန် ကျွန်တော်တို့ အစာစားချိန်ဟာ မနက်၊ နေ့လည်၊ ည ဆိုပြီး ယေဘုယျအားဖြင့် ၃နပ် ခွဲထားပါတယ်။ တချို့လူတွေကတော့ ကိုယ်အလေးချိန် တက်ချင်လို့၊ သို့မဟုတ် ကျချင်လို့ diet လုပ်တဲ့အနေနဲ့ အကြိမ်ရေ ခွဲစားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ညအိပ်ချိန်နဲ့ နီးအောင် အစာစားတာကတော့ ကျန်းမာရေးအတွက် ရေရှည်မှာ မကောင်းတဲ့ ကိစ္စပါ။

    ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကလီစာတွေက တစ်နေ့လုံး အလုပ်လုပ်ထားတဲ့အတွက် ညအိပ်ခါနီးဆိုရင် ပင်ပန်းပြီး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့က မအိပ်ဘဲ အစားတွေ စားနေမယ်ဆိုရင် အစာခြေစနစ်ကို သွားပြီး ထိခိုက်ပါတယ်။ ဒါ့အပြင် လူက ဗိုက်ပြည့်တင်းနေတဲ့အခါ ရင်ပြည့်သလို ဖြစ်ပြီး ကောင်းကောင်း အိပ်မပျော်တော့သလို မနက်ထလာရင်လည်း အီလည်လည် ဖြစ်ပြီး နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ ကြာလာရင်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဒဏ်ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ညအိပ်ချိန်နဲ့ နီးကပ်စွာ အစာစားခြင်းကိုတော့ လုံးဝ ရှောင်သင့်ပါတယ်။

    အမြဲ ညဆိုရင် အလုပ်များပြီး အိပ်မပျော်လို့ အစားတစ်ခုခု စားမှ အကျင့်ဖြစ်နေတဲ့သူတွေကို အကြံပေးချင်တာကတော့ တတ်နိုင်ရင် ညဘက်ကို စောစောအိပ်ဖို့ပါ။ လူတစ်ယောက်ရဲ့ ညအိပ်ချိန်ဟာ အရမ်း အရေးကြီးပါတယ်။ တစ်နေ့လုံး ကုန်ထားသမျှ အားအင်တွေ ပြန်ဖြည့်ပေးဖို့၊ ပင်ပန်းထားသမျှ အမောပြေစေဖို့ အိပ်စက်ခြင်းကသာ ကူညီပေးနိုင်တာပါ။ ဒီအတွက် အိပ်ချိန်ကိုတော့ အလွတ်မခံပါနဲ့။ အနည်းဆုံး ညအိပ်ချိန်ကို ၇-၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ အကယ်လို့ တစ်ခုခု စားချင်တယ်ဆိုရင်လည်း ခုပြောပြမယ့် အစားအစာတွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။

    ဘာတွေ ရှောင်မလဲ။

    ၁။ ကဖင်းဓာတ် ပါတဲ့ အစားအစာများ

    ကဖင်းဓာတ်ဟာ ဦးနှောက်အာရုံကြောတွေကို တက်ကြွအောင် လှုံ့ဆော်ပေးတဲ့အတွက် ညမအိပ်ဘဲ အလုပ်လုပ်၊ စာဖတ်တဲ့သူ အများစု စားသောက်တတ်ကြပါတယ်။ ကျန်းမာရေးအတွက်တော့ ရေရှည်မှာ မကောင်းဘူးပေါ့ဗျာ။ အထူးသဖြင့် ချောကလက်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ဆိုဒါအအေးတွေမှာ ကဖင်းဓာတ် ပါဝင်မှု အရမ်းများတာကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီလောက် ခွာပြီးတော့ စားသင့်ပါတယ်။

    ၂။ ပရိုတင်းပါဝင်မှု များတဲ့ အစားအစာတွေ

    အသား၊ ပဲတွေမှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေပါတယ်။ ဒါပေမယ့် ပရိုတင်းဓာတ်ဟာ အစာချေဖျက်ဖို့ အချိန် အကြာကြီးပေးရတဲ့အတွက် အိပ်ချိန်နဲ့ နီးကပ်အောင် စားမိလိုက်တဲ့အခါ ဗိုက်ထဲမှာ စားထားသမျှ ချေဖျက်နေရပြီး လူက တော်ရုံနဲ့ ဘယ်လိုမှ မအိပ်ပျော်နိုင်တော့ပါဘူး။ အကောင်းဆုံးက မနက်၊ နေ့လည်၊ ည ၃ ချိန် ခွဲစားပြီး အိပ်ခါနီးကိုသာ လုံးဝရှောင်ဖို့ပါ။

    ၃။ အဆီတက်စာတွေ

    ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်၊ ပီဇာတွေ၊ ဟင်းအဆီအနှစ်တွေ၊ အကြော်အလှော်တွေက ကယ်လိုရီပမာဏရော အဆီဓာတ် ပါဝင်မှုရော အရမ်းမြင့်ပါတယ်။ အဆီစားသုံးမှု အရမ်းများလွန်းသွားရင် လူက မအီမသာဖြစ်ပြီး ဘယ်လိုမှ အိပ်ချင်တော့မှာ မဟုတ်ဘူးနော်။

    ၄။ ရေခဲမုန့်

    ညဘက် အိပ်မပျော်လို့ ရေခဲမုန့် အေးအေးလေး စားရင် အရမ်းကောင်းသွားမှာပဲလို့ တွေးဖူးကြတယ်မလား။ အခုလိုမျိုး အရမ်းပူလွန်းအိုက်လွန်းတဲ့ အချိန်ဆို ပိုတွေးမိမှာပေါ့။ ရေခဲမုန့်သည် ကျန်းမာရေးနဲ့ မညီညွတ်တာ မှန်ပေမယ့် တော်သင့်ရုံလောက် စားရင် သိပ်ပြီး ပြဿနာမရှိပါဘူး။ သိထားဖို့ တစ်ခုက ရေခဲမုန့်ထဲမှာ နို့ထွက်ပစ္စည်းရော၊ သကြားဓာတ်ရော အရမ်းများပါတယ်။ နို့ထွက်ပစ္စည်းမှာလည်း ကယ်လိုရီပမာဏ အတော်အတန် ပါဝင်တာကြောင့် အိပ်ခါနီး စားတာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။

    ၅။ အရက်

    စားစရာထဲမှာတော့ အရက်မပါပါဘူး။ ဒါပေမယ့် မရေးဘဲ နေလိုက်ရင် ကျန်တာတွေ မစားဘဲ အရက်ပဲ ထိုင်သောက်နေမှာ စိုးလို့ပါ။ တစ်ခါတစ်လေ ဘော်ဒါတွေနဲ့ ဝိုင်းဖွဲ့ပြီး အရက်သောက်တာတော့ မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာ တစ်ယောက်တည်း ရှိနေတဲ့အချိန်တော့ အိပ်ခါနီး အရက်သောက်တာမျိုး မလုပ်သင့်ပါဘူး။ အရက်သောက်ပြီးတဲ့အခါ လူက မူးဝေပြီး ကောင်းကောင်း အိပ်မပျော်နိုင်ပါဘူး။ အိပ်ပျော်သွားခဲ့ရင်တောင် နှစ်ခြိုက်တဲ့ အိပ်စက်ခြင်းမျိုး မရနိုင်ပါဘူး။ ဒါ့အပြင် ညသန်းခေါင်ကြီး ဆီးထသွားရတာ၊ ရင်ပူတာမျိုးတွေလည်း ဖြစ်နိုင်သလို ညအိပ်မပျော်တဲ့သူတွေအတွက်ဆို ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်တော့ မသောက်ပါနဲ့နော်။

    အကောင်းဆုံးကတော့ ညအိပ်ချိန်နဲ့ အနည်းဆုံး ၃ နာရီ ခြားပြီး နောက်ဆုံး အစားအစာ စားပေးဖို့ပါပဲ။ ပြီးတော့ တတ်နိုင်သလောက် စောစောအိပ်ဖို့ ကြိုးစားပါ။ လူက မအိပ်ရင် ခန္ဓာကိုယ်က ဗိုက်ဆာတဲ့အကြောင်း အချက်ပြတတ်ပါတယ်။ အထူးသဖြင့် ရုပ်ရှင်ကြည့်လွန်ပြီး အိပ်မပျော်တော့ဘူးဆိုရင် တစ်ခုခု စားချင်စိတ် ပိုဖြစ်တတ်ပါတယ်။ ဒီဆန္ဒကိုလည်း ချုပ်ထိန်းထားသင့်ပါတယ်။ မဖြစ်မနေ စားရမယ်ဆိုရင် နွားနို့ ပူပူလေးတစ်ခွက်သောက်၊ ငှက်ပျောသီး တစ်လုံးလောက် စားပြီး ရေသောက်ပါ။ ပြီးရင် စိတ်ကို အတတ်နိုင်ဆုံး လျှော့ပြီး ရအောင် အိပ်ဖို့ ကြိုးစားကြည့်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement