backup og meta

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

    ယောကျ်ားလေးနဲ့ မိန်းကလေးအတူ လိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့ အတူနေပြီးရင် နောက်ဆက်တွဲ ဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ က ဘာတွေများ ဖြစ်မလဲ။

    လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

    လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ ကတော့

    ၁. ဆီးသွားလိုက်ပါ

    လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။

    ၂. ရေသေချာဆေးပါ

    လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလို ဆေးပေးခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးတာကြောင့် ဆီးသွားပြီးတာနဲ့ ကိုယ့်ရဲ့ လိင်အင်္ဂါကို တစ်ဆက်တည်း ဆေးကြောစေချင်ပါတယ်။ ဆေးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ နှံ့စပ်အောင် ပွတ်တိုက်ဆေးကြောပေးရင် လုံလောက်ပါတယ်။

    အမွှေးဆီတွေ၊ ဆပ်ပြာအဆီ တွေသုံးဖို့မလိုပါဘူး။ မိန်းကလေးတွေလည်း လိင်ဆက်ဆံပြီးတဲ့အခါ မိန်းမကိုယ်ထဲအထိ နှိုက်ပြီး ဆပ်ပြာဆီနဲ့ ဆေးကြောတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုဆေးကြောခြင်းက မိန်းမကိုယ်ထဲမှာ ပုံမှန်အတိုင်းရှိနေသင့်တဲ့ ပိုးတွေကိုပါ ဖယ်ရှားလိုက်သလို ဖြစ်သွားစေလို့ပါ။

    လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောင်္ကျားလေးတွေဆိုရင်တော့ လိင်တံထိပ်အရေပြားအနောက်ဖက်ကို ညင်ညင်သာသာလေးဆွဲပြီး လိင်တံထိပ်နဲ့ အရေပြားကြားကိုသေချာဆေးကြောပေးပါ။

    ၃. ရေများများသောက်ပေးပါ

    တစ်ကြိမ်ဆီးသွားရုံနဲ့ ပိုးမွှားတွေဖယ်ရှားပစ်ဖို့ မလုံလောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်လက်သန့်စင်ပြီးရင် ရေတစ်ခွက်ထပ်သောက်လိုက်ပါ။ ဆီးခဏခဏသွားရလေ ပိုးမွှားတွေ ပိုသန့်စင်လေဖြစ်သလို ရေဓာတ်ပြည့်ဝဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။

    ၄. ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပေးပါ

    Body fit ဖြစ်တဲ့ အဝတ်အစားဝတ်ရင် ချွေးပိုထွက်ပါတယ်။ ချွေးအောင်းပြီး စိုစွတ်နေတဲ့ အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေနဲ့ မှိုမျိုးစုံပေါက်ပွားနိုင်တာမို့ ကိုယ်လက်သန့်စင်ပြီးရင် ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပြီး နေလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။ အတွင်းခံကို ဖြစ်နိုင်ရင် ချည်သားအတွင်းခံပဲဝတ်ပေးပါ၊ ဒါမှမဟုတ် အတွင်းခံလုံးဝမ၀တ်ဘဲ အိပ်ရာဝင်လိုက်လည်းရပါတယ်။

    ၅. လက်သေချာဆေးပါ

    လိင်ဆက်ဆံတာပဲဖြစ်ဖြစ် လက်နဲ့ ဆန္ဒပြီးမြောက်အောင်လုပ်တာပဲဖြစ်ဖြစ် မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာတော့ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ လက်ဆိုတာ ပစ္စည်းတွေ အကုန်ကိုင်တွယ်အသုံးပြုရတာမို့ ပိုးမွှားမျိုးစုံလည်းကပ်တွယ်နေမှာပါ။ ဒါ့ကြောင့် ကိုယ့်အဖော်ရဲ့ လိင်အင်္ဂါကို မထိတွေ့ခင် ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးဖို့ မမေ့နဲ့နော်။

    ၆. အသုံးပြုတဲ့ Sex Toy တွေကိုသေချာပြန်သန့်စင်ပါ

    စာရေးသူတို့နိုင်ငံမှာတော့ Sex toy တွေအသုံးပြုတာ သိပ်ခေတ်မစားသေးပေမဲ့ ကျန်းမာရေးအရ သိထားသင့်တာမို့ ပြောပြချင်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန် အသုံးပြုလိုက်တဲ့ Sex toy တွေမှာလည်း ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေ ကပ်ညှိသွားနိုင်တာမို့ သုံးပြီးတာနဲ့ တစ်ခါတည်းဆေးကြောပေးရပါမယ်။ မဆေးကြောဘဲ ထပ်ခါ ထပ်ခါသုံးစွဲတာ၊ တခြားသူတစ်ယောက်နဲ့ မျှဝေသုံးစွဲတာမျိုး လုံးဝ(လုံးဝ) မလုပ်ရပါဘူး။ ဆေးကြောသန့်စင်နည်းကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက်ကွဲပြားတတ်ပါတယ်။

    ၇. သွေးမှန်မှန်စစ်ပါ

    အကယ်၍ ကိုယ်က လိင်အပျော်အပါးလိုက်စားတတ်တဲ့သူဖြစ်မယ်ဆိုရင် ကူးစက်ရောဂါပိုးတွေရှိမရှိ သွေးမှန်မှန် စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီလိုလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါအများစုက ရောဂါရှိနေရင်တောင် ဘာလက္ခဏာမှသိပ်မပြတတ်လို့ပါ။ ဒါ့ကြောင့် သွေးစစ်ဆေးခြင်းကပဲ သေချာသိနိုင်တဲ့ နည်းလမ်း အဖြစ်ရှိနေပါသေးတယ်။ ဒါပေမဲ့ လိင်အင်္ဂါမှာပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြလာရင် (ဥပမာ – အနာပေါက် လာတာ၊ အဖုထွက်လာတာ၊ နာကျင်လာတာ၊ အရည်ထွက်တာ) တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement